မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့အတွင်းရှိ မြို့နယ်များမှ တောင်သူလယ်သမားကြီးများ စုစုပေါင်း (၆၀၀၀) ကျော် တက်ရောက်ကြသည့် တောင်သူ လယ်သမားရေးရာ လူထုတွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် (၈) နာရီခွဲတွင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်ွမတ်ကြီးအနီးရှိ ကျောင်းတော်ရာကွင်း၌ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် သဘာပတိ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစောဝင်းမောင် က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်စား ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးက နှုတ်ခွန်းဆက် အမှာစကား ပြောကြား ရာတွင် မိမိတို့အားလုံးသည် တည်ငြိမ်အေးချမ်းမှုနှင့် မိမိတို့၏ လူနေမှုဘဝ မြင့်မား တိုးတက်ရေးအတွက် ရယူ ခံစားလိုသူများ ဖြစ်ကြပါကြောင်း၊ မိမိတို့၏ဆန္ဒများ ပြည့်စုံ လာစေရေးအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း ရင်း ပိုမိုတိုးတက် ကောင်းမွန်သည့် လူနေမှုဘဝများကို ပိုင်ဆိုင်ရယူနိုင်ရန် အစဉ်တစိုက် ကြိုးပမ်း နေကြသူများ ဖြစ်ပါကြောင်း၊ မိမိတို့၏ အခြေခံလိုအပ်ချက်များထဲက အဓိကကျသော အခြေခံ လိုအပ်ချက်တစ်ခုမှာ စားဝတ်နေရေးပင်ဖြစ်ပါကြောင်း၊ မိမိတို့အားလုံး၏ စားရေး၊ နေရေး၊ ဝတ်ရေးကို ပြည့်စုံအောင် ဆောင်ကျဉ်းပေးနိုင်သည်မှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းမှ စားစရာနှင့် ဝတ်စရာများကိုလည်း ထုတ်လုပ်ပေးနိုင်ပါကြောင်း၊ နေအိမ်၊ အဆောက်အအုံများလည်း ထုတ်လုပ်ပေးနိုင်ပါကြောင်း။
ယင်းသို့ ထုတ်လုပ်ပေးနိုင်အောင် စွမ်းဆောင်ပေးနိုင်သူများမှာ ယနေ့ အခမ်းအနားသို့ တက်ရောက် လာကြသည့် တောင်သူလယ်သမား ကိုယ်စားလှယ်ကြီးများ အပါအဝင် နိုင်ငံ၏ ဒေသအသီးသီးက တောင်သူလယ်သမားကြီးများ ဖြစ်ကြပါကြောင်း၊ မြန်မာနိုင်ငံ သည် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် မြေ၊ ရေ၊ ရာသီဥတုနှင့် ပြည့်စုံသော နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးသည်လည်း စိုက်ပျိုးရေးကို အခြေပြုနေရဆဲ ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများသည် အရေအတွက်အရလည်းကောင်း၊ နိုင်ငံအတွင်းပျံ့နှံ့ နေထိုင်မှုများ အရလည်းကောင်း၊ နိုင်ငံအတွက်အရေးပါသည့် စိုက်ပျိုး ထုတ်လုပ် မှုများ အရလည်းကောင်း၊ ကြီးမားကျြယ်ပန့်သည့် အခြေခံလူတန်းစားတစ်ရပ်အဖြစ် တည်ရှိ နေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများသည် ခေတ်အဆက်ဆက်၌ ကျေးဇူးရှင် တောင်သူလယ်သမားကြီးများဟု ဂုဏ်ပြုသတ်မှတ်ပြီး စိုက်ပျိုးထုတ်လုပ်မှု စွမ်းအား မြင့်မားစေပြီး လူနေမှုအဆင့်အတန်းများ တိုးတက်မြင့်မားလာစေရန် အားပေး ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ထိုက်သင့်သည့် တိုးတက်မှုများ ရှိသကဲ့သို့ ပြဿနာများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်လည်း ကြုံတွေ့နေရဆဲဖြစ်ပါကြောင်း။
