(၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၁၄ ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့ တက်ရောက်အားပေးချီးမြှင့်သည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယကထံမှ ပေးပို့သည့် (၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့သဝဏ်လွှာကို အမျိုးသားလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးထက်က ဖတ်ကြားတင်ပြသည်။ ထို့နောက် မိုးလေ၀ သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်တီယမ်းက ချင်း အမျိုးသားနေ့ ဖြစ်ပေါ် လာပုံ သမိုင်းအကျဉ်းကို ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့က နှုတ်ခွန်းဆက်အမှာ စကားပြောကြားကြသည်။ ယင်းနောက် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် တရားစီရင်ရေး တိုင်ကြားစာနှင့် အသနားခံစာများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက (၂၇)ကြိမ် မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် မြားပစ်အား ကစားဖြင့် ရွှေ တံဆိပ်ဆုရရှိခဲ့သော ချင်းတိုင်းရင်းသူ မအောင်ငှိမ်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌက ၂၀၁၃ ခုနှစ်အတွင်း ပါရဂူဘွဲ့ရရှိသော ချင်းတိုင်းရင်းသား/ တိုင်းရင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးငွန်မောင်းက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသူများအား ချင်းရိုးရာစားသောက် ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံပြီး ချင်းတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့က ချင်းရိုးရာအက၊ တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်
