(၃၅)ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ တက်ရောက်ရန်အတွက် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ၁၇ ရက် နံနက်ဒေသစံတော်ချိန် ၉နာရီ၁၅မီနစ်တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ မြန်မာသံရုံးနှင့်စစ်သံရုံးတို့မှ မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မိသားစုများ အား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သည့် မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် မွန်းလွဲ ၁နာရီ ၄၀ မိနစ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့ Watty International Airport မှပြန်လည်ထွက်ခွာရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် တာဝန်ရှိသူများမှ ပို့ဆောင်နှုတ်ဆက်ကြသည်။