တောင်သူလယ်သမားကြီးများ၏ လူမှုစီပွားရေးဘဝမြင့်မားတိုးတက်ရေးကို ရှေးရှုပြီး တွေ့ကြုံနိုင်သည့် အခက်အခဲပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်စေရန် အတွက် လယ်ယာမြေဥပဒေ၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြင့်တင်ရေးဥပဒေများ ရေးဆွဲ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကြုံတွေ့နေရဆဲဖြစ်သည့် မြေယာအငြင်းပွားမှု ပြဿနာ များကိုလည်း ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က ဦးဆောင်ပြီး ရှင်းလင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
မိမိတို့သည် တောင်သူလယ်သမားများ ရရှိပြီးဖြစ်သည့် အခြေအနေကောင်းများကို လျော့နည်း ဆုံးရှုံးခြင်းမရှိစေဘဲ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက် မြင့်မားလာစေရန် လုပ်ငန်းစဉ်များ ချမှတ်ထားပြီး တောင်သူလယ်သမားများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များမှာ -
(၁) တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီ ဆောင်ရွက်ပေးမည်။
(၂) လယ်ယာလုပ်သူ လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲနိုင်ခွင့် ရရှိရေးကို ကူညီ ဆောင်ရွက်မည်။
(၃) လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချခွင့်ရရှိစေရန် ကူညီဆောင်ရွက်မည်။
(၄) တောင်သူလယ်သမားများ မွေးမြူရေးနှင့် ရေလုပ်ငန်းလုပ်ဆောင်သူများ၏ အခွင့် အရေးကို ကာကွယ်သည့် ဥပဒေများကို ခေတ်နှင့်အညီပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်။
(၅) တောင်သူလယ်သမားများ ဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက် လယ်ယာထွက်ကုန် ပစ္စည်း များ သင့်လျော်သည့်ဈေးနှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်မည်။
(၆) လယ်ယာထွက်ကုန်ပစ္စည်းများရောင်းချရန် ဈေးကွက်ရရှိရေးနှင့် ပြည်ပပို့ကုန် ဈေးကွက် များ ချဲ့ထွင်ရေး ကြိုးပမ်းဆောင်ရွက်မည်။
(၇) လယ်ယာထွက်ကုန်ပစ္စည်းများ၏ အရည်အသွေးမြင့်မားရေးနှင့် လေလွင့် ဆုံးရှုံးမှု လျော့ပါးနိုင်သမျှ လျော့ပါးရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာများ ခေတ်မီ တိုးတက်စေရန် ကူညီ ဆောင်ရွက်မည်။
(၈) ခေတ်မီစိုက်ပျိုးရေးနည်းပညာများ လယ်ယာသုံး စက်မှုနည်းပညာများကို တောင်သူလယ်သမားများ အကုန်အကျသက်သာစွာွဖင့် အသုံးပြုနိုင်ရေး ကူညီဆောင်ရွက်မည်။
(၉) စိုက်ပျိုးရေးစရိတ်နှင့် အရင်းအနှီးများကို လုံလောက်စွာ ရရှိနိုင်ရန် ကြိုးပမ်း ဆောင်ရွက်မည်။
တို့ပင်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
တောင်သူလယ်သမားများ၏ လူမှုစီးပွားရေး မြင့်မားတိုးတက်လာစေရေးအတွက် တောင်သူ လယ်သမားရေးရာကော်မတီ အဆင့်ဆင့်ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ တောင်သူ လယ်သမားများ အကျိုးးအတွက် သယ်ပိုးဆောင်ရွက်ရာတွင် အခြေခံအားဖြင့် တူညီနိုင်သော်လည်း တွေ့ကြုံ ခံစားနေကြရသည့် အခက်အခဲ စိန်ခေါ်မှုများကို ဒေသတစ်ခုနှင့်တစ်ခု မတူညီနိုင်ကြ သည့် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ယခုကဲ့သို့ တောင်သူ လယ်သမား ကိုယ်စားလှယ် ကီးများ ကို ဖိတ်ခေါ်ပြီး တောင်သူ လယ်သမားရေးရာ လူထုဆွေးနွေးပွဲကြီးများကို ဦးဆောင် ကျင်းပပေးခြင်း ဖြစ်ပါကြောင်း။
