နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

 (၈)ကြိမ်မြောက် အာရှ-ဥရောပ ပါလီမန်ဆိုင်ရာမိတ်ဖက်အစည်းအဝေးတက်ရောက်ရန် အီတလီနိုင်ငံ ရောမမြို့ သို့ရောက်ရှိနေသော ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အောက်တိုဘာ ၆ ရက် ညနေ ၃ နာရီခွဲတွင် အီတလီနိုင်ငံ ရောမမြို့ လွှတ်တော်အဆောက်အအုံ၌ အီတလီနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ H.E.Mr.Pietro GRASSO နှင့် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်၊ ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် ဒေါက်တာဝင်းမြင့်၊ အီတလီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမြင့်နောင်၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အီတလီနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကို ကြိုဆိုထောက်ခံပါကြောင်းပြောကြားပြီး အီတလီ- မြန်မာ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း၊ အစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍

ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အီတလီနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Standard (Image)