ပြည်ထောင်စုလွှတ်တော်နာယကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း သာစည်မြို့၌ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့  နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီးသာစည်မြို့ မြို့နယ်ခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမောင်၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီတို့မှ ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအထောက် အကူပြုအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိနှင့်အဖွဲ့ သာစည်မြို့သို့ရောက်ရှိစဉ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး တွေ့ဆုံပွဲသို့ တက်တက်ကြွကြွ တက်ရောက် ပေးကြသည့်အတွက် ဂုဏ်ယူကျေးဇူးတင်ပါကြောင်း၊ မိမိအနေဖြင့် သာစည်မြို့ကိုလေ့လာ၍ ဒေသခံပြည်သူများ ကိုယ်စား ပြောဆိုဆွေးနွေးမှုများကိုနားထောင်လိုသည့် ဆန္ဒပြည့်ဝသည့်အတွက် အထူးပင် ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်(၅၀)အတွင်းယခုကဲ့သို့ ဒီမိုကရေစီအခွင့် အရေး ရရှိခဲ့ခြင်းမျိုးမရှိခဲ့ပါကြောင်း၊ ယနေ့ကာလသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင် နိုင်ဆုံးကာလဖြစ်ပါကြောင်း။

လွှတ်တော်ကချမှတ်ထားသည့် “ပြည်သူ့အသံ - လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် - လွှတ်တော်ကဖော်ဆောင်ရွက်” ဟူသော ဆောင်ပုဒ်သည် လွှတ်တော်၏ မူဝါဒပင်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ သည် ပြည်သူတို့၏ဆန္ဒ၊ ပြည်သူတို့၏ မျှော်လင့်ချက်ကိုမေးခွန်းများ မေးမြန်းခြင်း၊ အဆိုတင်သွင်းဆွေးနွေးခြင်းနှင့် ဥပဒေပြဋ္ဌာန်းခြင်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ လွှတ်တော်အလိုက်  ဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ ပြည်သူများ၏ အသံကိုရယူ ရမည် ဆိုသည့် ယုံကြည်ချက်အရပြည်သူများထံသို့အရောက် သွားခဲ့ရာပိုမို ပြည့်စုံသည့် အချက်အလက်များရရှိခဲ့ပါကြောင်း၊ ယခုကဲ့သို့ လွှတ်တော်ရပ်နားစဉ် ရက်များအတွင်း ပြည်သူများထံ သွားရောက်၍ ပြည်သူများ၏အသံကိုရယူနေခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ သွားရောက်ခြင်းဖြင့် ပြည်သူများ၏အသံကိုပိုမိုကြား သိရပြီး လွှတ်တော်အတွင်း ပြည်သူ များ၏လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပါ ကြောင်း။

မိမိတို့လွှတ်တော်များတွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်မား စေရေးအတွက် ဦးတည်ချက် (၃)ရပ်ထားကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခု ကျင်းပလျက်ရှိသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေး ငြင်းခုံ မှုများ သောသောညံလျက်ရှိသည်ကို ပြည်သူများ ကြားသိ နေကြပြီဖြစ်ပါကြောင်း၊ လာမည့် ၂၅ ရက်တွင် ဆွေးနွေးမှုပြီးဆုံးပါက လွှတ်တော်အပိုင်းက သက်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း။

