ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး၊ အဖွဲ့ဝင်များနှင့်အတူ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ညပိုင်းတွင် ပုသိမ်မြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်များမှ ပဓာနနာယက ဆရာတော် ကြီးများအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက သည် ပုသိမ်မြို့ရှိ တိုက်ကြီး ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ပဓာနနာယကဆရာတော်အဂ္ဂမဟာဂန္ထဝါစက ဘဒ္ဒန္တ ဉာဏိန္ဒ အား ဖူးမြောက်ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကသည် ပုသိမ်မြို့ရှိ သမိုင်းဝင် ရှင်ပင်ဘုန်းပွင့်ဘုရား ပရိဝုဏ် အတွင်းရှိ မြောင်းမြပရိယတ္တိစာသင်တိုက်သို့ရောက်ရှိပြီး ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဏိတ ဘဒ္ဒန္တဝဏ္ဏိတာ ဘိဝံသ အား ဖူးမြော်ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေး ဆိုင်ရာများကို လျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အလားတူ ပြည်ထောင်စုလွှတ်တေ်နာယကသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ မောင်းထောင် ကျောင်းတိုက်သို့ရောက်ရှိပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(ရွှေကျင်)ကြောင်းတိုက် ပဓာနနာယက ဆရာတော် ဂန္ထဝါစကပဏ္ဏိတ ဘဒ္ဒပညာဓိက အား ဖူးမြော်ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေးဆိုင်ရာ များကို လျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကသည် ပုသိမ်မြို့ မြို့ပြစည်ပင် ဖွံ့ဖြိုး တိုးတက်မှု အခြေအနေ များကို မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုသည်။ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကသည် ပုသိမ်မြို့ စက်မှုဇုန်ရှိ Dong Long Pathein Grament Co.,Ltd ၏ အထည်ချုပ်စက်ရုံသို့ရောက်ရှိပြီး စက်ရုံအတွင်း အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
အဆိုပါ အထည်ချုပ်စက်ရုံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၁ ရက် နေ့တွင် ဖွင့်လှစ်ခဲ့ပြီး လုပ်သားအင်အား(၁၂၀၀)ကျော်ဖြင့် သိုးမွေးထည်များကို အဓိကထား ထုတ်လုပ် လျက်ရှိကာ ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရှိ ရသည်။ပုသိမ်စက်မှုဇုန်တွင် လက်ရှိ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် အထည်ချုပ် စက်ရုံ(၃)ရုံ၌ လုပ်သားအင်အား (၅၀၀၀)ကျော်ဖြင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက် လျက်ရှိသည်။ ဆက်လက်၍ အထည်ချုပ်၊ အိမ်သုံး ပစ္စည်းနှင့် ဆက်သွယ်ရေး ပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံများလည်ပတ်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဆက်သွယ်ကမ်းလှမ်းမှုများလည်း ရှိကြောင်း သိရှိရသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်
