မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union) အစည်းအဝေး (၄/၂၀၁၄)ကို ယနေ့နံနက် (၈)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဝင်များဖြစ်ကြသည့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်များ၏ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်နိုင်မှုနှင့် ကိုယ်စားလှယ်များ၏ အရည်အသွေး မြှင့်တင်သွားရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လေ့လာသုံးသပ် ဆောင်ရွက်ရာ၌ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်တို့၌ ပါဝင်သင့်သည့်အချက်များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာက မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့အစည်းဝေး (၃/၂၀၁၄) ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများက အလှည့်ကျ ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် နာယက က ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကားပြော ကြားခဲ့သည်။
