ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၄ ခု၊ ဧပြီလ ၁ရက် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာ သီရိ မြို့နယ်ရှိမြို့နယ်စီမံ ခန့်ခွဲရေးကော်မတီ၊ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီနှင့်ရပ်ကွက် /ကျေးရွာအုပ် ချုပ်ရေးမှူးများအား တွေ့ဆုံပြီး မြေအသုံးချမှု စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဇေယျာသီရိမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး ၊ နေပြည်တော်ကောင်စီဝင် ဒေါက်တာပိုင်စိုး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်းက မြို့နယ်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ် မြေစာရင်းဦးစီးဌာနမှူး ဦးညွန့်ထွေးက မြေယာ နစ်နာကြေးပေးရန် တင်ပြချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင်က ဇေယျာသီရိ မြို့နယ်အတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် နစ်နာမှုမရှိစေရေး အတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယနေ့သည် လွှတ်တော်အစည်းအဝေး များ ပြီးဆုံးချိန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၏ ပထမဆုံးနေ့ ဖြစ်ပါကြောင်း၊ ဇေယျာသီရိမြို့နယ်အတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းမှ ကာကွယ်ပေးရန်နှင့် သိမ်းဆည်းခံရမှုများကြောင့် နစ်နာမှုမရှိစေရေးအတွက် ညှိနှိုင်းဆောင် ရွက်ပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရန် လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်း။
ပြည်ထောင်စုလွှတ်တော်၏ တိုက်တွန်းအဆိုပြုမှုအပေါ် နိုင်ငံတော်သမ္မတက လယ်ယာမြေနှင့် အခြားမြေများ မတရားသိမ်းဆည်းမှုများ မဖြစ်ပေါ်စေရေးအတွက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းအား တာဝန်ပေးအပ်ပြီး မြေယာ အသုံးချရေး စီမံခန့်ခွဲရေးကိစ္စများကို တာဝန်ခံ ကြီးကြပ်ဆောင်ရွက်စေခဲ့ရာ ယခုအခါ ထိုကိစ္စရပ်များ ကို ဖြေရှင်းဆောင်ရွက်ရန် သက်ဆိုင်ရာ မြို့နယ် အသီးသီး၌လည်း ရုံးများဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာနယ်မြေအလိုက် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းခဲ့ပါကြောင်း၊ မိမိသည် ဇေယျာသီရိမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဤမြို့နယ်တွင် ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်သလို တစ်နိုင်ငံလုံး အတိုင်း အတာအရ ပါဝင်ဆောင်ရွက်ရန် တာဝန်ရှိသည်ဟုလည်း ခံယူ၍ ယခုလို ဇေယျာသီရိမြို့နယ်တွင် စတင်ဆောင် ရွက်ခြင်း ဖြစ်ပါကြောင်း။
ဤမြို့နယ်အတွင်း တိုင်ကြားတင်ပြလာသော တိုင်ကြားစာများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော စီမံခန့်ခွဲရေးကော် မတီသည် မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၊ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော်မတီနှင့် လိုအပ်ပါက ဒေသခံပြည်သူများ၏ တင်ပြချက်များကိုပါ ရယူ၍ မှန်ကန်မျှတ စွာ ဖြေရှင်းဆောင်ရွက်ပေးရမှာဖြစ်သလို အခြားဌာနအဖွဲ့ အစည်းများမှ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန် ကိစ္စရပ်များရှိ လာပါက သက်ဆိုင်ရာသို့ တင်ပြ၍ ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စား လှယ်များကလည်း သမ္မတကြီး၏ တိုက်တွန်းချက်နှင့်အညီ ပါဝင်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မိမိတို့အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတကြီးက သန့်ရှင်းသောအစိုးရ ကောင်းမွန်သော အုပ် ချုပ်ရေး ဖြစ်ပေါ်စေရေး လုပ်ငန်းဆောင်တာများကို