ဥပဒေပညာရပ်သည် လူတိုင်းသိအပ်၊ တတ်အပ်သော ပညာရပ် ဖြစ်ပြီး မတတ်လျင် အညာခံရ၊ အလှည့်စား ခံရမည် ဖြစ်ပါကြောင်း၊ ဥပဒေမတတ်လျင် မှန်သည်ထင်သော အမှားများ ပြုလုပ်မိပြီး မှားသည် ထင်သော အမှန်များ ကိုလည်း မျက်ကွယ်ပြု၊ လျစ်လျူပြုခြင်းများ ဖြစ်နိုင်ကြောင်းဖြင့်ယနေ့မွန်းလွဲ (၁)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး
ရန်ကုန် တက္ကသိုလ်နယ်မြေ စိန်ရတုခန်းမ၌ ကျင်းပသောဥပဒေပြုရေးနှင့် တရား ဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများ အတွက် အထောက်အကူပြုစေမည့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စု လွှတ်တော်နာယ က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးသိန်းဆွေ၊ သူရဦးအောင်ကို၊ ဒေါက်တာစိုးရင်၊ ဒေါက်တာ မောင်မောင်ဝင့်၊ ဦးသာဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦး တင်အောင်၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင် စု ရှေ့နေချုပ်ရုံး၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ယနေ့ကာလသည် မိမိတို့နိုင်ငံကို ဒီမိုကရေစီ ပြုပြင်ပွောင်းလဲရေး ဆောင်ရွက်နေသော ကာလဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးစနစ်ကိုကျင့်သုံးပြီး ခေတ်မီဖွံ့ဖြိုး တိုးတက် သည့် နိုင်ငံတော်ဖြစ်အောင် ရည်မှန်းချက် ထား ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံသားအားလုံးက လိုလားလက်ခံကြပြီး နိုင်ငံတော်သမ္မတကြီးက ဦးဆောင် ပြောင်းလဲလျက် ရှိပါကြောင်း။
ယခုကဲ့သို့ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာ၌ စတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်သည် တည်ဆဲဥပဒေ များကို ပြန်လည်လေ့လာသုံးသပ်ပြီး ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး စနစ်နှင့် လိုက်လျောညီထွေဖြစ် သည့် ဥပဒေများ ဖြစ်မဖြစ် ဦးစွာသုံးသပ်၍ အဓိကထား ဆောင်ရွက်ရမည့် အချိန်အခါလည်း ဖြစ်ပါကြောင်း၊ တည်ဆဲဥပဒေများကို လေ့လာသုံးသပ်ပြီး ခေတ်၊ စနစ်နှင့် လိုက်လျောညီထွေမှုမရှိသည့် ဥပဒေများကို ပြင်ဆင်၊ ပယ်ဖျက်၊ အသစ် ရေးဆွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လွှတ်တော်များ၏ အဓိကတာဝန်သည် ဥပဒေပြုရေး ဖြစ်သည့် အတွက် ပြည်သူ့ကိုယ်စားလှယ်အပေါ်၌ ယင်းတာဝန်သည် ကြီးမားစွာ ကျရောက်လျက် ရှိပါကြောင်း။
သို့ဖြစ်၍ တည်ဆဲဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်၊ ပယ်ဖျက်၊ ရုပ်သိမ်းရန် လွှတ်တော်များတွင် တာဝန် ရှိလာပြီဖြစ်ပါကြောင်း၊ ယင်းတာဝန်များကို ကျေပွန်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ပြည်သူ့ လွှတ်တော်၌ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းကော်မရှင်ကို ဥပဒေပညာရှင်များ၊ ဥပဒေ၊ တရားရေးနှင့် သက်ဆိုင်သော အငြိမ်းစားတရားသူကြီးများ၊ ရှေ့နေချုပ်ရုံးမှ ပညာရှင်များ၊ အရပ်ဘက် ရှေ့နေ ရှေ့ရပ်များ၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်မှ အငြိမ်းစား အကြီးတန်း အရာရှိကြီးများ ပါဝင်ပြီး လွှတ်တော်ကော်မတီများနှင့် လွှတ်တော်ကို အထောက် အကူပြု လျက်ရှိပါကြောင်း။
ယနေ့ဆိုလျင် လွှတ်တော်၌ ဥပဒေပေါင်း(၁၀၀) ပြင်ဆင်၊ ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊ လွှတ်တော်များ၌ ဆွေးနွေး ဆဲဥပဒေပေါင်း (၅၀)ကျော်ရှိပြီး ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့နှင့် ညှိနှိုင်း၍ ဥပဒေပေါင်း(၁၃၆)ခုကို ပြင်ဆင်၊ ပယ်ဖျက်၊ အသစ် ရေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မမျှော်မှန်းနိုင်သောဥပဒေများကိုလည်း ဆောင်ရွက်နေပါကြောင်း၊
ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အင်မတန်ကြီးမားသည့် တာဝန် ဖြစ် ပါကြောင်း၊ မည်မျှတာဝန်ကြီးမားများပြားသည် ဖြစ်စေ ယခု လွှတ်တော်သက်တမ်းကာလအတွင်း၌ ပြီးမြောက်အောင် ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ် ဆောင်ရွက်လျက်ရှိပါကြောင်း။
အလျဉ်းသင့်ခိုက် လွှတ်တော်များ၏တာဝန်ကို ပြောကြားလိုပါကြောင်း၊ လွှတ်တော်များသည် ဥပဒပြုရေး တာဝန်အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အာဏာပိုင်အဖွဲ့ အစည်းများနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရမည့် တာဝန်ရှိပါကြောင်း၊ ထို့ပြင် ပြည်သူ့ငွေစာရင်းများကို စီမံခန့်ခွဲပေးရသည့် တာဝန်ရှိပြီး အင်မတန် အရေးကြီးသည့် တာဝန် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရကသာလျင် ပြည်ထောင်စုလွှတ်တော်သို့ တိုက်ရိုက် တင်သွင်းရသည့် ဥပဒေကြမ်း (၃)ခုရှိပါကြောင်း၊ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းနှင့် အကောက် အခွန်ဆိုင်ရာ ဥပဒေကြမ်းတို့ ဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်က အဆိုပါ ဥပဒေကြမ်းများကို စီမံခန့်ခွဲပေး ရခြင်းဖြစ်ပါကြောင်း။
ပြဋ္ဌာန်းထားသည့် ဥပဒေများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဖြစ်ထွန်းစေရန်နှင့် တရား မျှတပြီး ပြည်သူများ လိုက်နာနိုင်သော ဥပဒေများ ဖြစ်ရန်လိုကြောင်း၊ ထို့ပြင် နိုင်ငံတကာ ကွန်ဗင်းရှင်းများ၊ Treaty များနှင့် ကိုက်ညီမှုရှိရန် လိုကြောင်း၊ ပြည်သူတစ်ရပ်လုံး လိုလားသည့် ငြိမ်းချမ်းရေး ရရှိအောင် မိမိတို့ လွှတ်တော်များက ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးက ငြိမ်းချမ်းရေးတံခါးဖွင့်ပြီး ဖိတ်ခေါ်ခဲ့ပါကြောင်း၊ တပ်မတော်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် တက်ကြွစွာ ပါဝင်နေပါကြောင်း၊ လွှတ်တော်အပိုင်းကလည်း ငြိမ်းချမ်းရေး ရရှိရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးမှသည် သွေးစည်းညီညွတ်ရေး ရအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။
လွှတ်တော်အတွင်း၌ ပါတီပေါင်း(၁၉)ခုမှ ကိုယ်စားလှယ်များရှိပြီး တိုင်းရင်းသား ပါတီများလည်း ပါဝင်ပါကြောင်း၊ ပါတီများ အချင်းချင်း ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် အယူဝါဒစွဲမထားဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် အားလုံးပါဝင် ဆောင်ရွက်ကြမည်ဆိုသည့် ခံယူချက်ဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပါတီတိုင်း၌ အမျိုးသားရေး ရည်မှန်းချက်ရှိပါကြောင်း၊ ပါတီများသည် လုပ်ဖော်ကိုင်ဖက်များဖြစ်ပြီး ရန်သူများ မဟုတ်ပါကြောင်း၊ ပါတီအချင်းချင်း အပြုတ်တိုက်၊ အပြတ်ရှင်း ရန်မဟုတ်ပါ ကြောင်း၊ မတူသည်များကို ခဏအသာထားပြီး တူသည်များကို ပူးပေါင်းလုပ်ဆောင်ရန် လိုကြောင်း၊ အာဏာရသူနှင့် အာဏာမရသူကြား အပြန်အလှန် ဆွေးနွေးညှိနှိုင်း၊ ဝေဖန်၊ အကြံပြု ပြိုင်ဆိုင်မှုများဖြင့် ပြည်သူ့အကျိုးကို ဖော်ဆောင်ရ မည်ဖြစ်ကြောင်း။
မိမိအမြင်၊ ကမ္ဘာ့အမြင်အရ ဥပဒေသည် သိထားအပ်၊ တတ်ထားအပ်ပြီး ကျွမ်းကျင်အောင် လုပ်ထားသင့်သည်ဟု လက်ခံထားပါကြောင်း၊ ဥပဒေကို သိမှ တတ်မှ ဥပဒေနှင့်အညီ နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် လူတိုင်း ကျွမ်းကျင်တတ်မြောက်ရန် မဖြစ်နိုင်ပါကြောင်း၊ ယနေ့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဥပဒေကို သိရုံသာမက တတ်မြောက်ရန်၊ ကျွမ်းကျင်ရန် လိုအပ်ပြီး ထိုက်သင့်သည့် ကဏ္ဍများ၌ ရှေ့တန်းက ဦးဆောင် ပါဝင်ကြရမည်ဖြစ်ပါကြောင်း။
