ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်၊ မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်တို့အတွင်းရှိ မြို့နယ်တို့မှ တောင်သူလယ်သမားကြီးများ စုစုပေါင်း ၅၀၀၀ ကျော် တက်ရောက်ကြ သည့် တောင်သူလယ်သမားရေးရာလူထုတွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက် နံနက် (၈) နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကန်သာယာဗိုလ်ချုပ်ကြေးရုပ်ကွင်း၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အမှာ စကားပြောကြားသည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင်များ၊ တိုင်းဒေသကြီး ပါတီကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဒေသခံတောင်သူ လယ်သမား များနှင့် ဖိတ်ကြားထား သူများ စုံညီစွာ တက်ရောက်ကြသည်။
အခမ်းအနားမစတင်မီ နံနက်ပိုင်းမှစတင်၍ မြို့နယ်အလိုက် ဒေသခံတောင်သူ လယ်သမားများသည် အခမ်းအနား ကျင်းပမည့်မဏ္ဍပ်အတွင်းသို့ စနစ်တကျ ကြိုတင် နေရာယူကြရာ ပုသိမ်မြို့ “ ပညာအလင်္ကာ ”တေးဂီတဝိုင်းမှ တေးသံရှင်များက တောင်သူလယ်သမားကြီးများနှင့် လယ်ယာမြေကိုဂုဏ်ပြုသော ကျေးလက်ဒေသ မြန်မာ့သံစဉ် တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အခမ်းအနားတွင် သဘာပတိများအဖြစ် ပုသိမ်ခရိုင်မှ ဒေါက်တာထိန်လင်း၊ ပုသိမ် မြို့နယ် အမှတ်(၄)ရပ်ကွက်မှ ဆန်စပါးလုပ်ငန်းရှင် ဦးဝင်းမြင့်လှိုင်နှင့် မအူပင်မြို့နယ် ကဝက္ကင်းကျေးရွာမှ မွေးမြူရေးလုပ်ငန်းရှင် ဦးမန်းသောင်းဝင်း တို့က ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး အခမ်းအနား သဘာပတိ ဒေါက်တာထိန်ဝင်း က အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်ပါကြောင်း၊ (၇၀) ရာခိုင်နှုန်းသော နိုင်ငံ၏ လူဦးရေသည် တောင်သူလယ်သမားများ ဖြစ်ကြကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ တောင်သူလယ်သမား အရေအတွက်သည် တိုင်းဒေသကြီးရှိလူဦးရေ၏ (၇၄)ရာခိုင်နှုန်း ရှိသောကြောင့် တောင်သူလယ်သမား တိုင်းဒေသကြီးဟုပင် ပြောရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် မိုးစပါး၊ နွေစပါး စိုက်ဧက သန်း(၂၀) ရှိသည့်အနက် ဧရာဝတီတိုင်း၌( ၄ ဒသမ ၉၀)သန်း ရှိသောကြောင့် တစ်နိုင်ငံလုံး စပါးစိုက်ဧက၏ လေးပုံ တစ်ပုံ (၂၅) ရာခိုင်နှုန်း ရှိသည်ကိုတွေ့ရမည်ဖြစ်ကြောင်း။
အခြားထူးခြားချက်မှာ တောင်သူလယ်သမားစာရင်းဝင် မွေးမြူရေးနှင့် ရေလုပ်သား များက အင်းအိုင်၊ မြစ်ချောင်း၊ ငါးမွေး၊ ငါးဖမ်းလုပ်ငန်းနှင့် ငါးမွေးမြူရေးကန် ဧက (၉၆၀၀၀)ကျော်နှင့် ဆားထုတ်လုပ်မှု ဧက(၁၄၀၀၀)ကျော်ကို မွေးမြူထုတ်လုပ် ပေးနေ ကြသော သူများကလည်း ဧရာဝတီတိုင်း၌ ထူးကဲများပြားစွာ ရှိနေကြကြောင်း၊ ဤသည်ကို ကြည့်ခြင်းအားဖြင့် စားရေရိက္ခာများ ထုတ်လုပ်ပေးနေသည့် မြန်မာနှင့် ကမ္ဘာ့လူသားများ၏ ဆန်အိုးကြီး၊ ဟင်းအိုးကြီးဟု တင်စားခေါ်ဝေါ်နေရသော ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ပုသိမ်မြို့တွင် ယခုကဲ့သို့ တောင်သူလယ်သမားများရေးရာ လူထု တွေ့ဆုံပွဲ အခမ်းအနားကို ဦးစွာပြုလုပ်ခြင်းသည် ဧရာဝတီတိုင်း၏ ထူးခြားသော ဝိသေသ များကို ပိုမိုထင်ရှား အသက်ဝင်စေခြင်း ဖြစ်ပါကြောင်း။