မိမိတို့၏ ဆောင်ပုဒ်ဖြစ်သည့် “ ပြည်သူ့သဘောထား ဒို့အလေးထား၊ ပြည်သူ့ အခွင့်အရေး ဒို့ဦးစားပေး၊ ပြည်သူ့လိုအပ်ချက် ဒို့ဆောင်ရွက်” ဆိုသည့် အတိုင်း တောင်သူ လယ်သမားများ အပါ အဝင် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် အလေးထားပြီး လက်တွေ့ဆောင်ရွက် လျက်ရှိပြီး ဆက်လက်၍လည်း ပြည်သူများ၏ ထောက်ခံမှု ၊ အားပေးမှုများနှင့် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
နိဂုံးချုပ်အနေဖြင့်တင်ပြလိုသည်မှာ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲကြီး၏ အဓိက ရည်မှန်းချက်များဖြစ်သည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးတွင် တောင်သူလယ်သမားများ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ တောင်သူလယ်သမားများ၏ အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးရန်၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွား ဖော်ဆောင်ရေးအတွက် ရည်ရွယ် ချက်ချင်းတူညီသည့် အသင်းအဖွဲ့များနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်များနှင့်အညီ မကွေးတိုင်းဒေသကြီး တောင်သူ လယ်သမား ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ ဘဝ၊ ဆန္ဒ၊ ပကတိ အခြေအနေများနှင့် ထင်ဟပ်သည့် ဆွေးနွေး အဆိုပြုချက်များ၊ ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ဖော်ထုတ်ရရှိနိုင်အောင် ဆွေးနွေး သွားကြပါ၊ မိမိတို့အနေဖြင့်လည်း ဖော်ထုတ်ရရှိလာမှုများအပေါ် အလေးထားပြီး တောင်သူ လယ်သမားများ၏ လူနေမှုဘဝ မြင့်မားတိုးတက်ရေးအတွက် ကိုယ်တိုင်ပါဝင် ဆောာင်ရွက်ရုံသာမက လွှတ်တော်၊ အစိုးရအဖွဲ့၊ ရည်မှန်းချက်တူသည့် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ကတိပြုပါကြောင်း ဖြင့် ပြောကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ က ယနေ့သည် အများွပည်သူများ၏ ဆန္ဒသဘောထားနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ညင်သာစွာ ကူးပြောင်းနေသည့် အချိန် အခါ ဖြစ်ပါကြောင်း၊ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို မိမိတို့အနေဖြင့် ကောင်းမွန်သော စိတ် စေတနာဖြင့် အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက် နိုင်ရေး အားထုတ်ကြိုးပမ်းလျက် ရှိပါ ကြောင်း၊ မိမိတို့ ဒေသအတွင်း၌ တောင်သူ လယ်သမားများအနေဖြင့် တိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက် အောင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုပါကြောင်း၊ နိုင်ငံအတွင်း၌ တောင်သူ လယ်သမားများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေရန် ပြည်ထောင်စုလွှတ်တော် က တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုဥပဒေက လယ်ယာမြေ ဥပဒေနှင့်အညီ တောင်သူလယ်သမားများအတွက် အသိပညာ ပေးလုပ်ငန်းများကိုလည်း လွှတ်တော် ကိုယ်စားလှယ်များက ထဲထဲဝင်ဝင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် က