ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ဖက်ဒရယ်နိုင်ငံများဖိုရမ်၏ ဒုတိယဥက္ကဋ္ဌ Mr. Felix Knuepling ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် Forum of Federations အနေဖြင့် ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များတွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ် ထူထောင်ရေးဆိုင်ရာ အကူအညီ ပေးလျက်ရှိသည့် လုပ်ငန်းများနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်ပေါ်လာရေးအတွက် အခြေခံလိုအပ် ချက်များ၊ မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ်နိုင်ငံ အကောင်အထည်ဖော်ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးအေးမူ၊ ဦးတင်အောင်ချို နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၃ ရက်
