ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသား လွှတ်တော်ရုံးတို့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်ဧည့်ခန်းမ၌ ကျင်းပသည်။
အဆိုပါ မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သြဝါဒစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဦးစီးမဟာနာယကဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယကနှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ ဝန်ထမ်းများ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒ စရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကဝိသာရထံမှ ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွား သရဇ္ဈာယ် တော်မူကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဈေးကုန်းကျောင်းတိုက်ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာ ယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