ပြုပြင်ပြောင်းလဲမှုသည် လူတစ်ဦးချင်း၊ အဖွဲ့တစ်ဖွဲ့၊ နိုင်ငံတစ်နိုင်ငံအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုမလုပ်ရဟု တရားသေမှတ်ယူပါက အမှားဖြစ်ကြောင်း၊ ထို့အတူပြောင်းလဲရန်မလိုသည့် အချက်များ ကိုအတင်းပြောင်းလဲပါကလည်း အမှားတစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဆင်ခြင်တုံတရားကို အလေးထားပြီးနိုင်ငံတော်နှင့် နိုင်ငံ သားများအကျိုးအတွက် စဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ သာစည်မြို့ သို့ရောက်ရှိစဉ် ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုး သာမကမိမိတို့ဒေသလိုအပ်ချက်များရှိပါကပွင့်ပွင့်လင်းလင်းတင်ပြကြရန် ဖိတ်ခေါ်ပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် သာစည်မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးသူရ၊ အဖွဲ့ဝင် ဦးအောင်စိုးဝင်း၊ သာစည်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မောင်အေး၊ သာစည်မြို့နယ် စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး ဦးကံဆောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်စိုး၊ ပျော်ဘွယ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြု ကော်မတီဥက္ကဋ္ဌ ဦးစံထွန်းတို့က ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကိုတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင် တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယက က ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားရာ၌မိမိတို့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး သည် နေရာတစ်ခုကို ရောက်ရှိခဲ့ပြီဖြစ်သော်လည်း မျှော်မှန်း၊ မျှော်လင့်ထားသလောက် မဖြစ်သေးပါကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် လွယ်လွယ်နှင့် ရသည့်ကိစ္စမဟုတ်ပါကြောင်း၊ မည်မျှပင် ခက်ခဲပါစေ မိမိတို့အနေဖြင့် အောင်မြင်အောင် လုပ်ဆောင်မည်ဟုခံယူထားပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက် နိုင်ငံများနှင့် နှိုင်းစာလျှင် ကောင်းမွန်သည့် အခွင့်အရေးများရရှိခဲ့ပါ ကြောင်း။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ယခုကဲ့သို့ဆောင်ရွက်နိုင်ခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရွေးကောက်ပွဲများကျင်းပပြီး လွှတ်တော်၊ အစိုးရအဖွဲ့၊ တရားရေးအဖွဲ့များ ပေါ်ပေါက်လာခဲ့ပြီး ယခုအခြေအနေထိ ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းအကျိုးဆက်ကြောင့် ပြည်ထောင်စု လွှတ်တော်၌ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက် လျက်ရှိပါကြောင်း၊ လွှတ်တော်များသည် နိုင်ငံ တစ်နိုင်ငံ၏အသက်သွေးကြော၊ အသက်ဝိဉာဉ်ဖြစ်၍ လွှတ်တော်များ၏ အခန်းကဏ္ဍ မည်မျှအရေးကြီးသည်ကို သိရှိရန်လိုအပ်ပါကြောင်း၊ လက်ရှိ လွှတ်တော်များ၏ ဆောင်ရွက်ချက်အပေါ် ပြည်တွင်းသာမက နိုင်ငံတကာကပင် အသိအမှတ်ပြု လက်ခံ လာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ လွှတ်တော်များသည် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့ အစည်း တစ်ခု၊ ပါတီတစ်ခု၊ အစိုးရအဖွဲ့အတွက် မကြည့်ဘဲပြည်သူများ၏ အကျိုး စီးပွားကိုသာဆောင်ရွက်ရ မည်ဖြစ်ကြောင်း။

ပြည်ထောင်စုလွှတ်တော်က ဥပဒေပေါင်း(၁၂၆)ခု ပြဋ္ဌာန်းနိုင်ခဲ့ပြီး တိုင်းဒေသ ကြီး/ပြည်နယ်လွှတ်တော် များတွင်လည်း ဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ အဆိုပါ ဥပဒေများကို သက်ဆိုင်သည့် ပြည်သူများသိရှိလိုက်နာ ကျင့်သုံးနိုင်ရေး ဆက်လက် ဆောင်ရွက် သွားရန်လိုကြောင်း၊ ထိုနည်းတူ ပြဋ္ဌာန်းပြီး ဥပဒေများ အသက် ဝင်လာစေရန် လိုအပ်သည့် နည်းဥပဒေများပေါ်ထွက်လာရေးအတွက် သက်ဆိုင်ရာ ဌာနများက ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း။

လွှတ်တော်များသည် တောင်သူလယ်သမား၊ အလုပ်သမားနှင့် နိုင်ငံ့ဝန်ထမ်းများ အား ခေတ်ကာလနှင့် လျော်ညီပြီး မိမိတို့ဂုဏ်သိက္ခာနှင့်ရပ်တည်နေထိုင်နိုင်ရန် လုပ်ခ လစာနှင့် အခွင့်အရေးများ တိုးတက်ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း၊ လွှတ်တော် များသည် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားအတွက် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိရာ ပြည်သူများကလည်း ဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင် ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြ သူများအားရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။

ပြည်ထောင်စုလွှတ်တော်နာယကသည် ယနေ့နံနက်ပိုင်းတွင် ပျော်ဘွယ်မြို့ မြင်းဘက်ရပ်ကွက်ရှိ ပန်းစုံကျောင်းတိုက်၌မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအာသဘ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအားသွားရောက် ဖူးမျှော် ကြည်ညိုပြီး ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေးဆိုင်ရာများကိုလျှောက်ထားကာ လှူဖွယ် ပစ္စည်းများ လှူဒါန်းခဲ့သည်။

အလားတူ နံနက်ပိုင်းတွင် သာစည်မြို့ရှိရေလည်ကျောင်းတိုက်၌ မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန ္တဓမ္မကိတ္တိအမှူးပြုသောဆရာတော်၊ သံဃာတော် များအားသွား ရောက်ဖူး မျှော် ကြည်ညိုပြီး ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားကာ လှူဖွယ်ဝတ္တု ပစ္စည်းများ လှူဒါန်းခဲ့သည်။

ထို့အတူ ညနေပိုင်းတွင် ရမည်းသင်းမြို့ ရန်အောင်မြင်ကျောင်းတိုက်၌ မြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန ္တဂန္တသာရ အမှူးပြုသောဆရာတော်၊ သံဃာ တော်များအား သွားရောက် ဖူးမျှော်ကြည်ညိုပြီး ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေးဆိုင်ရာ များကို လျှောက်ထားကာ လှူဖွယ်ဝတ္တု ပစ္စည်းများ လှူဒါန်းခဲ့သည်။

Standard (Image)