ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လွှတ်တော်နှင့် ဝန်ကြီးဌာနများမှ ပေးပို့လာသည့် ဥပဒေမူကြမ်းများအား ဘာသာရပ်အလိုက်ခွဲဝေပြီး သက်ဆိုင်ရာကော်မတီ များအလိုက် ဥပဒေကြမ်းများကို စိစစ်ကြရန် လိုအပ်ပါကြောင်း၊ ကော်မတီများ၏ စိစစ်တွေ့ရှိချက်နှင့် သဘောထား မှတ်ချက်များကို ဥပဒေများအဖြစ်ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေကြမ်းများကို စိစစ်တဲ့အခါမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် အခြားသောပညာ ရှင်များ ဖိတ်ခေါ်ပြီး ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လွှတ်တော်ရဲ့အဓိက တာဝန်ဖြစ်သည့် ဥပဒေပြုရေးအခန်းကဏ္ဍပိုမိုမြှင့်တင်ဖို့ အရေးကြီးပါကြောင်း၊ လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအတွက် ထိရောက်ပြီး အကျိုးစီးပွားဖြစ်ထွန်းစေသည့် ဥပဒေကောင်းများ ပေါ်ပေါက်လာရန် အရေးကြီးပါကြောင်း၊ အလားတူ ပြဋ္ဌာန်းသည့် ဥပဒေများနှင့် စပ်လျဉ်းပြီး ထိရောက်မှုရှိမရှိနှင့် စီမံခန့်ခွဲရသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ အနေဖြင့်လည်း လိုက်နာမှုရှိမရှိနှင့် စိစစ်ဖို့လိုအပ်ပါကြောင်း၊ လွှတ်တော်ကော်မတီများ အင်အားခိုင်မာတောင့်တင်းမှသာလျှင် လွှတ်တော်လည်း ပိုမိုအားကောင်းလာမည်ဖြစ်ပါ ကြောင်း၊ သို့မှသာ ဒီမိုကရေစီပြုပြင်ရေးလမ်းကြောင်းပေါ် မြန်ဆန်မှန်ကန်စွာ ရောက်ရှိမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကော်မတီများအနေဖြင့် လွှတ်တော် ကော်မတီများ အချင်းချင်း မကြာခဏ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ယခု အစည်းအဝေးတွင်လည်း တက်ရောက်လာသူများအားလုံး အနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြဖို့ လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်လျက်ရှိသည့် ဥပဒေကြမ်းများ၊ တိုင်ကြားစာများ၊ တွေ့ရှိချက်အစီရင်ခံစာများနှင့် သုံးသပ်အကြံပြု ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က သက်ဆိုင်ရာ ကော်မတီများအနေဖြင့် ကဏ္ဍအလိုက် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ ပူးပေါင်း ဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့် ပြင်ဆင် ဆောင်ရွက်သွားရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၈ ခုနှစ်၊ မေလ ၂၃ ရက်