ဖွဲ့စည်းပေးခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် က တွေ့ရှိချက်အတိုင်း မိမိတို့ဖွဲ့စည်းထားသည့် အဆင့်ဆင့် သော မြေယာစီမံခန့်ခွဲရေးကော်မတီများနှင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သို့သော် လိုအပ်ချက်များရှိနေဆဲဖြစ်ပြီး မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး လွှတ် တော်တို့က တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊ ယနေ့ တွေ့ဆုံပွဲ သည် နိုင်ငံတော်နှင့် တောင်သူလယ်သမားတစ်ရပ်လုံး အတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစဉ် များကို ဖော်ထုတ်ပြီး ရေတိုရေရှည် အစီအမံများ ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြား သည်။
ဆက်လက်၍ အဆို(၁)ဖြစ်သည့် “ တောင်သူလယ်သမားဘဝနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ”အဆိုကို နတ်မောက်မြို့နယ် ဆည်လည်ကျေးရွာမှ တောင်သူလယ်သမား ကိုယ်စားလှယ် ဦးမြင့်ရွှေက ဖတ်ကြားတင်သွင်းပြီး မြိုင်မြို့နယ် တွင်းမရပ်ကွက်မှ တောင်သူ လယ်သမားကိုယ်စားလှယ် ဦးစန်းယုနိုင်က ထောက်ခံဆွေးနွေးသည်။
ထို့နောက် အဆို(၂)ဖြစ်သည့် “တောင်သူလယ်သမားများ၏ လယ်သမား ရေးရာနှင့် လယ်ယာ မြေပြဿနာများ အဖြေရှာ ဆောင်ရွက် ပေးရေး”အဆိုကို ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာမှ တောင်သူ လယ်သမားကိုယ်စားလှယ် ဦးအောင်မြင့်က ဖတ်ကြား တင်သွင်းပြီး မြို့သစ်မြို့နယ် တပ်ကုန်း ကျေးရွာမှ တောင်သူလယ်သမားကိုယ်စားလှယ် ဦးတင်ဆိုင်က ထောက်ခံဆွေးနွေးသည်။
ယင်းနောက် အဆို(၃)ဖြစ်သည့် “ တောင်သူလယ်သမားထု အင်အားဖြင့် တိုင်းဒေသကြီး တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရေး ” အဆိုကို ဆင်ပေါင်ဝဲ မြို့နယ် ချောင်းကောက်ကျေးရွာမှ တောင်သူ လယ်သမားကိုယ်စားလှယ် ဦးမြင့်ငွေက ဖတ်ကြား တင်သွင်းပြီး မင်းဘူး(စကု)မြို့နယ် ကျီးပင်ကန်ကျေးရွာမှ တောင်သူလယ်သမားကိုယ်စားလှယ် ဒေါ်မာမာအေးက ထောက်ခံ ဆွေးနွေးသည်။
ထို့နောက် မကွေးခရိုင် တောင်သူလယ်သမားကိုယ်စားလှယ် မကွေးမြို့နယ် ကမ်းရင်ကျေးရွာမှ ဦးသိန်းထွန်း၊ မင်းဘူးခရိုင် တောင်သူလယ်သမားကိုယ်စားလှယ် ငဖဲမြို့နယ် ကံသာကျေးရွာမှ ဦးစိုးနိုင်၊ သရက်ခရိုင် တောင်သူလယ်သမားကိုယ်စားလှယ် အောင်လံမြို့နယ် တန်ဘိုးကျေးရွာမှ ဦးသက်ချို၊ ပခုက္ကူခရိုင် တောင်သူလယ်သမား ကိုယ်စားလှယ် ပခုက္ကူမြို့နယ် မြစ်ဖျားကျေးရွာမှ ဦးဇော်မင်းထိုက်နှင့် ဂန့်ဂေါခရိုင် တောင်သူလယ်သမားကိုယ်စားလှယ် ထီးလင်းမြို့နယ် အိုင်းမ ကျေးရွာမှ ဦးဝင်းအောင် တို့က မေးခွန်းများ မေးမြန်းတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်က ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က သုံးသပ်ဖြည့်စွက် ပြောကြားရာတွှင် ယနေ့အခမ်းအနား၌ သဘာပတိ၊ ကော်မတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က မကွေးတိုင်းဒေသကြီး အတွင်း ဆောင်ရွက်နေသည့် လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များနှင့် တောင်သူလယ်သမားဘဝ မြင့်မားတိုးတက်ရေး ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ကတိပေးသွားကြသည်ကို ကြားသိရပြီး ဖြစ်ကြောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ တောင်သူလယ်သမားကိုယ်စားလှယ်များကလည်း အဆို(၃)ရပ် တင်ပြ ဆွေးနွေး ထောက်ခံခြင်းနှင့် မေးခွန်းများ မေးမြန်းခြင်း ပြုလုပ်ခဲ့ကြပြီး တိုင်း ဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးကလည်း ပြန်လည် ရှင်လင်းဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း။
ယနေ့ အဓိက တင်ပြဆွေးနွေးသွားမှုများသည် တောင်သူလယ်သမားများ ဆင်းရဲမှု ခက်ခဲ ကြုံတွေ့ နေရဆဲ ဖြစ်ကြောင်းနှင့် စိန်ခေါ်မှုများ ကြုံတွေ့နေရဆဲဖြစ်ကြောင်းကို သုံးသပ် တွေ့ရှိရ မည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ တောင်သူလယ်သမားဘဝ မြင့်မားတိုးတက်ရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်ပေးရန် တောင်သူ လယ်သမားများ ကြုံတွေ့နေရသည့် လယ်ယာ မြေပြဿနာများ ဖြေရှင်းပေးရန် တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးမှုရှိမှသာ တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် မည်ဖြစ်၍ တောင်သူလယ်သမားများ အပါအဝင် ပြည်သူများအားလုံး ပါဝင် ဆောင်ရွက်ရန်ဆိုသည့် အဓိပ္ပာယ်သက်ရောက်သော အဆိုနှင့် မေးခွန်းများဖြစ်ကြောင်း၊ အဆိုပါ အချက်များသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေး တိုက်တွန်းခြင်း ဖြစ်သည်ဟု ခံယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံကို ဆင်းရဲ သည့် နိုင်ငံဟု သတ်မှတ်ထားရှိပါကြောင်း၊ နိုင်ငံအတွင်း၌ မှီတင်းနေထိုင်ကြသူ အားလုံး၏ (၇၀)ရာခိုင်နှုန်းသည် တောင်သူလယ်သမားများ ဖြစ်ကြပါကြောင်း၊ တောင်သူ လယ် သမား များဆင်းရဲနေ၍ ဆင်းရဲသည့်နိုင်ငံ ဖြစ်နေသည်ဟု ပြောရမည် ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ပြီး ချမ်းသာကြွယ်ဝဖို့ဆိုရင် တောင်သူလယ်သမားများ လူမှုစီးပွားဘဝ မြင့်မား ရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်းမှတစ်ပါး အခြားမရှိပါကြောင်း၊ တောင်သူ လယ်သမား များ၏ဘဝကို မြင့်မားအောင် ဦးစွာဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယင်းသို့ မဆောင်ရွက်ပေးနိုင်လျင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် အဖြစ်သို့ တက်လှမ်းနိုင်မည် မဟုတ်ကြောင်း။
ယနေ့ တင်ပြဆွေးနွေးခဲ့ကြသည့် တောင်သူလယ်သမားများ လူမှုစီးပွားဘဝ မြင့်မားရေး၊ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာပြဿနာဖြေရှင်းပေးရေး အဆိုများ သည် မှန်ကန်ကောင်းမွန်သည့် အဆိုများဖြစ်ကြောင်း၊ လက်ရှိ လွှတ်တော်များနှင့် အစိုးရ အဖွဲ့များကသာလျင် မြေယာ ပြဿနာ များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု တင်ပြ တိုက်တွန်းမှုများသည် မှန်ကန်မှုရှိသည့်အတွက် အစိုးရအဖွဲ့နှင့် လွှတ်တော်က ကြိုဆို ပါကြောင်း၊ ထိုနည်းတူ အောင်မြင်အောင် ဆောင်ရွက် ပေးရမည်ဟု ခံယူပြီး အောင်မြင် အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုပါကြောင်း။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် အစိုးရအဖွဲ့နှင့် လွှတ်တော် များသည် (၄)နှစ်ကာလ ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် (၄)နှစ် အတွင်း နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးများကို လွှတ်တော် အသီးသီးနှင့် အတူ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ရှင်းလင်း တင်ပြသွား သကဲ့သို့ အစိုးရသစ်လက်ထက်တွင် စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ပေးခဲ့ကြောင်း၊ သို့ရာတွင် ချေးငွေတိုးမြှင့်ပေးရုံနှင့် တောင်သူလယ်သမားများ၏ဘဝ ဖွံ့ဖြိုး တိုးတက်ရေး မလုံလောက်သေးဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြီး ယနေ့ တင်ပြချက်များကို ထင်ဟပ်သည့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဥပဒေကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ၌ အတည်ပြု ပြဋ္ဌာန်း နိုင်ခဲ့ပါကြောင်း၊ ယင်း ဥပဒေ အကျိုးသက်ရောက်မှုရှိပါက ယနေ့ တင်ပြမှုများကို ရာခိုင်နှုန်းပြည့်မဟုတ်သည့်တိုင် (၉၀) ရာခိုင်နှုန်းခန့် ဖြေရှင်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေ၏ ရည်ရွယ်ချက် များအရ စိုက်ပျိုးစရိတ်ချေးငွေ ပိုမိုရရှိရေး နှင့် ချေးငွေပြန်ဆပ်ကာလ တိုးမြှင့်ပေးရေး၊ သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံများ ဆုံးရှုံးမှု ဖြစ်ပေါ်ပါက ထောက်ပံ့ငွေပေးရေး၊ စိုက်ပျိုးရေး ၊ မွေးမြူရေး နည်းပညာများ ဖြန့်ဖြူးပေးရေး ထွက်ရှိသည့် သီးနှံများဈေးနှုန်း တည်ငြိမ်ရေးနှင့် ထိုက်သင့်သည့် ဈေးနှုန်း သတ်မှတ်ပြီး အကျိုးစီးပွား ဖြစ်ထွန်းစေရေး၊ ဝိုင်းကြီးချုပ် ငွေချေးသည့်စနစ်မှ ကိုယ့်တာဝန် ကိုယ်ယူသည့် ငွေချေးစနစ်ဖြစ်ရေး ထည့်သွင်း ပြဋ္ဌာန်းထားပါကြောင်း။
ယင်းဥပဒေပါ ခံစားခွင့်များကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည်နှင့် အကျိုးသက်ရောက်မှု ရှိအောင် ဆောင်ရွက်ပေးပါဆိုသည့် တင်ပြဆွေးနွေးသွားမှုများသည် မှန်ကန်သင့်လျော်သည့်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် လွှတ်တော်များက ပါဝင် ဆောင်ရွက်ပေးမည်ဟု ကတိပြု ပြောကြားလို ပါကြောင်း၊ ယခင်အစိုးရ လက်ထက်က လယ်ယာမြေများ သိမ်းဆည်းပြီး နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ခဲ့ခြင်းများ ရှိပါ ကြောင်း၊ ဆောင်ရွက်ချက် မှန်ကန်သည်ဟုဆိုနိုင်သော်လည်း လက်တွေ့ တွင် ပါဝင်သည့် ပုဂ္ဂိုလ်များ၏ လွဲမှားမှု၊ အားနည်းမှုများ ရှိနိုင်ပါကြောင်း၊ မြေကြီး၊ မြေပုံ ကွဲလွဲ၍ ပြဿနာ များရှိခဲ့သည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးသည့်ကာလတွင် တောင်သူလယ်သမားများနှင့် မြေအသုံးချသူ များက လွတ်လပ်ပွင့်လင်းစွာ တင်ပြလာကြ၍ ပြဿနာရှိသည်မှာ ပေါ်လွင်ထင်ရှားခဲ့ခြင်း ဖြစ်ကြောင်း။
