နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ၊ဆရာမများအား စတုတ္ထအကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ တွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အားပေးသည်။
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေး၊ နေပြည်တော်ကောင်စီဝင် ဒေါက်တာ ပိုင်စိုး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်းနှင့် တာဝန်ရှိသူများက (၅) ဘာသာဂုဏ်ထူးရရှိသူ (၃) ဦး၊ (၄) ဘာသာဂုဏ်ထူး ရရှိသူ (၄) ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ (၄) ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ (၆) ဦး၊ (၁) ဘာသာဂုဏ်ထူးရရှိသူ (၃၃) ဦး၊ ဂုဏ်ထူးရရှိအောင်သင်ကြားပေးသည့် ဆရာ၊ဆရာမများနှင့် စာမေးပွဲအောင်မြင် သူများအား ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဇေယျာသီရိမြို့နယ်မှ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ ကိုယ်စား ရေဆင်းအခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးက အခြေခံပညာ အထက်တန်းအဆင့် အောင်မြင်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ''ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်အံ့'' ဟူသည့် ဆောင်ပုဒ်နှင့်အညီ ထူထောင်ကြရ မည်ဖြစ်ကြောင်း၊ အကောင်းအဆိုး၊ အမှားအမှန် ဝေဖန်ပိုင်းခြားသိမြင်ပြီး ကောင်းအောင် မှန်အောင် ကြိုးစား သွားကြရမည်ဖြစ်ကြောင်း၊ မည်သည့်ပညာရေးစနစ်ကျင့် သုံးသည်ဖြစ်စေ ပညာရေးပတ်ဝန်းကျင်ကောင်းရှိရန် လိုအပ်ပါ ကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသားများကို ပညာတတ်မြောက်အောင် သင်ကြားပေး ရန်လိုအပ်သကဲ့သို့ ကျောင်းသားများကလည်း တတ်မြောက်အောင် သင်ယူရန် လိုအပ်ပါကြောင်း၊ ယင်းသို့ သင်ကြားသင်ယူနိုင်ရန် မိဘ၊ ဆရာ ကျောင်းသား စသည့် ပတ်ဝန်းကျင်ကောင်းသည် အရေးကြီးပါကြောင်း။
မိဘများသည် လက်ဦးဆရာများဖြစ်၍ ဂုဏ်ပြုခံကျောင်းသား၊ကျောင်းသူများနှင့်အတူ ဖိတ်ကြားဂုဏ်ပြု ရခြင်းဖြစ်ပါကြောင်း၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရန် ဟူသည့်ရည်ရွယ် ချက်ဖြင့် အမျိုးသားပညာရေး ဥပဒေကို ရေးဆွဲပြဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ဆရာ၊ မိဘများနှင့် ကောင်းမွန်သည့် ပညာရေးပတ်ဝန်းကျင်သည် အနာဂတ် မျှော်လင့်ချက်များဖြစ်သည့် ကျောင်းသူ၊ ကျောင်းသား များအတွက် အလွန်အရေးကြီးပြီး ကောင်းမွန်သည့်ပညာရေး ပတ်ဝန်းကျင်ကို အမြဲပြုစုပျိုးထောင်ရန် လိုအပ်ပါကြောင်း၊ အခြေခံပညာအထက်တန်းဖြစ်သည့် တက္ကသိုလ်ဝင်တန်းသည် ကျောင်းသား၊ ကျောင်းသူ တစ်ဦးအတွက် အရေးပါသည့်ဘဝလမ်းခရီး၊ ဘဝတက်လမ်းဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ပညာရည်မြင့်မားရန် အခြေခံပညာ အဆင့်မှစ၍ ကောင်းမွန်သည့် ပညာရေးပတ်ဝန်းကျင်တွင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ အနန္တဂိုဏ်းဝင် ဆရာ၊ဆရာမများသည် ကျောင်သား၊ ကျောင်းသူများအား ကောင်းမွန်သည့် ကာယ၊ ဉာဏ၊ စာရိတ္တတရားများကို သင်ကြားပေး သွားရမည်ဖြစ်ကြောင်း။