Top Down အထက်မှအောက်သို့ အစား Bottom Up အောက်မှအထက်သို့ ဆောင်ရွက်ကြရန် မိန့်ကြားထားပြီး ဖြစ်ပါကြောင်း၊ အချို့က ဝေဖန်ပြောဆိုရာတွင် အထက်မှ အပြောင်းအလဲများ ပြုလုပ်နေကြသော်လည်း အောက်ခြေပိုင်း ဝန်ထမ်းများ ပါဝင်မှုမရှိသေးခြင်းကြောင့် အခက်အခဲများ ရှိနေကြောင်း ပြောဆိုမှုများကို မိမိအနေဖြင့် အပြောမခံစေလိုပါကြောင်း၊ မိမိတို့ပြည်သူ့ဝန် ထမ်းများသည် တာဝန်ကျရာဒေသတွင် ကိုယ့်ဇာတိ၊ ကိုယ့်ရပ်ရွာလိုသဘောထားကာ စေတနာ ထားဆောင် ရွက်ပေးကြလိုကြောင်း၊ လိုအပ်သည်များရှိကလည်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
လယ်ယာမြေနှင့် အခြားမြေများ မတရား သိမ်းဆည်းမှု မခံရရေးနှင့် မြေယာစီမံခန့်ခွဲရေး ကိစ္စရပ်များဆောင် ရွက်ရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်နိုင်ရန်၊ လုပ်ဆောင်တတ်ရန် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှ သက်ဆိုင်သည့် ကဏ္ဍအလိုက် တာဝန်ရှိသူများကိုပါ ဤအစည်းအဝေးသို့ ခေါ်လာခဲ့ပါကြောင်း။
ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပြီးခဲ့သော လွှတ်တော်အစည်းအဝေး၏ အတွေ့အကြုံများကို ယခု တက်ရောက်လာသော ပုဂ္ဂိုလ်များမှတစ်ဆင့် မဲဆန္ဒရှင်ပြည်သူများအား ရှင်းလင်း တင်ပြလိုပါကြောင်း။
ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး၌ အမျိုးသားစီမံကိန်း ဥပဒေ ကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေ ကြမ်းများ ကို အောင်မြင်စွာ အတည်ပြုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုအစိုးရက တင်ပြသည့် ဘတ်ဂျက် ကို ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်ခြင်း မပြုလိုပါကြောင်း၊ မပြုခဲ့ပါကြောင်း၊ သို့သော် တင်ပြလာသည့် စီမံကိန်းများသည် ပြည်သူများအတွက် အကျိုးမရှိပါက ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း ၊ ဖြတ်တောက်ခြင်း များကို ပြည်ထောင်စုလွှတ်တော်က လုပ်ဆောင်ခွင့်ရှိပါကြောင်း၊ ယင်းသို့ ငြင်းပယ် ဆိုင်းငံ့ ဖြတ်တောက်လိုက်၍ ပိုထွက်လာသည့် ငွေများကို ပြည်သူများ အကျိုးရှိမည့် စီမံကိန်းများ၌ ထည့်သွင်းရေး ဆွဲရန် ညှိနှိုင်းခဲ့ရာ အစိုးရအဖွဲ့ကလည်း လွှတ်တော်၏ ညှိနှိုင်းအတည်ပြုချက်အတိုင်း စီမံကိန်းများကို ပြင်ဆင်ရေး ဆွဲခဲ့၍ နိုင် ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးများစွာ ရှိခဲ့ပါကြောင်း။
ယခုနှစ်တွင် ယခင်နှစ်များက တစ်ကြိမ်မျှ မပြဋ္ဌာန်းဖူးသည့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း ကို ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ ပြည့်စုံကောင်းမွန်မှု ရှိသည်ဟု မဆိုနိုင်သော်လည်း နောင်နှစ်များတွင် ယခုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်သို့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းပင် ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စေတနာရှိလျှင် ရှိသလောက် အပင်ပန်းခံ ဆောင်ရွက်ကြရ ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မ ရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်အကြံပြု ဆွေးနွေးကြသည်။
တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးရွှေမန်းသည် အစည်းအဝေးမတိုင်မီ မြို့နယ်မြေ ယာ စီမံခန့်ခွဲရေး ရုံးသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ အဆိုပါကော်မတီသို့ တင်ပြတိုင်ကြားစာ (၆၄) ခုရှိပြီး ထိုတိုင်ကြားစာများအား စိစစ်ပြီး အမြန်ပြီးပြတ်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
၂၀၁၄ ခု၊ ဧပြီ ၂ ရက်
