ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယားအား ၂၀၁၄ခုနှစ် သြဂုတ် (၂၂) ရက် နံနက် (၁၀)နာရီ (၄၅)မိနစ် တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံသား များ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးဆောင်ရွက်မှုအခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေး ခဲ့ကြသည်။
