ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် ကမ္ဘာ့ဘဏ် တို့၏ နှစ်စဉ်ရသုံးမှန်းခြေ ရေးဆွဲဆောင်ရွက်ခြင်းအပေါ် စိစစ်သုံးသပ်ရမည့် လုပ်ငန်းများ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီခွဲတွင် လွှတ်တော်ရုံး ရုံးအမှတ်(၂၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က အဖွင့်အမှာစကားပြောကြားရာတွင် ရသုံးမှန်းခြေရေးဆွဲဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေး၊ ဘဏ်နှင့်ငွေရေးကြေးရေးဆိုင်ရာ ဆွေးနွေးဆောင်ရွက်မှုများသည် လွှတ်တော် လုပ်ငန်းများ အတွက်သာမက နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသော ကိစ္စရပ်များ ဖြစ်၍ ယခုလို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်နိုင်ခြင်းအတွက် ကျေးဇူးအထူးတင်ရှိ ပါကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ နှောင်းပိုင်းကာလများတွင်လည်း လွှတ်တော်အတွက် သာမက နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး တိုက်တွန်းလိုပါ ကြောင်းဖြင့် ပြောကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက ဒုတိယနာယက၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသူရိန်ဇော်၊ ဦးသိန်းဝင်း၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး နှင့်ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ကမ္ဘာ့ဘဏ်မှပညာရှင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်