ပြည်ထောင်စုလွှတ်တော်၏ တိုက်တွန်းဆောင်ရွက်ချက်အရ ပြည်ထောင်စုအစိုးရ အဖွဲ့ ကလည်း ဗဟို မြေယာစီမံခန့်ခွဲရေးအဖွဲ့ကို ဒုတိယသမ္မတဦးစီး၍ ဖွဲ့စည်း ဆောင်ရွက်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ တင်ပြချက်အရ မကွေးတိုင်းဒေသကြီးအတွင်း၌လည်း မြေယာအမှုများ ကျန်ရှိနေသေး သည်ဟု သိရှိရ ပါကြောင်း၊ ကျန်ရှိသည့် အမှုများကို အမြန်ဆုံး အချိန်ကာလ သတ်မှတ်ပြီး ဖြေရှင်း ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်တွန်းလိုပါကြောင်း၊ မြေယာကိစ္စများ စီမံဆောင်ရွက် ရာ၌ တိုင်းဒေသကြီးလွှတ်တော်အပိုင်းကလည်း ဥပဒေများ ပြဋ္ဌာန်ျးပေးရန် တိုက်တွန်းလို ပါကြောင်း၊ မြေယာပြဿနာဖြေရှင်းရာတွင် ဥပဒေကြောင်းအရ အခက်အခဲရှိပါက မြေယာစီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့်ကလည်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် လိုပါကြောင်း။
ယနေ့ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည့် တောင်သူလယ်သမား များနှင့် ပြည်သူ လူထုအပေါင်းကို ကျေးဇူးတင် ဂုဏ်ပြုပါသည်ဟု ပြောကြားလိုကြောင်း၊ အခမ်းအနား ပြီးလျင် ပြီးရော မဟုတ်ဘဲ ရှေ့လုပ်ငန်းစဉ်များ ချမှန်ရန် လိုကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အပါအဝင် ပြည်သူအားလုံး ပါဝင် ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့ လွှတ်တော်အနေဖြင့် ဥပဒေပြုရေးတာဝန်များကို အဓိက ထမ်းဆောင်လျက်ရှိပြီး မဏ္ဍိုင် (၃)ရပ် အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်ထောင်စု လွှတ်တော်၏ အဓိကတာဝန်မှာ နိုင်ငံ၏ရငွေ၊ သုံးငွေဆိုင်ရာများကို ကြီးကြပ် ဆောင် ရွက် ရခြင်းဖြစ်ကြောင်း၊ လွှတ်တော်များအတွင်း၌ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်း ဆွေးနွေးခြင်း၊ ဥပဒေကြမ်းများ ရေးဆွဲပြဋ္ဌာန်းခြင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ တင်ပြ ဆွေးနွေးချက်များသည် အလွန်ပင် အနှစ်သာရရှိပြီး တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အတွက၏် သာမက နိုင်ငံတော်အတွက် အရေးကြီးသည့် ဆောင်ရွက်ချက်များ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်း တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အဆိုသည်လည်း ပြည်ထောင်စု လွှတ်တော်အတွင်း ဆောင်ရွက်နေသည့် ကိစ္စဖြစ်၍ ကြိုဆိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့၌ ကျင်းပသည့် တွေ့ဆုံပွဲသည် ရည်ရွယ်ချက်ရှိရှိ စေတနာပါပါ ကျင်းပသည့် အခမ်းအနားဖြစ်ပြီး အဆိုများ၊ မေးခွန်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ တောင်သူ လယ်သမားများဘဝ မြင့်မားရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ယနေ့ ဆွေးနွေးပွဲကြီးက ဖော်ဆောင်ပေးနိုင်မည်ဟု မျှော်လင့် ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ ဆုံးဖြတ်ချက် များနှင့် တောင်သူလယ်သမားရေးရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ကြေညာပြီး ကြွေးကြော်သံများွဖင့် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယကသည် တက်ရောက် လာကြသော တောင်သူလယ်သမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံတောင်သူ လယ်သမားများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြသည်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်
