၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့(International Day of Democracy 2018) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဖွင့်အမှာစကားပြောကြားရာ၌        ဒီမိုကရေစီစနစ်ကို ကျင်‌့သုံးလျက်ရှိကြ သည့် နိုင်ငံအသီးသီးတွင် နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့ ရောက်တိုင်း အပြည်ပြည် ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားများကို ကျင်းပပြုလုပ်လျက်ရှိကြပါကြောင်း၊ မိမိတို့ နိုင်ငံ တွင်လည်း ပါတီစုံဒီမိုကရေစီစနစ်ကို ကူးပြောင်းကျင်‌့သုံးခဲ့သည့် ၂၀၁၁ ခုနှစ် ကစတင်ပြီး နှစ်စဉ် ကျင်းပပြုလုပ်လာခဲ့ရာ ယခုနှစ်တွင် (၈) ကြိမ်ရှိလာပြီဖြစ်ပါကြောင်း။

          ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အတွက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU- Inter Parliamentary Union)က သတ်မှတ်ရွေးချယ်ထားသော ဆောင်ပုဒ်သည် “Oversight” ဖြစ်ပြီး မိမိတို့လွှတ်တော်အနေဖြင့် “ဒီမိုကရေစီရှင်သန်ရေးဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်ပေး”ဟုအဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါကြောင်း၊ တစ်ကမ္ဘာလုံးအတွက် သတ်မှတ်ရွေးချယ်ထား သည့် ယခုနှစ်ဆောင်ပုဒ်သည် မိမိတို့နိုင်ငံ၏ လက်ရှိဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်နှင့် လွန်စွာကိုက်ညီမှုရှိပြီး ဒီမိုကရေစီစနစ်အခြေ ခိုင်မာရှင်သန်စေရေးအတွက် မိမိတို့ကျရာအခန်း ကဏ္ဍကမှ ဝိုင်းဝန်းထိန်းညှိဆောင်ရွက်ပေးကြရန် လိုအပ်နေသည့်အချိန်ကာလလည်း ဖြစ်နေ သည့်အတွက် အဓိပ္ပါယ်ပြည့်စုံနေသည်ဟု သုံးသပ်မိပါကြောင်း။

          ကမ္ဘာပေါ်ရှိ ဒီမိုကရေစီကျင့်သုံးသော နိုင်ငံတိုင်းတွင် ဥပဒေပြုလွှတ်တော်များသည် ဒီမိုကရေစီကျင့်စဉ်များ ရှင်သန်အားကောင်းစေရန်အတွက် အဓိကမဏ္ဍိုင်ကြီးဖြစ်သကဲ့သို့ ဒီမို ကရေစီ၏ အခြေခံအုတ်မြစ်လည်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ အသက်ဝိဉာဉ်၊ အသက်သွေးကြော များဖြစ်သည်ဟုလည်း ပြောစမှတ်ပြုကြပါကြောင်း၊ ဥပဒေပြုအာဏာကို ကျင့်သုံးကြရသည့် လွှတ်တော်များသည် ပြည်သူများကိုကိုယ်စားပြုပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့ သဘောထားနှင့် ပြည်သူများ၏ လိုအပ်ချက်များကို သိရှိခံစားပြီး ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။

          ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် ပြည်သူလူထုက ချက်ချင်းအကောင်အထည်ပေါ် လာမှုကို မြင်တွေ့လိုကြသော်လည်း ဒီမိုကရေစီ၏ ပင်ကိုယ်အခြေခံသဘောတရားအရ ချက်ချင်းအဖြေထွက်ရန်ထက် အချိန်ကာလကောင်းတစ်ခုယူရန် လိုအပ်သည်ကိုလည်း သတိ ပြုကြရမှာဖြစ်ပါကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ၂၁ ရာစု၏ စိန်ခေါ်မှုများကိုရင်ဆိုင် ဖြေရှင်း နိုင်ရန် စစ်မှန်သော ဒီမိုကရေစီစနစ်မှတစ်ပါး အခြားစနစ် မရှိကြောင်းကို ထပ်လောင်း ပြောကြားလိုပါကြောင်း

