ပြည်သူများအား အမှန်ကိုအမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း မြင်အောင်လုပ်ရန် ဥပဒေ ပညာရှင် များနှင့် ဥပဒေရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ အနာဂတ်တွင် တာဝန်ယူကြမည့် ဥပဒေ ကျောင်းသား၊ ကျောင်းသူများတွင် တာဝန်ရှိပါကြောင်းဖြင့် ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ်လ (၇) ရက်နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်၌ လွှတ်တော်သို့ လာရောက် လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ/ ဌာနမှူးဒေါက်တာ ဒေါ်မေထား ခေါင်းဆောင်သော ကြီးကြပ်သူ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ ဝန်ထမ်းများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာ ဒေါ်မေထားက လွှတ်တော်အစည်းအဝေးများ ရပ်နားစဉ် လွှတ်တော်သို့ လာရောက်လေ့လာခွင့်ရသည့် အတွက် စီစဉ်ဆောင်ရွက်ပေးသူများအား ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မဟာဥပဒေ ဒုတိယနှစ်ကျောင်းသား မောင်အောင်သန်းတင့်က ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ဥပဒေပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ပြည်ထောင်စုလွှတ်တော်၌ ဥပဒေများ ကို အတည်ပြုဆုံးဖြတ်ရာတွင် ကျင့်သုံးသည့် မဲပေးပုံစနစ်နှင့် လွှတ်တော်ကိုယ်စားလှယ် ရွေးကောက် တင်မြှောက်ရာတွင် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီစနစ်ကို ပိုမိုဖော်ဆောင်နိုင်မည့် ရွေးကောက်ပွဲစနစ်နှင့် စပ်လျဉ်း၍ မေးမြန်းသည်။
မေးမြန်းချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဥပဒေကျောင်းသား၊ ကျောင်းသူများအနေဖြင့် လွှတ်တော်သို့ လာရောက်လေ့လာခြင်းသည် မိမိတို့အတွက်သာမက တိုင်းပြည်အတွက်ပါ အကျိုး ရှိပါကြောင်း၊ လွှတ်တော်များ၌ ဥပဒေကိစ္စရပ်များကို မည်မျှအလေးထား ဆောင်ရွက်နေသည်ကို သိရှိနိုင်အောင် ယနေ့တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းထားသည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ ကိုပါ တက်ရောက်စေခဲ့ပါကြောင်း၊ Supremacy of Law သည် လူသားများအတွက် အလွန်ပင် အရေးကြီးပါ ကြောင်း၊ ဥပဒေကို နားလည်ရန်အတွက် ဥပဒေနှင့်ပတ်သက်၍ သင်ယူ တတ်မြောက်ရန် လိုအပ်ပါကြောင်း၊ ဖွ့ွံဖြိုး တိုးတက်သည့် နိုင်ငံများတွင် ဥပဒေပညာရပ်ကို အလေးထားပြီး လေ့လာကြကြောင်း၊ ဥပဒေပညာရပ် သည် နိုင်ငံသားအားလုံးလေ့လာ ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံသားတိုင်း ဥပဒေကို မသိနိုင်၍ ရှေ့နေ၊ ရှေ့ရပ်များက နိုင်ငံသားများကိုယ်စား လိုက်ပါဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း။
၂၀၁၁ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်တွင် လွှတ်တော်များပေါ်ပေါက်လာခဲ့ကြောင်း၊ လွှတ်တော်မရှိလျင် ဒီမိုကရေစီမရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံ၌ လွှတ်တော်များရှိ၍ ဒီမိုကရေစီ ရှိကြောင်း၊ ယနေ့လွှတ်တော်များသည် လက်ညိုးထောင် ခေါင်းညိတ် မည်ကာမတ္တ လွှတ်တော်များ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၌ ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်ရန် လွှတ်တော်များ မရှိမဖြစ်လိုအပ်ပါကြောင်း၊ လွှတ်တော်ဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေကို ပိုမိုနားလည်သိရှိရန် လိုအပ်ပါကြောင်း၊ ‘ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ’ ဟူသော လွှတ်တော်ဆောင်ပုဒ်ရှိကြောင်း၊ လွှတ်တော်၏ ဆောင်ပုဒ်သည် လွှတ်တော်၏ မူဝါဒပင်ဖြစ်ကြောင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ဖော်ဆောင်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အတွင်း မေးခွန်းမေးမြန်းခြင်း၊ အဆိုဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့အုပ်ချုပ်ရေးစနစ်သည် ပြည်သူများကိုယ်စား ပြည်သူ့ကိုယ်စားလှယ်များက အုပ်ချုပ်သည့် ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ဆန္ဒနှင့်အညီ အုပ်ချုပ်ရာတွင် ဥပဒေနှင့်အညီ အုပ်ချုပ်ရန်လိုကြောင်း၊ တရားစီရင်ရေးကဏ္ဍ အနေဖြင့် ဥပဒေနှင့် မညီသည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တရားစွဲဆိုတင်ပြလာမှုများအပေါ် မှန်မမှန်ဆုံးဖြတ်ပေးရမည်ဖြစ်ကြောင်း၊ ဥပဒေမလိုက်နာ သူများကို အရေးယူ အပြစ်ပေးရမည် ဖြစ်သကဲ့သို့ ဥပဒေလိုက်နာသူများကို အကာအကွယ်ပေး ရမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ အချင်းချင်း အပြန် အလှန် ထိန်းကျောင်းပြီး စတုတ္ထမဏ္ဍိုင်ဟုဆိုရမည့် မီဒီယာအပိုင်းက စောင့်ကြည့်ဝေဖန်သုံးသပ်ရမည် ဖြစ် ကြောင်းဖြင့် ပြောကြားပြီး လွှတ်တော်များ၌ ကော်မတီ၊ ကော်မရှင်များဖွဲ့စည်းဆောင်ရွက်မှု၊ ဥပဒေများပြင် ဆင်၊ ပယ်ဖျက် အသစ်ရေးဆွဲပြဋ္ဌာန်းမှု၊ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှု ရှိမည့် ဒီမိုကရေစီစနစ်ကိုပိုမို ဖော်ဆောင်ပေးနိုင်မည့့်် ရွေးကောက်ပွဲစနစ်နှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြည်သူ့လွှတ်တော်စာတမ်းပါ အထိမ်းအမှတ်လက်ဆောင်၊ လွှတ်တော်အစည်းအဝေး မှတ်တမ်းစာအုပ်များနှင့် လွှတ်တော်ဂျာနယ်တို့ကို ပေးအပ်ရာ ပါမောက္ခ/ ဌာနမှူး ဒေါက်တာဒေါ်မေထား၊ တွဲဘက်ပါမောက္ခ ဒေါ်ခင်ချစ်ချစ်နှင့် ကထိက ဦးမြင့်ဆွေတို့က လက်ခံကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကတို့ထံ ပါမောက္ခ/ ဌာနမှူး ဒေါက်တာ ဒေါ်မေထားကအမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။