ယနေ့ မိမိတို့နိုင်ငံ ဆင်းရဲနေသည်ဆိုသည်မှာ တောင်သူလယ်သမားများ ဆင်းရဲ နေ၍ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ ဆင်းရဲခြင်းမှ လွတ်ကင်းအောင် မိမိတို့ပါတီက ပါဝင် ဦးဆောင် လုပ်ပေးရန်လိုပါကြောင်း၊ ဤသို့ဆိုလျှင် မိမိတို့ ပါတီဝင် တောင်သူလယ်သမားထုက ပိုမိုတက်ကြွစွာ ပါဝင် လှုပ်ရှားဆောင်ရွက်ကြရန် လိုပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်များက စတင် အဆိုပြုဦးဆောင်ပြီး ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီးလည်း ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေက တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဥပဒေ ဖြစ်ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီးဖြစ်သော်လည်း စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်ကြော်ငြာ စာများ ထွက်ရှိလာသည် အထိရောက်အောင် ဆက်လက်ဆောင်ရွက်နိုင်မှသာ တောင်သူလယ်သမားများ အကျိုးသက်ရောက်မှု ခံစားနိုင်မည်ဖြစ်၍ လိုလားချက်အောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားကြ ရမည် ဖြစ်ပါကြောင်း။
အဆိုပါ ဥပဒေကို ရည်ရွယ်ချက်ရှိရှိ၊ အနှစ်သာရ ပြည့်ပြည့်ဝဝ ပါဝင်အောင် ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်း ပြဋ္ဌာန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဥပဒေထဲတွင် တောင်သူလယ်သမားများ အတွက် ချေးငွေပမာဏ တိုးမြှင့်ပေးရန်၊ ချေးငွေပြန်ဆပ်ရန် အချိန်ကာလ တိုးမြှင့်သတ်မှတ်ပေးရန်၊ သဘာဝဘေး အန္တရာယ်ကြောင့် လယ်ယာမြေများ၊ စိုက်ပျိုးရေးသီးနှံများ ပျက်စီးဆုံးရှုံးလျှင် ထောက်ပံ့ကြေးပေးရန်၊ တောင်သူ လယ်သမား များအား နည်းပညာအကူအညီပေးရန်၊ ထွက်ရှိလာသော သီးနှံများ သင့်တင့်မျှတသော ဈေးနှုန်းများရရှိအောင် ဆောင်ရွက်ပေးရန်၊ ထို့ပြင် ချေးငွေများ ချေးယူသည့် အခါ၌ လွယ်ကူပြီး ကိုယ့်တာဝန်ကိုယ်ခံရန်၊ ကိုယ့်တာဝန် ကိုယ်ယူရန် အတွက်ဝိုင်းကြီးချုပ်စနစ်က ကင်းလွတ်စေရန် စသည့်အချက်များကို ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်ပါကြောင်း။
ခေတ်အဆက်ဆက်က တောင်သူလယ်သမားကြီးများကို စာဖြင့်လည်းကောင်း၊ စကားအရာဖြင့်လည်းကောင်း ဂုဏ်ပြုခဲ့ကြပါကြောင်း၊ “ကျေးဇူးရှင်တောင်သူလယ်သမားများ”၊ “ တောင်သူလယ်သမားဦးကြီးများ ” စသည် စသည်ဖြင့် သုံးနှုန်းခေါ်ဝေါ်ခဲ့ကြသော်လည်း လက်တွေ့တွင် တောင်သူလယ်သမားများအနေဖြင့် ဆင်းရဲ ဒုက္ခများအတွင်းမှာပင် ကျင်လည် ကြုံတွေ့ခံစားနေကြရဆဲ ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဆင်းရဲမှု လွတ်ကင်းအောင် မိမိတို့ ဝိုင်းဝန်းကြိုးစားရန် ဆောင်ရွက်သည့်အချိန်တွင် ယခုကဲ့သို့ တောင်သူလယ်သမားရေးရာ လူထု တွေ့ဆုံပွဲက ကောင်းမွန်သောရလဒ်များ၊ ဆုံးဖြတ်ချက်များ ထွက်ပေါ်လာ မည်ဟု ယုံကြည် ယူဆသည့်အတွက် ဤတောင်သူလယ်သမား ရေးရာလူထုတွေ့ဆုံပွဲ ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း။
ဤတောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် လာသည့် ဧရာဝတီတိုင်းမှ တောင်သူလယ်သမားများအနေဖြင့် ရိုးရိုးသားသားနှင့် ပွင့်ပွင့်လင်းလင်း အပြုသဘောဆောင်ပြီး တက်ကြွစွာ ဆွေးနွေးပေးရန် ဖိတ်ခေါ်ပါ ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင် က အမှာစကား ပြောကြားသည်။