          ဒီမိုကရေစီစနစ် ပိုမိုအခြေခိုင်မာလာအောင် အရှိန်အဟုန်မြှင့်တင်ပြီး ဆက်လက် လုပ်ဆောင်သွားကြရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာပြီး ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ အယူဝါဒစွဲများ မထားရှိကြဘဲ နိုင်ငံတော်နှင့် ပြည်သူလူ ထု အကျိုးစီးပွားအတွက် မိမိတို့အားလုံး အတူဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများကိုလည်း မဖြစ်မနေ ဆက်လက်ဆောင်ရွက်သွားကြရဦးမည်ဖြစ်ပါကြောင်း။

          ထို့ကြောင့် မိမိတို့၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ကြိုးပမ်းဆောင်ရွက်ကြရာတွင် မိမိတို့ကျရာအခန်းကဏ္ဍကနေပြီး နိုင်ငံတော်နှင့် ပြည်သူများအပေါ် စိတ်ရင်းစေတနာ မှန်ကန် စွာဖြင့် အမြော်အမြင်ရှိရှိ နည်းလမ်းမှန်မှန်ဖြင့် ကိုယ်စီတာဝန်များ ကျေပွန်အောင် ကြိုးပမ်း ဆောင်ရွက်ကြခြင်းဖြင့် အနာဂတ်ကာလတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ရပ် ပေါ်ထွန်းလာရေးလုပ်ငန်းစဉ်များ ပိုမိုဖွွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်မိပါကြောင်း။

          ဒီမိုကရေစီဟုဆိုလိုက်သည်နှင့် စည်းကမ်းနှင့် ဥပဒေဆိုတာ တစ်ခါတည်းပါလာပြီးသား ဖြစ်ကြောင်း၊ ဒီမိုကရေစီဆိုကတည်းက စည်းကမ်းနှင့် ဘောင်နှင့် နေကြရသည်ဆိုသည့် အဓိပ္ပါယ်ဖြစ်ပါကြောင်း၊ ထို့အတူ လွတ်လပ်မှုဆိုတာလည်း စည်းကမ်းနှင့် ဘောင်နှင့် ရှိသည်ကို သိမြင်ရန်လိုပါကြောင်း၊ ဒီမိုကရေစီဆိုသည် လူသားများ၏ လွတ်လပ်ခွင့်များကို အကာအကွယ်ပေးထားသည့် အခြေခံယုံကြည်ချက်များနှင့် ဒီမိုကရေစီစနစ်၏ အောက်တွင်လိုက်နာ ရမည့် အရေးကြီးသော အခြားအချက်များသည် တရားဥပဒေစိုးရေးနှင့် အားလုံးတန်းတူညီမျှ ရေးတို့ပင်ဖြစ်ပါကြောင်း။

          မိမိတို့မျှော်မှန်းသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်နိုင် ရေးအတွက် ပြည်သူများအကြား ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မာလာ အောင် အားလုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် ငြိမ်းချမ်းသာယာသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် ဒီမိုကရေစီစိတ်ဓါတ်နှင့် အလေ့အကျင့်တို့ကို အရင်းခံကာ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်နားလည်မှု၊ ယုံကြည်လေးစားမှု၊ ချစ်ခင် ရင်းနှီးမှုများဖြင့် တောင်ပေါ်၊ မြေပြန့် မခွဲခြားဘဲ ပူးပေါင်းဆောင်ရွက်သွားကြရမည့် အချိန်အခါလည်းဖြစ်နေပါကြောင်း။

          ပြည်သူလူထုတစ်ရပ်လုံးကလည်း ဒီမိုကရေစီအခြေခံအုတ်မြစ် ခိုင်မာရေးဆီသို့လျှောက် လှမ်းသည့်ခရီးတွင် နိုးနိုးကြားကြားတက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြပြီး ၂၀၁၈ ခုနှစ်၊ အပြည် ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ဆောင်ပုဒ်ဖြစ်သောဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်ပေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်နိုင်ကြ စေရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အတွက် သဝဏ်လွှာကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကလည်းကောင်း၊ ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်ထံမှပေးပို့သည့် သဝဏ်လွှာကို ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးကိုယ်စား WHO ကိုယ်စားလှယ် Mr. Stephen Jost က လည်းကောင်း ဖတ်ကြားကြသည်။

