ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နတ်မောက်မြို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည်၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ လ ၈ရက် နံနက်(၁၀)နာရီတွင် မကွေးတိုင်းဒေသကြီးနတ်မောက်မြို့ပြည်သူ့ခန်းမ၌ဒေသခံပြည်သူ များ နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့ လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု  ကော်မတီတို့မှ ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများမှတာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား မွေးဖွားသန့်စင်ပေးသည့် မြို့၊ တနည်းအားဖြင့် သမိုင်းအစဉ် အလာကြီးမားသည့် နတ်မောက်မြို့သို့ မိမိနှင့်အဖွဲ့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်သည့် ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ၊ ပြည်သူ တို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဟူသော လွှတ်တော်မူဝါဒကို အကောင်အထည်ဖော်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်း။

လွှတ်တော်များသည် ပြည်သူများ၏ဆန္ဒကို မေးခွန်းများမေးမြန်းခြင်း၊ အဆိုများ ဆွေးနွေးခြင်း၊ ဥပဒေများ ပြဋ္ဌာန်းပေးခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ပညာရှင်များကလည်း လွှတ်တော်များသည် နိုင်ငံ၏အသက်သွေးကြောဖြစ်ပြီး၊ လွှတ်တော်ရှိပါက ဒီမိုကရေစီရှိပြီး လွှတ်တော်မရှိပါက ဒီမိုကရေစီမရှိဟူ၍ သုံးသပ် ပြောကြားလေ့ရှိပါကြောင်း၊ လွှတ်တော်များက မိမိတို့လုပ်ငန်းစဉ်များကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရန် လိုအပ်သည်ကို အသိအမှတ်ပြုထားပါကြောင်း။

မိမိတို့နိုင်ငံသည် ပြီးခဲ့သော ကာလအတန်ကြာက လွှတ်တော်များမရှိ၍ ဒီမိုကရေစီ မရှိခဲ့ပါကြောင်း၊ ယခုအခါ လွှတ်တော်များရှိ၍ ဒီမိုကရေစီရှိပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးရန် လမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည့် အနက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ အဆင့် တစ်ခုသို့ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း ပြန်လည်သုံးသပ်မည်ဆိုပါက ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များသည် ပြည်သူများမျှော်လင့်သလောက် မဖြစ်သေးပါကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ အောက်ခြေဝန်ထမ်းများက မူဝါဒ၊ ပေါ်လစီကို လိုက်နာဆောင်ရွက်ခြင်းမရှိဟု သုံးသပ်မှုများရှိပါကြောင်း၊ အဆိုပါသုံးသပ်မှုသည် အပြည့်အ၀ လက်ခံနိုင်သည့်အချက် မဟုတ်ပါကြောင်း။

ယနေ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်မည်ဆိုလျင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲရန်လိုပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ မပြောင်းလဲပါက ထင်သလောက်ပြုပြင် ပြောင်းလဲနိုင်မည် မဟုတ်ပါကြောင်း၊ အောက်ခြေ ဝန်ထမ်းများကိုသာ အပြစ်ပြောနေပါက မတရားရာ ရောက်မည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့၊ လွှတ်တော်၊ လူမှုရေးအသင်း အဖွဲ့များနှင့် နိုင်ငံရေးပါတီများအပိုင်းက စိတ်ဓာတ် ခံယူချက်များ ပြောင်းလဲရန် လိုအပ်ပါ ကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် အတွေး၊ အပြောနှင့်သာမရနိုင်ဘဲ အတွေး၊ အပြော၊ အလုပ် အားလုံးပြုပြင်ပြောင်းလဲမှသာ အလုပ်ဖြစ်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ လူထုအားလုံး စိတ်ဓာတ်များပြောင်းလဲရန် လိုအပ်ပါကြောင်း။

လွှတ်တော်များကို ပါတီပေါင်း(၁၉)ပါတီမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပါကြောင်း၊ လွှတ်တော်အတွင်း၌ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက်ဆိုလျင် ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့်အယူဝါဒစွဲ၊ ပါတီစွဲ မထားဘဲလုပ်ဆောင်မှသာ အောင်မြင်မှု ရမည်ဖြစ်ပါကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများကလည်း ယင်းသို့ခံယူ လုပ်ဆောင်ရန် လိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် အတိတ်ကာလများက ပါတီ အချင်းချင်း ကိုယ်နှင့်မတူ၊ ကိုယ့် ရန်သူဟု သဘောထားကာ အပြုတ်တိုက်၊ အပြတ်ရှင်းရမည်ဆိုပြီး ခံယူလုပ်ဆောင်ခဲ့ကြ၍ တိုင်းပြည်ပင် နစ်နာပြီး ကျန်ရစ်ခဲ့သည်ကို သင်ခန်းစာယူကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်သည် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်၍ ယင်းစနစ်ကိုကျင့်သုံးသည့် ပါတီများက နိုင်ငံကိုဦးဆောင်ရမည်ဖြစ်ပါကြောင်း၊ အခြားကမ္ဘာ့ဒီမိုကရေစီနိုင်ငံ များတွင်လည်း ယခု ကဲ့သို့ပင်  ကျင့်သုံးလျက် ရှိပါကြောင်း၊ မိမိတို့ လွှတ်တော်အတွင်း၌ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုကို တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိပါကြောင်း။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၌ ထူးခြားစွာ ပေါ်ထွက်ခဲ့သည့်ပုဂ္ဂိုလ်ကြီး ဖြစ်ပါကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာချက်များကို မိမိတို့လက်တွေ့အကောင် အထည်ဖော်ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံရေးသည် နိုင်ငံ့အရေးဖြစ်၍ ပြည်သူများသည် နိုင်ငံရေးကို နားလည်ပြီး အညာမခံရရန် လိုအပ်ပါကြောင်း။

