ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ကြသော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား မန်းအောင်ငြိမ်း ဖောင်ဒေးရှင်းက ပညာရည်ချွှန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံကြီး၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကားပြောကြားရာတွင် ပညာရေးစနစ် မည်သို့ပင်ပြောင်းပြောင်း အရေးကြီးသည်မှာ ကျောင်းသား၊ မိဘနှင့် ဆရာများပင် ဖြစ်ပါကြောင်း၊ ပညာရေးစနစ်အတွင်း ပါဝင်နေသည့် ကျောင်းသား၊ မိဘနှင့် ဆရာများသည် မိမိတို့ မည်သို့ဆောင်ရွက်နေသည်ကို သုံးသပ်ဖို့လိုအပ်ပါကြောင်း၊ မည်သည့် ပညာရေးစနစ်တွင်ဖြစ်စေ ကျောင်းသား/ကျောင်သူများအနေဖြင့် တတ်မြောက်အောင် သင်ယူရန်လိုအပ်ပါကြောင်း၊ ဆရာများသည် ကျောင်းသား/ကျောင်းသူများအား တတ်အောင်သင်ကြားပေးရန် လိုအပ်သလို မိဘများကလည်း မိမိတို့ ကလေးများ ကျောင်းများတွင် ပညာသင်ယူနိုင်စေရန်နှင့် မည်သို့ ကြိုးစား ပညာသင်ယူနေသည်ကို ဆန်းစစ်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဟန်ချက်ညီညီ ပြုလုပ်နိုင်ပါက ကျောင်းသားသည် အောင်မြင်ပါကြောင်း၊ ထို့ကြောင့် ဆရာ၊ မိဘ၊ ကျောင်းသားများအနေဖြင့် ဟန်ချက်ညီအောင် ဆောင်ရွက်နိုင်ပါမှ အောင်မြင်မှုရနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ရာ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင့်ထွန်းက ခြောက်ဘာသာဂုဏ်ထူးနှင့် ငါးဘာသာဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်မောင်ထွန်းက လေးဘာသာဂုဏ်ထူးရရှိသည့် ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုနိုင်က သုံးဘာသာဂုဏ်ထူးရရှိသည့် ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးစံရွှေအောင်က နှစ်ဘာသာဂုဏ်ထူးရရှိသည့် ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ ဥတ္တရ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက တစ်ဘာသာဂုဏ်ထူးရရှိသည့် ကျောင်းသား/ကျောင်းသူများအား လည်းကောင်း အသီးသီးဆုများချီးမြှင့်ကြသည်။
ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဇေယျာသီရိမြို့နယ်မှ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယရရှိသည့် ကျောင်းများအားဆုချီးမြှင့်ရာ နေပြည်တော်တိုင်း ပညာရေးမှူး ဦးမျိုးဝင်းအောင်က အောင်ချက်အကောင်းဆုံးဖြင့် ပထမရရှိသောအမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ချက်အကောင်းဆုံးဖြင့် ဒုတိယရရှိသော အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အောင်ချက်အကောင်းဆုံးဖြင့် တတိယ ရရှိသောအမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း (ကျည်တောင်) တို့မှ ကျောင်းအုပ်ကြီးများအား ဆုများချီးမြှင့်သည်။
ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ (၆) ဘာသာဂုဏ်ထူးရှင် မဆုလဲ့ပိုပိုက ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။
၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၉ ရက်