ထို့နောက် အဆို(၁)ဖြစ်သည့် “ တောင်သူလယ်သမားဘဝ နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ” အဆိုကို ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ရှမ်းရွာကျေးရွာအုပ်စုမှ တောင်သူလယ်သမား ကိုယ်စားလှယ် ဦးစိန်ထွန်းရီ က ဖတ်ကြားတင်သွင်းပြီး ၎င်းအဆိုကို ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် သံပုရာကွင်းကျေးရွာမှ တောင်သူ လယ်သမားကိုယ်စားလှယ် ဦးအောင်မျိုးသန့် က ထောက်ခံဆွေးနွေးသည်။
ဆက်လက်၍ အဆို(၂)ဖြစ်သည့် “လယ်ယာမြေပြဿနာများ အဖြေရှာဆောင်ရွက်ရေး” အဆိုကို မြောင်းမြခရိုင် မြောင်းမြမြို့နယ် ညောင်ချောင်းပွေးစုကျေးရွာမှ တောင်သူ လယ်သမားကိုယ်စားလှယ် ဦးအေးနိုင် က ဖတ်ကြားတင်သွင်းပြီး မြောင်းမြခရိုင် မြောင်းမြ မြို့နယ် ဘာသာကုန်းကျေးရွာအုပ်စုမှ တောင်သူလယ်သမား ကိုယ်စားလှဘ် ဒေါ်ခင်စန္ဒာဆင် က ထောက်ခံဆွေးနွေးသည်။
ယင်းနောက် အဆို(၃)ဖြစ်သည့် “ တောင်သူလယ်သမားထုအင်အားဖြင့် တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဖွံဖြိုးတိုးတက်ရေး” အဆိုကို မအူပင်ခရိုင် မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုမှ တောင်သူလယ်သမား ကိုယ်စားလှယ် ဦးနေဝင်း က ဖတ်ကြားတင်သွင်းပြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် သုခဗလ ကျေးရွာအုပ်စုမှ တောင်သူလယ်သမား ကိုယ်စားလှယ် ဒေါ်မေစိုးဦး က ထောက်ခံ ဆွေးနွေးသည်။
ဆက်လက်၍ ခရိုင်(၆)ခရိုင်မှ တောင်သူလယ်သမားများ ကိုယ်စားပြုမေးခွန်းများကို တောင်သူလယ်သမား ကိုယ်စားလှယ်များက မေးမြန်းတင်ပြကြရာ တိုင်းဒေသကြီး စိုက်ပျိုး မွေးမြူရေးဝန်ကြီး ဦးစန်းမောင် က ပြန်လည် ရှင်းလင်း ဖြေကြားသည်။
ထို့နောက် သဘာပတိက ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ ဆုံးဖြတ်ချက် များနှင့် တောင်သူလယ်သမားရေးရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုပါတီ၊ လယ်သမား၊ အလုပ်သမားပါတီ၊ တိုင်းရင်းသားလူမျိုးစု အားလုံးပါဝင်သော တောင်သူလယ်သမားအများစု၊ အလုပ်သမားအများစု၊ အသိ ပညာရှင်၊ အတတ်ပညာရှင်များ၊ လယ်သမားအကျိုးစီးပွားအတွက်၊ အလုပ်သမား အကျိုးစီးပွားအတွက် ယနေ့ဆုံးဖြတ်ချက်များသည် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည် အထိ ပါတီက ဆက်လက်ဆောင်ရွက်ပေးရန် အစိုးရအဖွဲ့ကို သော်လည်းကောင်း၊ လွှတ်တော်များကို သော် လည်းကောင်း ညှိနှိုင်းတိုက်တွန်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အခမ်းအနားကို လယ်သမားဘဝနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး - ဒို့အရေး၊ လယ်သမား ရေးရာများ အဖြေရှာဆောင်ရွက်ရေး-ဒို့အရေး၊ လယ်သမားထု အင်အားဖြင့် တိုင်းဒေသကြီး တည်ငြိမ်အေးချမ်း စေရေး-ဒို့အရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများ-အောင်ရမည် ဟူသည့် ကြွေးကြော်သံများကို တောင်သူလယ်သမား လူထုကြီးက တစ်ခဲနက်ကြွေးကြော်ကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်း လိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယကသည် တောင်သူဦးကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ကန်သာယာကွင်းအတွင်း၌ ခင်းကျင်းပြသထားသည့် မော်တော်ယာဉ်များ၊ လယ်ယာသုံးစက် ကိရိယာများ၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေး နည်းပညာရပ်ဆိုင်ရာ ပြခန်းများကို ကြည့်ရှုအားပေး သည်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်
