(၆၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိမြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC)၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့တက်ရောက် အားပေးကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် ယဉ်ကျေးမှုအက အဖွဲ့များ၊ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရှုမောင်က (၆၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အတွက် နိုင်ငံတော်သမ္မတထံမှပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြား တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ သဝဏ်လွှာကို ရှမ်းပြည်နယ် မိုင်းပျဉ်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အမှာစကားပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အမှာစကားပြောကြားသည်။
ထို့နောက် ရှမ်းရိုးရာ အစားအစာများ၊ တည်ခင်းဧည့်ခံကျွေးမွေးပြီး ယဉ်ကျေးမှုအဖွဲ့များက ဧည့်ခံဖျော် ဖြေကြသည်။
ယင်းနောက် (၆၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်များကို ရှမ်းပြည်နယ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကနှင့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌတို့ထံ ပေးအပ်ကြသည်။
ယင်းနောက် အခမ်းအနားတွင် ဧည့်ခံဖျော်ဖြေကြသော ယဉ်ကျေးမှုအဖွဲ့များအား ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က ဂုဏ်ပြုလက်ဆောင်ပန်းခြင်းများ ပေးအပ်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။ (သတင်းစဉ်)
နေပြည်တော် ဖေဖော်ဝါရီ ၇
