ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် နော်ဝေနိုင်ငံ၊ ပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရား ဆွန်ရာ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ (၃)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရီဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက
အဆွေတော်ဘုရင်မင်းမြတ်နှင့် မိဖုရား ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲစွာကြိုဆိုပါကြောင်း။ အဆွေတော်ဘုရင်မင်းမြတ်နှင့် မိဖုရား ယခုလို ချစ်ကြည်ရေး ခရီးလာရောက်ခြင်းမှာ မြန်မာ-နော်ဝေ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ချစ်ကြည်ရင်းနှီးသည့် ကောင်းမွန်သော ပြယုဂ်တစ်ခုဖြစ်ပါကြောင်း။ အဆွေတော်၏ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု များကို လာရောက်အားပေးသည်ဟု ယုံကြည်ပါ ကြောင်း။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များ တွင် ဆက်လက် ထောက်ခံအားပေးသွားမည်ဟု မျှော်လင့်ပါကြောင်း။ မိမိတို့ လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးတို့အတွက် ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ မိမိ နော်ဝေနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့စဉ်က အဆွေတော် ဘုရင်မင်းမြတ်နှင့် နော်ဝေနိုင်ငံပြည်သူများအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များတွင် သက်ဝင်ယုံကြည်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိခဲ့ရ ပါကြောင်း။ ထူးခြားချက်အနေဖြင့် မေလ ၁၇ ရက်နေ့တွင် ကျရောက်သော နော်ဝေနိုင်ငံ အမျိုးသားနေ့ (Constitution Day) တွင် ကလေးသူငယ်များအား ဦးစားပေး၍ ပျော်ရွှင်စွာ ဆို တီး က ခုန် လျက် ဘုရင့်နန်းတော်သို့ ချီတက်စဉ် မိဘများနှင့် အခမ်းအနားတက်ရောက်လာသူ ပရိတ်သတ် များက ဝိုင်းဝန်းအားပေးနေကြသည့်မြင်ကွင်းမှာ မိမိရင်ထဲတွင် မမေ့နိုင်သောကိစ္စဖြစ်သကဲ့သို့ လေးစား အတုယူစရာလည်း ကောင်းပါကြောင်း။ အဆွေတော်ဘုရင်မင်းမြတ်နှင့် မိဖုရား ကျန်းမာချမ်းသာပြီး နော်ဝေနိုင်ငံပြည်သူများ သာယာဝပြောစေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နော်ဝေနိုင်ငံ ဘုရင်မင်းမြတ် က
မိမိ မြန်မာနိုင်ငံသို့ ရောက်ရှိသည့်အခါ မြန်မာနိုင်ငံ၏ သာယာလှပမှုများစွာကို တွေ့ရှိခံစားရ ပါကြောင်း။ ခမ်းနားထည်ဝါသော လွှတ်တော်ကြီးသို့ ရောက်ရှိချိန်တွင် ယခုလို လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ ကြိုဆိုသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း။ မိမိ၏ခရီးစဉ်သည် နော်ဝေ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်စေရေးအတွက် ရည်ရွယ်ပါ ကြောင်း။ ယခုအချိန်ခါတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဟူသော ကြီးလေး သော တာဝန်ကြီးကို ထမ်းဆောင်နေရချိန် ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စရပ်များတွင် နော်ဝေနိုင်ငံအနေဖြင့် ဆက်လက် အားပေး ကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် အလျင်အမြန် ဆောင်ရွက်သင့်သည်များ ရှိသကဲ့သို့ စိတ်ရှည်သဘောထားကြီးစွာဖြင့် ဆောင်ရွက်သင့် သည်များလည်း ရှိပါကြောင်း။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ပေါင်းစုံရှိပြီး ပါတီများ များပြားသဖြင့် ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ရေး သည်လည်း ကြီးလေးသော တာဝန်တစ်ရပ်ဖြစ်ပါကြောင်း။ မိမိ၏ခရီးစဉ်မှသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ကောင်းမွန် လာလိမ့်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက နှင့်အတူ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး၊ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသော ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ဦးမောင်ဦး၊ ဦးစိုးနိုင်၊ ကော်မတီ အတွင်းရေးမှူး ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော် ကော်မတီအဖွဲ့ဝင် ဦးခင်မောင်ဌေး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်ထွန်း၊ ဒေါ်အေးအေးမူ၊ နော်ဝေ နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စွာမင်း၊ ပြည်ထောင်စု လွှတ်တော်ရုံး နှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် နော်ဝေနိုင်ငံ ဘုရင်နှင့် မိဖုရား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Ann Ollestad လည်း တက်ရောက်သည်။
နော်ဝေနိုင်ငံ ဘုရင်နှင့် မိဖုရား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံး ဝန်ထမ်းများက လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်ရှေ့တွင် "မြန်မာ-နော်ဝေ နှစ်နိုင်ငံ ချစ်ကြည်ရေး ခိုင်မြဲပါစေကြောင်းနှင့် နော်ဝေ ဘုရင်နှင့်မိဖုရား ကျန်းမာပါစေကြောင်း" ဆုမွန်ကောင်း တောင်း၍ နှစ်နိုင်ငံ အလံငယ်များကို ဝှေ့ယမ်းကာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
၂၀၁၄ခုနှစ် ဒီဇင်ဘာ ၂ ရက်