အနာဂတ် မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ရန်ဆိုလျင် ဥပဒေစိုးမိုးမှု(Rule of Law)အတွက် ဥပဒေ၏ အဆုံးအဖြတ် (Supremacy of Law)ကို အလေးထားဆောင်ရွက်ရမည့် အချိန်ရောက်ပြီ ဖြစ်ကြောင်း၊ ဥပဒေကို လေးစား လိုက်နာသည့် ပုဂ္ဂိုလ်များ၊ တရားဥပဒေကို ကျွမ်းကျင်သူများက ဦးဆောင်နေမည်ဆိုပါက မြန်မာနိုင်ငံ၏ အခြေ အနေသည် အများကြီး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးနယ်ပယ်၌ ဥပဒေ ပညာရှင်များ ပါဝင်လာရေး သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည်ဟု ထင်မြင်ယူဆပါကြောင်း။
ယနေ့တွေ့ဆုံမှုသည် နိုင်ငံတော်အတွက် များစွာအကျိုးကျေးဇူး ဖြစ်မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဥပဒေကို သိအောင်၊ တတ်အောင်၊ ကျွမ်းကျင်အောင် သင်ယူကြခြင်းဖြင့် ကိုယ့်အတွက် သာမက နိုင်ငံတော်နှင့် မိမိတို့ ပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေးနှင့် တရားဥပဒေစိုးမိုးရေး သည် အင်မတန် အရေးကြီး ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုမရှိလျင် ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ကြောင်း၊ ဥပဒေ ပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ကောင်းစေတနာနှင့်ယှဉ်သော အကြံပြု ဆွေးနွေးချက် များနှင့် ပူးပေါင်းပါဝင်မှုများကို ကြိုဆိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာဒေါ်ခင်မာရီ၊ ဒဂုံတက္ကသိုလ် ဥပဒေ ပညာဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာဒေါ်မွန်မွန်တာ၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ဥပဒေပညာဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာ ဒေါ်မေထားနှင့် ရန်ကုန် အဝေးသင်တက္ကသိုလ် ဥပဒေ ပညာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာဒေါ်တင်မေထွန်းတို့က သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ဥပဒေ ပညာရပ်ဆိုင်ရာလုပ်ငန်းများ သင်ကြားပို့ချမှု၊ လွှတ်တော်များ၌ ဥပဒေပြုရေးလုပ်ငန်းများ ဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ရှေ့နေများဖြစ်ကြသော ဦးသန်းဌေး၊ ဦးဘတင့်ဆွေ၊ ဦးရှိန်ဝင်း၊ ဦးကိုနီ၊ ဦးနေလ၊ ဦးဌေးဦး (စိန်ဂျွန်း)၊ ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ဦးအောင်သန်းစိုး၊ အငြိမ်းစား အရာရှိကြီး ဦးအောင်ထွေး၊ ဥပဒေပါရဂူဘွဲ့ ကျောင်းသား မောင်စောအောင်သာဝင်း၊ International Law Firmမှ မမင်းမင်းဧရာနိုင်၊ ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာဒေါ်ခင်မာရီ တို့က ဥပဒေပြုရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်း အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့အတူ ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခဌာနမှူး(အငြိမ်းစား) ဒေါက်တာဒေါ်သန်းနွဲ့က ဥပဒေပြု ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဖြည့်စွက်အကြံပြုဆွေးနွေးသည်။
အကြံပြု ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယက က ပြန်လည် သုံးသပ်ဆွေးနွေးပြီး ဥပဒေပြုရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့ကာလ၌ ဥပဒေသမားများသည် အရေးပါလာပြီ ဖြစ်ကြောင်း၊ ဥပဒေပညာကို ကျင့်သုံးခြင်းဖြင့် လူသားများ အတွက် အကောင်းဆုံးရလဒ် ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများသည် ဆက်စပ်လျက် ရှိပါကြောင်း၊ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေနှင့်အညီ နေနိုင်ပါက တိုးတက်သည့် လူ့ဘောင် တစ်ရပ် ပေါ်ပေါက် လာမည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးသည် တရားရုံး တစ်ခုတည်းနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ပဲ အစိုးရအဖွဲ့၊ တရားရုံးများ၊ တရားစွဲအဖွဲ့ အစည်းများ၊ ရှေ့နေ ရှေ့ရပ် သက်သေများ၊ ပြည်သူများ အားလုံးပါဝင်ရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယက က ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။
