ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Ding Zhongli အား တွေ့

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Ding Zhongli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ သဘင်ဆောင် ဧည်‌့ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်- မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုမှ  ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးတက်ရောက်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြီးအကဲ များ၏ ချစ်ကြည်ရေးခရီးစဉ်များမှတစ်ဆင့် အစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း၊ ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် တရုတ်နိုင်ငံ အနေဖြင့် ပိုမိုပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံစီးပွား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် လွှတ်တော်ရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ အတွင်းရေးမှူး များဖြစ်ကြသည့် ဦးဘိုဘိုဦး၊ ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်နှင့်      ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး  ဧည့်သည်တော်အဖွဲ့ နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang လည်း တက်ရောက်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Ding Zhongli တို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ညနေပိုင်းတွင် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌသည် ဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နေပြည်တော်ရှိ Park Royal Hotel ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်

 

         

Standard (Image)