ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာသည် Center for Strategic and International Studies (CSIS) မှ Global Health Policy Center’s Director Dr.J.Stephen Morrison ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အမှတ်(၁) ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီ၊ ပြည်သူ့လွှတ်တော်စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်သန်းသန်းရီနှင့် ဒေါ်ညိုညိုလှတို့ တက်ရောက်ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရေး၊ မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် လွှတ်တော်နှင့် အခြား အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်၏ ဥပဒေ ပြုရေးနှင့် လွှတ်တော်၏ ဆောင်ရွက်ချက်များအား ပြည်သူလူထုမှ ပိုမိုပွင့်လင်းမြင်သာစွာ သိရှိနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။
