(၃၅)ကြိမ်မြောက် အာဆီယံပါလီမန်များဆိုင်ရာ အထွေထွေညီလာခံသို့ တက်ရောက်ရန် အတွက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စက်တင်ဘာလ ၁၅ ရက်နေ့ ၁၅၀၀ နာရီအချိန်တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ H.E. Mr. Choummaly SAYASONE နှင့် သမ္မတအိမ်တော်၌ လည်းကောင်း၊ ၁၄၀၀ နာရီအချိန်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Thongsing Thammavong နှင့် အစိုးရအဖွဲ့ရုံး၌လည်းကောင်း၊ ၁၀၃၀ နာရီ ချိန်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ASEAN INTER-PARLIAMENTARY ASSEMBLY(AIPA) ဥက္ကဋ္ဌဖြစ်သူ H.E. Mme Pany YATHOTOU နှင့် လွှတ်တော်အဆောက်အအုံ၌လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယက က မြန်မာနိုင်ငံနှင့် လာအို နိုင်ငံတို့သည် မိတ်ဆွေကောင်းများဖြစ်ကြပြီး တစ်ဦးက လိုအပ်လာချိန်တွင် တစ်ဦးက အမြဲ ကူညီခဲ့ကြပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသလို CLMB အဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်ကြပါကြောင်း။ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူ အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရေး အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။ လာအို - မြန်မာ နှစ်နိုင်ငံသည် ရေမြေရာသီဥတု တူညီပြီး ယဉ်ကျေးမှုလည်း တူညီကြပါကြောင်း။ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲများသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသော ဦးလှမြင့်ဦး၊ ဒေါက်တာ စိုးရင်၊ ဦးဝင်းသန်း၊ ဦးညွန့်လှိုင်၊ ဦးဇော်မြင့်ဖေ၊ ဦးညွန့်တင်၊ ဦးခင်မောင်ရီ နှင့် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်စိုးဝင်းတို့ တက်ရောက်ကြသည်။
