ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် အမေရိကန် ပြည်ထောင်စု၊ အိမ်ဖြူတော်ဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီ၊ အာရှရေးရာ အကြီးတန်း ညွှန်ကြားရေးမှူး Mr. Matt Pottinger နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်သည့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ - အမေရိကန် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုကောင်းမွန် စေရန် လွှတ်တော်များက ကြိုးပမ်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံက တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် တွန်းအားပေးရေးနှင့် မြန်မာနိုင်ငံ ကျောင်းသား/ ကျောင်းသူများ အဆင့်မြင့်ပညာသင်ကြားရေးအတွက် အမေရိကန်နိုင်ငံက ပညာတော်သင်ဆုများ ပိုမိုကူညီရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ပြုံးကေသီနိုင်၊ ဦးဖြိုးဇေယျာသော်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက်