လွှတ်တော်ဆောင်ပုဒ်သည် လွှတ်တော်အတွင်း၌သာ ချမှတ်ထားခြင်းဖြစ်သော် လည်း ယခုကဲ့သို့ပြည်သူ များနှင့်တွေ့ဆုံရာတွင် ပြည်သူ့အသံကိုနားထောင်ပြီး လွှတ်တော် အတွင်းသို့ ယူဆောင်ကာ ဆောင်ရွက်ပေးရန် လာခဲ့ခြင်းဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူ့အသံများကို လွှတ်တော်အတွင်းသို့ ယူဆောင်ခဲ့ကြ၍ လွှတ်တော်အတွင်း၌ ပြည်သူ့အသံများ ဝေစီလျက်ရှိပါကြောင်း၊ အစည်းအဝေးတစ်ကြိမ် လျှင် ပြည်သူ့အသံကို ထင်ဟပ်သည့်မေးခွန်းပေါင်း(၁၀၀၀)ခန့်ရှိပါကြောင်း၊ မိမိတို့နယ်များ သို့ လှည့်လည်သွားလာစဉ် ပြည်သူများ၏အသံကို ကြားသိရသည့်အတွက် များစွာအကျိုး ဖြစ်ထွန်းပါကြောင်း၊ ယခုကြုံကြိုက်တုန်း၌ ပြည်သူများ၏အသံ၊ ပြည်သူများ၏ ဆန္ဒကို တင်ပြပေးကြရန်ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။

 ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၊ နိုင်ငံရေး ပါတီဝင်များနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

 တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယက က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားရာ၌ နိုင်ငံလူဦးရေအများစုမှာ တောင်သူလယ်သမားများ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဆင်းရဲနွမ်းပါးမှု လျော့ချရေး ဆောင်ရွက်ရာတွင် တောင်သူလယ်သမားများကို အခြေခံ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါဥပဒေအရ တောင်သူလယ်သမားများအတွက် လိုအပ်သည့် စိုက်ပျိုးစရိတ်၊ နည်းပညာနှင့် ထွက်ကုန်များ ဈေးကွက်ရရှိရေးအပြင် သဘာ၀ ဘေး အန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးသွားသော သီးနှံများအတွက် နိုင်ငံတော်မှ ကူညီ ပံ့ပိုးပေးရန် ကိစ္စရပ်များ အပါအဝင် ထည့်သွင်းရေးဆွဲထားပါကြောင်း။

မိမိတို့ လွှတ်တော်တွင် ဥပဒေပြုရေးကိစ္စရပ်များအပြင် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရသာမက ပြည်သူများကပါ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်းဖြင့်ပြောကြား ၍ တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် နတ်မောက် မြို့ရှိ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ပြတိုက်သို့ သွားရောက် ကြည့်ရှုလေ့လာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကသည် ဧည့်သည်တော်မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုး၍ အလှူငွေပေးအပ်ခဲ့သည်။

ဆက်လက်၍ နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ် က ပညာသင်ကြားခဲ့သည့် အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုခဲ့ သည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၄ ခုနှစ် နိုင်ဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့ရှိ ဈေးဝင်းမင်းကျောင်းပရိယတ္တိ စာသင်တိုက်၌ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ဆရာတော် သံဃာတော်များကို သွားရောက်ဖူးမျှော် ကြည်ညိုပြီး ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေး ဆိုင်ရာများ ကို လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့သည်။  

ထို့အတူ မွန်းလွဲပိုင်းတွင် နတ်မောက်မြို့ရှိ ဒီပင်္ကရာကျောင်းတိုက်၌ မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ဆရာတော်သံဃာတော်များကို သွားရောက် ဖူးမျှော်ကြည်ညိုပြီး ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့သည်။

Standard (Image)