ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း “ ဝ ” အထူးဒေသ (၂)၊ SSPP/SSA နှင့် မိုင်းလားအထူးဒေသ (၄) တို့မှ ကိုယ်စားလှယ်အဖွဲ့များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် “ ဝ ” အထူးဒေသ (၂)မှ ဗဟိုကော်မတီဝင် ဦးကျောက်ကော်အန်း၊ SSPP/SSA မှ ဒုတိယဥက္ကဋ္ဌ စဝ်ခေးတိုင်းနှင့် မိုင်းလားအထူးဒေသ (၄) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များအား ၂၀၁၄ခုနှစ်၊ သြဂုတ် ၂၆ ရက် နံနက် (၉)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က  လွှတ်တော်သည်  ဥပဒေပြုရေးကို အဓိကထား ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သော်လည်း  တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေးမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး အတွက် အဓိကထား ဆောင်ရွက်နေသော အဖွဲ့အစည်းလည်း ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော် တွင်  ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီကို ဖွဲ့စည်းထားရှိပြီး ယင်းကော်မတီအနေဖြင့် အဆိုပါကိစ္စများ ကို အဓိကထား ဆောင်ရွက် လျက်ရှိပါကြောင်း။

ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတော်သမ္မတဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီကို ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါကော်မတီတွင် မိမိအနေဖြင့် အဖွဲ့ဝင် အဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတွင်လည်း ဒုတိယဥက္ကဋ္ဌအဖြစ် မိမိတို့လွှတ်တော်မှ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက်နေမှုများအား အပြည့်အဝထောက်ခံပြီး လိုအပ်သည်များ ကိုလည်း ဝိုင်းဝန်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ်ရရှိရန်ဆိုလျှင် အပစ်အခတ်ရပ်စဲရေးရှိရန် လိုအပ်ပါကြောင်း၊ အကယ်၍ အပစ်အခတ်များမရပ်စဲဘဲ ငြိမ်းချမ်းရေးကို ရှေ့ရှုမဆောင်ရွက်ပါက အဆိုပါဒေသများရှိ တိုင်းရင်းသားပြည်သူများအနေဖြင့် အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးခြင်း အပါအဝင် ဒုက္ခမျိုးစုံ ကြုံတွေ့နေရဦးမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ မပျက်စီး၊ မဆုံးရှုံးစေရန်နှင့် ဒုက္ခမျိုးစုံမကြုံတွေ့စေရေးအတွက် အပစ်အခတ်ရပ်စဲရေး မှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသားအဖွဲ့အစည်းများသည် အစိုးရအဖွဲ့နှင့်အတူ စိတ်ကောင်းစေတနာထားရှိပြီး ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြီး ထားရှိသင့် သည်များကို ထားရှိကာ ချင့်ချင့်ချိန်ချိန်နှင့် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ရန် လိုအပ်သည်မှာ အမှန်ပင် ဖြစ်ပါကြောင်း၊ သို့မှသာ ငြိမ်းချမ်းရေးအတွက်လည်း များစွာအထောက်အကူပြုမည် ဖြစ်ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ အဆိုပါလုပ်ငန်းများကို လွှတ်တော်များက ဆောင်ရွက်ရန် ရှိသကဲ့သို့ တိုင်းရင်းသားပြည်သူ နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ငြိမ်းချမ်းရေးပေါ်တွင် အဓိကတည်ရှိ နေကြောင်း၊ သို့ဖြစ်၍ မိမိဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံံ့ဖြိုးတိုးတက်ရေး ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးရရှိရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အပစ်အခတ်ရပ်စဲရေး မှတစ်ဆင့် ငြိမ်းချမ်းရေးရရှိရေးကို သန္နိဋ္ဌာန်ထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် တိုင်းရင်းသားအဖွဲ့အစည်းများက တိုင်းရင်းသား အဖွဲ့အစည်းများ တရားဥပဒေဘောင်အတွင်း ဝင်ရောက်၍ ငြိမ်းချမ်းရေးရယူခဲ့ပြီးနောက် ဒေသဖွံ့ဖြိုးရေးနှင့်တရားဥပဒေစိုးမိုးရေးဆောက်ရွက်နိုင်ခဲ့မှုနှင့်ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှုရရှိရေးအတွက် အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ် များကို  ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်များသည် အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဌသည် “ဝ” အထူးဒေသ(၂)၊ SSPP/SSAနှင့် မိုင်းလား အထူးဒေသ(၄)တို့မှ ကိုယ်စားလှယ်အဖွဲ့များ၊ တာဝန်ရှိသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသား ရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်သူ့လွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်၊ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ထွန်းနှင့် ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Standard (Image)