          ထို့နောက်စာတမ်းများ ဖတ်ကြားခြင်းအစီအစဉ်များကို ဆက်လက်ကျင်းပရာ ကျောင်း သားလူငယ်များ၏စာတမ်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများကိုယ်စားပြုစာတမ်း၊ ကချင်ပြည် နယ်ဒီမိုကရေစီပါတီ၏စာတမ်း၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၏စာတမ်း၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ၏စာတမ်း၊ “ဝ” ဒီမိုကရက်တစ်ပါတီ၏စာတမ်း၊ တပ်မတော် သား ကိုယ်စားလှယ်အစုအဖွဲ့၏စာတမ်း၊ လီဆူးအမျိုးသားတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၏ စာတမ်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ၏စာတမ်း၊ တအာင်း(ပလောင်) အမျိုးသား ပါတီ၏စာတမ်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏စာတမ်း၊ ရခိုင်အမျိုးသား ပါတီ၏ စာတမ်း၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏စာတမ်းနှင့် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်၏စာတမ်းတို့ကို ကိုယ်စားလှယ်များက ဖတ်ကြားကြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်သူလူထု၏ဆန္ဒနှင့်အညီ ဒီမိုကရေစီ အကူးအပြောင်းကာလမှ ဒီမိုက ရေစီ လမ်းကြောင်းပေါ်သို့ တစ်ဆင့်ချင်း တက်လှမ်းလာခဲ့ရာ ပြည်သူသည်သာ အဓိကပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြည်သူလူထုက စုပေါင်းပိုင်ဆိုင်ခြင်း၊ ပြည်သူ့ဆန္ဒဖြင့် နိုင်ငံတော်ကို အုပ်ချုပ်ခြင်းသည်သာ ဒီမိုကရေစီနစ်၏ အနှစ်သာရဖြစ်ပါ ကြောင်း။

ကာလရှည်ကြာ အခြေခိုင်မာနေသော စနစ်ဟောင်းမှ ဒီမိုကရေစီစနစ်သို့ကူးပြောင်းခဲ့ရာ ပြည်သူများသည် ယုံကြည်မျှော်လင့်ချက် ကြီးမားစွာထားရှိတတ်ပြီး ပြည်သူများ၏ ယုံကြည် မျှော်လင့်ခြင်းများစွာတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်သည် ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ပေးခဲ့သည့် မိမိတို့ ကိုယ်စားလှယ်တော်များ၏ တာဝန်များပင် ဖြစ်လာခဲ့ပါကြောင်း၊ ပြည်သူ့ဆန္ဒများ၊ ယုံကြည်မျှော်လင့်ခြင်းများစွာကို မည်မျှအထိ ဖြည့်ဆည်းပေးနိုင်သည်ဆို သည့် ပမာဏဖြင့် တိုင်းတာလျှင် မိမိတို့၏ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရန် အထူအလေးထား ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြည်သူများ ကျင့်ကြံနေထိုင်မှသာ ပိုမိုအားကောင်းသော ဒီမို ကရေစီစနစ်ကို ဖြစ်ပေါ်စေမည် ဖြစ်ပါကြောင်း၊ ပြည်သူများသည် ဒီမိုကရေစီအကျင့်ကောင်း များဖြစ်သည့် အများစု၏ဆန္ဒကို အနည်းစုကလိုက်နာ၊ အနည်းစု၏ဆန္ဒကိုလည်း အများစုက အလေးထားစဉ်းစား၊ မိမိ၏ လွတ်လပ်မှုသည် အများအတွက် မထိခိုက်စေခြင်းမျိုး၊ မျှော်မှန်း သလောက် ခရီးမရောက်နိုင်သော်ငြား စိတ်ရှည်သည်းခံခြင်းမျိုးတို့ကို နိုင်ငံသားတိုင်း မြတ်နိုး စွာ ကျင့်ကြံကြိုးစားကာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအရွေ့ကောင်းတစ်ခုကို အတူတကွ ပုံဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

