ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်အမျိုးသားပြည်သူ့ ကွန်ဂရက်(NPC)၏ အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ H.E. Mme Yan Junqi ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးသိန်းဆွေ၊ သူရဦးအောင်ကို၊ ဦးလှမြင့်ဦး၊ ဦးဇော်မြင့်ဖေ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် အတူမြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။