မိမိတို့မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများကို ကျောင်းသို့လွှတ်ရုံဖြင့် တာဝန်ကျေပြီဟု မဆိုနိုင် ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဘက်စုံ ထူးချွန်အောင် လေ့ကျင့် သင်ကြားပေးသွားရမည်ဖြစ်ကြောင်း။ ကျောင်းသား၊ကျောင်းသူများ ထွန်းပေါက်အောင်မြင်အောင် ဝိုင်းဝန်းကြိုး စားပေးသည့် မိဘ၊ ဆရာ၊ဆရာမများနှင့် ပတ်ဝန်းကျင်ကိုလည်း ချီးမြှင့်ဂုဏ်ပြုပေးရ မည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ကို ကောင်းကျိုးပြုသူသည် ပတ်ဝန်းကျင်၏တန်ဖိုး မြင့်တက်လာသည်နှင့်အမျှ တန်ဖိုးမြင့်မားလာ မည်ဖြစ်ကြောင်းပြောကြားသည်။
အလားတူ နံနက်(၇)နာရီခွဲတွင် ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်မှ ဆောက်လုပ် လှူဒါန်း သည့် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု မွန်းတည့်ခွန် ကျေးရွာရှိ အမှတ် (၁၃၁) အခြေခံပညာမူလတန်း ကျောင်းနှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အဆိုပါကျောင်းဝင်းအတွင်းကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အားပေးသည်။
အခမ်းအနားတွင် ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီ် ဒုတိယအမှုဆောင်အရာရှိချုပ် ဦးရဲမြင့်က ကျောင်းဆောင် သစ်ဆောက်လုပ်လှူဒါန်းမှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ကျောင်းဆောင်သစ် တည်ဆောက်မှုဆိုင်ရာ စာရွက်စာတမ်းများကို ဒုတိယမြို့နယ် ပညာရေးမှူး ထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးထွန်းအောင်ဆန်းက ကျောင်းသုံး စာရေး ကိရိယာများ ကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်သစ်၏ ခန့်ညားသပ်ရပ်မှုသည် ကုမ္ပဏီ၏ စေတနာပင်ဖြစ်ကြောင်း၊ မှန်ကန်သည့်စေတနာ၊ မေတ္တာသည် အလျားအနံ အတိုင်းအတာမရှိ အကျိုးကိုဖြစ်ထွန်းစေပါကြောင်း၊ စေတနာမေတ္တာ အရင်းခံ၍ စည်းလုံးညီညွတ် စွာ ဆောင်ရွက်မှသာ အောင်မြင်စွာအ ကောင်အထည်ဖော်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်ရန် မှန်ကန်သည့် စေတနာ၊ မေတ္တာတို့ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအတွက် ထူးချွန်သည့် နိုင်ငံ့သားကောင်း ရတနာများ ပိုမိုဖြစ်ထွန်းပေါ်ပေါက်ပါစေဟု ဆုတောင်းပါကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဒေါက်တာပိုင်စိုး၊ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးရဲမြင့်၊ ဥတ္တရသီရိခရိုင် ပညာရေးမှူးတို့က နှစ်ထပ်ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တာဝန်ရှိသူများက ကျောင်း ဆောင်သစ် ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြပြီး နှစ်ထပ်ကျောင်းဆောင်သစ် အတွင်း လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ အခြေခံပညာမူလတန်းကျောင်းဆောင်သစ်သည် အလျားပေ (၁၄၀) ၊ အနံပေ (၁၀၀) ရှိ သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦဖြစ်ပြီး ကျောင်းသား၊ကျောင်းသူ (၁၈၅) ဦးတက်ရောက် ပညာသင်ကြားလျက် ရှိကြောင်းသိရသည်။
