ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၊ သမ္မတ H.E. Mr. Joachim Gauck ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်   ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံ၊ သမ္မတ H.E. Mr. Joachim Gauck ဦးဆောင်သည့် အဖွဲ့နှင့် ၂၀၁၄၊ ဖေဖော်ဝါရီ ၁၀ ရက်မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်း မဆောင်၌ တွေ့ ဆုံဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြ သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးမောင်မောင်သိမ်း၊ ဦးတီခွန်မြတ်၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်၊ ကော်မတီအတွင်းရေးမှူး ဦးအေးမောက်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဉာဏ်ဆွေဝင်း၊ ဦးစိုင်းသီဟကျော်၊ ဒေါ်ခင်စောဝေ၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူ၊ ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ် နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီ သံအမတ်ကြီး H.E. Mr. Christian-Ludwig Weber-Lortsch လည်း တက်ရောက်သည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆွေတော် သမ္မတကြီး ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ကို မိမိတို့လွှတ်တော်က ကြိုဆိုပါကြောင်းနှင့် ယခုလိုတွေ့ဆုံရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံသည် ဖက်ဒရယ်ဒီမို ကရေစီစနစ်ကို ကောင်းမွန်စွာ ကျင့်သုံးသည့် နိုင်ငံဖြစ်ပြီး ဂျာမနီနိုင်ငံသားများသည် စိတ်ဓာတ်နှင့် စည်းကမ်းကောင်း မွန်ကြသူများဖြစ်၍ နမူနာယူစရာဖြစ်ပါကြောင်း။

ယနေ့ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိရာ တစ်ချိန်က မြန်မာနိုင် ငံအပေါ် စီးပွားရေးပိတ်ဆို့ခဲ့သည့် နိုင်ငံများအနေဖြင့် ပိတ်ဆို့မှုများ လျှော့ ချပေး ခဲ့ကြောင်း၊ မြန်မာနိုင်ငံ တွင် ပြုပြင်ပြောင်းလဲမှု ပြုလုပ်နေပြီး ဂျာမနီနိုင်ငံနှင့် ဆက်ဆံရေးတိုးတက်လာချိန်၌ အဆွေတော် သမ္မတကြီး၏ ခရီးစဉ်သည်များစွာအကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော် သမ္မတကြီး အနေဖြင့် မြန်မာနိုင်ငံ အပေါ် ကြွေးမြီလျှော်ပေးမည်ဆိုသည့် သတင်းကောင်း ကြားသိရ၍ မိမိတို့ ဝမ်းမြောက် ပါကြောင်း။

မိမိတို့အနေဖြင်‌့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဒီမို ကရေစီ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်သည် လွယ်ကူသော ကိစ္စမဟုတ်သော်လည်း အခက်အခဲများကို ရင်ဆိုင်ကျော်လွှားသွားရန် ဆုံးဖြတ်ထားပါကြောင်း၊ အဆွေတော် သမ္မတကြီး လာရောက်ခြင်းသည် မိမိတို့အတွက် များစွာ အားတက်စရာဖြစ်၍  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ် များစွာကူညီဆောင်ရွက်ပေးနိုင် မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် အတိတ်ကမြန်မာနိုင်ငံ သမိုင်းဖြစ်ရပ်များအပေါ် သင်ခန်းစာ ယူ ပြုပြင်ပြောင်းလဲ သွားမည်ဖြစ်ကြောင်း၊ သမိုင်းသင်ခန်းစာအရ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မရှိဘဲ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ထူထောင်၍ မရနိုင်ဟု နားလည်ပါကြောင်း။

မိမိတို့လွှတ်တော်အတွင်း၌ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းမည့် ကိစ္စရပ်များကို ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် အယူဘာသာ အစွဲမထားဘဲ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ လွှတ်တော်တွင်း၌ နိုင်ငံရေးပါတီ (၁၉)ခုမှ ကိုယ်စားလှယ်များ ပါဝင်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် မိမိတို့အနေဖြင့် ပါတီတစ်ခုနှင့် တစ်ခု ရန်ဘက်ကဲ့သို့သဘောမထားဘဲ မိတ်ဖက်အဖြစ် သဘောထား ဆောင် ရွက်နေပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဂျာမနီပြည်ထောင်စုသမ္မတနိုင်ငံ၊ သမ္မတ H.E. Mr. Joachim Gauck က ပြန်လည်ပြောကြားရာတွင် ယခုလို မိမိတို့လာရောက်ခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအား လာရောက် ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဘက်မှလည်း မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများအား ဆက်လက် ထောက်ခံ ကူညီအားပေး နေမည်ဖြစ်ပါကြောင်း၊ မိမိနှင့်အတူ ဂျာမနီအစိုးရအဖွဲ့ဝင်နှင့် စီးပွားရေး လုပ်ငန်း ရှင်များ လိုက်ပါလာကြောင်း၊ ယနေ့ ဂျာမနီနိုင်ငံဘက်မှ ကြွေးမြီများ လျှော့ချပေးခြင်း၊ ပေးဆပ် ရမည့်အချိန်တိုးမြှင့်ပေးခြင်းများ သဘောတူကြောင်း စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ဂျာမနီ စီးပွားရေးကိုယ်စားလှယ်အသင်း ရုံးခန်းအားလည်းဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအား ရွေးကောက်ပွဲအမီဆောင်ရွက်နိုင်မည်ဟု မျှော်လင့် ပါကြောင်း၊ မီဒီယာ လွတ်လပ်ခွင့်၊ နိုင်ငံရေးပါတီများစွာ ပေါ်ပေါက်လာခြင်း၊ ပဋိပက္ခ ဖြစ်သော အဖွဲ့များ အကြား ညှိနှိုင်း၍ ပြည် တွင်းငြိမ်း ချမ်းရေးဖော်ဆောင်ရန် ကြိုးပမ်းခြင်း များသည် အလွန်ထူးခြားကောင်းမွန်ကြောင်း၊ မိမိအနေဖြင့် အဆွေတော်တို့ ဆောင်ရွက်နေသော ကောင်းမွန်သော လုပ်ဆောင်ချက်များ အောင်မြင်စေရေး ဆု မွန်ကောင်း တောင်း လိုပါကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် ဧည့်သည်တော် ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံ၊သမ္မတ H.E. Mr. Joachim Gauck ဦးဆောင်သည့် အဖွဲ့နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။

၎င်းနောက် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၊သမ္မတ H.E. Mr. Joachim Gauck သည် ပြည်ထောင်စုလွှတ်တော် ဧည့်သည် တော် မှတ်တမ်း၌ လက်မှတ်ရေးထိုးပါသည်။

                                                                                                                                     ၂၀၁၄၊ ဖေဖော်ဝါရီ ၁၁ရက်

Standard (Image)