စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ မော်လိုက်ခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်နှင့် ရွှေဘိုခရိုင်တို့အတွင်းရှိ မြို့နယ်များမှ တောင်သူလယ်သမားကြီးများ စုစုပေါင်း ၅၀၀၀ ကျော် တက်ရောက်ကြသည့် တောင်သူ လယ်သမားရေးရာ လူထုတွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက် နံနက် (၈)နာရီခွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုမြို့ မြင်းပြိုင်ကွင်း၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အမှာ စကားပြောကြားသည်။အခမ်းအနားတွင် သဘာပတိ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်အောင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်စား ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး က အမှာစကား ပြောကြားသည်။
ဆက်လက်၍ တောင်သူလယ်သမားကိုယ်စားလှယ်များက တောင်သူလယ်သမားထုအင်အားဖြင့် တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆို၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် ခေတ်မီစိုက်ပျိုးရေး နည်းပညာများ အသုံးချနိုင်ရေးနှင့် စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအဆိုနှင့် တည်ငြိမ်အေးချမ်းသော လူ့ဘောင်နှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အဆိုတို့ကို ဖတ်ကြား တင်သွင်းထောက်ခံဆွေးနွေးကြသည်။ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှ တောင်သူလယ်သမား ကိုယ်စားလှယ် များက မေးခွန်းများမေးမြန်းတင်ပြကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စားစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစောမြင့်ဦး က ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က သုံးသပ် ဖြည့်စွက် ပြောကြားရာတွှင် ယနေ့ ရွှေဘိုမြို့၌ ကျင်းပသည့် တောင်သူလယ်သမားရေးရာ လူထု တွေ့ဆုံပွဲတွင် အဆို(၃)ရပ် မေးခွန်းပေါင်း(၄၀)ခန့် တင်သွင်း ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုနှင့် မေးခွန်းများသည် အပြုသဘောဆောင်ပြီး ပွင့်လင်း မြင်သာစွာ တင်ပြခဲ့ပြီး လွှတ်တော်၊ ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့ကို ယုံကြည်စွာ တင်ပြခဲ့ခြင်းဖြစ်၍ ဂုဏ်ယူပါကြောင်း၊ တင်ပြ တောင်းဆိုချက်များသည် အဆိုရှင်၊ မေးခွန်းရှင်များ ပြောသကဲ့သို့ တောင်သူလယ်သမားဘဝ တိုးတက်ရေး၊ လယ်ယာကဏ္ဍမြင့်မား တိုးတက်ရေး၊ မြေယာပြဿနာများ ဖြေရှင်းရေး၊ တိုင်းဒေသကြီး အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မှန်ကန်ထိရောက်သည့် တင်ပြချက်များပင်ဖြစ်ပါကြောင်း၊ ယခု တင်ပြချက်များ အပေါ်မူတည်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွား ဖြစ်ထွန်းစေရန် လွှတ်တော်နှင့် အစိုးရအဖွဲ့၌ တာဝန် ရှိသည်ဟု ခံယူပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ယနေ့ အဆိုရှင်များ တင်ပြသွားသကဲ့သို့ လွှတ်တော်ကိုယ်စားလှယ် များကလည်းအဆိုများ တင်သွင်း ဆွေးနွေးခဲ့ပါကြောင်း၊ ယင်းအဆိုများကို ပြန်လည်သုံးသပ်ပါက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ လယ်သမားများနှင့် အလုပ်သမားများဘဝ မြင့်မားတိုးတက်ရေးအတွက် အဆိုများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့ တွေ့ဆုံပွဲမှ အဆိုများကို အကြမ်းဖျင်း သုံးသပ်ပါကလည်း တောင်သူလယ်သမားဘဝ မြင့်မားရေး၊ လယ်ယာကဏ္ဍတိုးတက်ရေး၊ မြေယာပြဿနာများ ဖြေရှင်းပေးရေး၊ တိုင်းဒေသကြီးနှင့် နိုင်ငံတော် တစ်ဝှမ်းလုံး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးပါဝင် ဆောင်ရွက်ရန် တင်ပြတိုက်တွန်းထားသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံကို ပါတီစုံ ဒီမို ကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးပြီး အေးချမ်းသာယာသော ခေတ်မီ ဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံတော် ထူထောင်နေသည့် အချိန်ကာလနှင့် အလွန်ပင် အံဝင်ခွင်ကျ ဖြစ်ပါကြောင်း။
ယနေ့ အခမ်းအနားတွင် တင်သွင်းခဲ့သည့် အဆို၊ မေးခွန်းနှင့် ပြန်လည်ဖြေကြား ချက်များသည် လွှတ်တော်၌ ဥပဒေကြမ်း ဖြစ်ပေါ်လာနိုင်သည့် အချက်များပင် ဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံပွဲမှ ပြည်သူများ၏ ဆန္ဒနှင့် မျှော်လင့်ချက်ကို ဖော်ဆောင်နိုင်ရန် ဥပဒေများပြဋ္ဌာန်းပြီး ဥပဒေများ အသက်ဝင်အောင် အစိုးရအဖွဲ့သာမက ပြည်သူလူထု အားလုံး ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ လွှတ်တော်များ၏ အခန်းကဏ္ဍ မြင့်မားလာမည်ဖြစ်ကြောင်း၊ လွှတ်တော်မရှိလျင် ဒီမို ကရေစီမရှိ၊ လွှတ်တော်ရှိလျင် ဒီမိုကရေစီရှိသည်ဟူသော စကားအရ မိမိတို့နိုင်ငံတွင် ကာလ အတန်ကြာက လွှတ်တော် မရှိ၍ ဒီမိုကရေစီမရှိဟု ပြောဆိုကြခြင်းဖြစ်ကြောင်း။
ယနေ့ လွှတ်တော်များရှိ၍ ဒီမိုကရေစီရှိပြီး ဒီမိုကရေစီကို မှန်မှန်ကန်ကန် ကျင့်သုံး နိုင်ရန်လိုကြောင်း၊ ယနေ့ တွေ့ဆုံပွဲတွင် ဒီမိုကရေစီ အခွင့်အရေးများကို မှန်မှန်ကန်ကန် အသုံးချနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုများနှင့် ထောက်ခံဆွေးနွေးချက်များ၊ မေးမြန်းဖြေကြားချက်များကို လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့တို့ အနေဖြင့် တွေ့ဆုံပွဲပြီးလျင်ပြီးရော သဘော မထားဘဲ ဆက်လက်ဆောင်ရွက်သွားမည်ဟု ကတိပြုရန် လိုကြောင်း၊ ယနေ့တင်ပြ ဆွေးနွေး ချက်များကို စုစည်းပြီး ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့က ဖြစ်နိုင်သမျှ၊ တတ်နိုင်သမျှ တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက် ပေးရန်လိုကြောင်း၊ ယနေ့ တွေ့ဆုံမှုသည် စစ်ကိုင်းတိုင်းဒေသကြီးအတွက်သာမကဘဲ တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် နိုင်ငံသားအားလုံးအတွက် အကျိုးဖြစ်ထွန်းစေ မည်ဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတကေ်သာ နိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ ဆုံးဖြတ်ချက်များ နှင့် တောင်သူလယ်သမားရေးရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ကြေညာပြီး ကြွေးကြော်သံ များဖြင့် အခမ်းအနား ရုပ်သိမ်းလိုက်သည်။အခမ်းအနားအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယကသည် တက်ရောက် လာကြသော တောင်သူလယ်သမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကွင်းအတွင်း ခင်းကျင်းပြသထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေး ပညာပေးပြခန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းပြခန်းများကို ကြည့်ရှုလေ့လာခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံ တောင်သူလယ်သမားများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ သည်။
၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်
