ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ၏ ဒုတိယဥက္ကဋ္ဌ H.E.Mr. Wang Zhengwei ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (Chinese People’s Political Consultative - CPPCC) ၏ ဒုတိယဥက္ကဋ္ဌ H.E. Mr. Wang Zhengwei ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသို့ တိုးမြှင့်ဆောင်ရွက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကိစ္စရပ်များတွင် ပိုမိုပူးပေါင်းပါဝင်ကူညီပေးရေး၊ နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးခင်မောင်ဝင်း၊ ဦးအောင်မင်း၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဦးဇော်သိန်း၊ ဦးခွန်မောင်သောင်း၊ ဒေါ်ခင်စန်းလှိုင်၊ ဦးခင်အေး၊ ဦးဝင်းသိန်းဇော်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၈ ခုနှစ်၊ မေလ  ၂၁ ရက်

Standard (Image)