ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းသည် PRIME Farms Myanmar Ltd အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် PRIME Farms Myanmar Ltd မှ ယခင်နှစ်က ကြက်သွန်နီစိုက်ပျိုးမှု အတွေ့ အကြုံရလဒ်ကောင်းများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ နည်းလမ်းကောင်းများ (Global GAP) နှင့် Hemp ခေါ် ချဉ်ပေါင်လျှော်၏ ထွက်ကုန်အသစ်များအကြောင်း ရှင်းလင်းပြီး Myanmar’s Agri and food sector development ၏ စိုက်ပျိုးရေး နည်းပညာအသုံးပြု၍ သီးနှံများအထွက်တိုးကောင်းမွန်ပြီး ဈေးကွက်အတွင်း အောင်မြင်စွာ ရောင်းချနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ Antimicrobial Resistance (AMR) Strategy အကြောင်းအရာနှင့်စပ်လျဉ်းပြီး မွေးမြူရေးတိရိစ္ဆာန်များ ပြုစုစောင့်ရှောက်မှု၊ ရောဂါကာကွယ်မှု နည်းပညာနှင့် ဆေးဝါးများဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းငွေ၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီအဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင် တို့တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်