မိမိတို့ ဥပဒေပြုလွှတ်တော်များ အားကောင်းမှသာ ဒီမိုကရေစီစနစ်ပီပြင်စွာ ပေါ်ထွန်း လာမည်ဖြစ်ပါကြောင်း၊ မိမိတို့ ကိုယ်စားလှယ်တော်ကြီးများ၏ အဓိကတာဝန်ဖြစ်သည့် ခေတ် စနစ်နှင့်ကိုက်ညီမည့် ဥပဒေပြုရေးတာဝန်များကို မြတ်နိုးဖွယ်တာဝန်ဟု မှတ်ယူပြီး ပြည်သူများ ဥပဒေ၏ အကာအကွယ်ကို တန်းတူရရှိနိုင်ရန်၊ ပြည်သူ့အကျိုးကိုသာ ဖော်ဆောင်ပေးသည့် ဥပဒေများဖြစ်စေရန်၊ ပြည်သူများ အမှန်တကယ် လိုက်နာနိုင်မည့် ဥပဒေများထုတ်ပြန်နိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။

မိမိတို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် လွှတ်တော်၏ ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အစဉ်နှလုံးသွင်းဆောင်ရွက်ရင်း မိမိတို့ ထုတ်ပြန်သည့် ဥပဒေများသည် ပြည်သူ့အတွက် အမှန်တကယ် အကျိုးရှိ/မရှိ၊ လက်တွေ့ ဘဝတွင် ပြည်သူ့အကျိုးကို ဥပဒေဘောင်အတွင်းမှ အကာအကွယ်ပေးနိုင်ခြင်း ရှိ/မရှိ လေ့လာ စောင့်ကြည့် ဝိုင်းဝန်းထိန်းညှိပြီး ပြည်သူတို့၏ အသံကို အစဉ်နားစွင့်ကာ ပြည်သူတို့လိုအပ် ချက်များကို အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်ရန်၊ ပြည်သူများ ဥပဒေ၏ အကာအကွယ်ဖြင့် အေးချမ်းလုံခြုံစွာနေနိုင်ရန် မိမိတို့အားလုံး အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးကြရမည် ဖြစ်ပါ ကြောင်း။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဆောင်ပုဒ်သည်“Oversight” ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲကာ အချင်းချင်း အပြန် အလှန်ထိန်းကျောင်းခြင်းဖြင့် ဒီမိုကရေစီစနစ် ပိုမိုရှင်သန်ခိုင်မာစေပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို ဦးတည်လျှောက်လှမ်းကြရမည်ပင်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီအသွင်ကူး ပြောင်းမှုဖြစ်စဉ်များနှင့်အတူ ဒီမိုကရေစီပန်းတိုင်သို့ မိမိတို့လျှောက်လှမ်းရာတွင် ရင်ဆိုင်ကြုံ တွေ့ရသည့် အခက်အခဲများစွာ၊ ပဋိပက္ခများစွာ၊ စိန်ခေါ်မှုများစွာတို့ကို မဆုတ်မနစ်သော ဇွဲလုံ့လ ဝီရိယတို့ဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဒီမိုကရေစီ၏ လက္ခဏာကောင်းဖြစ် သည့် စုပေါင်းဆောင်ရွက်ခြင်းဖြင့် ´´ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိဆောင် ရွက်ပေး´´ ကြရမည်ပင်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေ စီပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ပင်ဖြစ်ပါကြောင်း။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နှစ်ပေါင်းများစွာ လိုလားတောင်းတလျက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် မိမိတို့ ဆုပ်ကိုင်ထားသော အတ္တမာနများကို ဖယ်ရှားကာ သူတစ်ပါးအတွက်၊ အများအတွက် မျှဝေခြင်းများဖြင့် မေတ္တာ ထားကြရန်၊ အသီးသီးသော မတူကွဲပြား ခြားနားသည်များကိုလည်း တစ်စုတစ်စည်းတည်း ဖြစ်စေပြီး တူညီသော စိတ်ဓာတ်များဖြင့် ယုံကြည်ခြင်းကို သစ္စာပြုကာ နိုင်ငံသားများအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆန္ဒပြုတိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က အနုပညာဦးစီးဌာန ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ခဲ့ကြသူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေ ချီးမြှင့်ပေးအပ်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော် များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်သည် “ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိဆောင်ရွက်ပေး (Oversight) ဆိုသည့် ဆောင်ပုဒ်ဖြစ်သည်။

အခမ်းအနားသို့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွှန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ ကမ္ဘာ့ပါလီမန်များအဖွဲ့၊ ပါလီမန်များသမဂ္ဂ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လွှတ်တော်မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်

 

 

Standard (Image)