UNDP နှင့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးပူးပေါင်း အဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ

ကုလသမဂ္ဂဖ့ွံဖြိုးမှုအစီအစဉ် UNDP နှင့် လွှတ်တော်များဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး ပူးပေါင်းအဖွဲ့ JCC တို့ တွေ့ဆုံဆွေးနွေးပွဲ ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် မွန်းလွဲ(၁) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၌ ဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် လွှတ်တော်၏ကဏ္ဍ အရေးကြီး ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းစ လွှတ်တော်များကို အရည်အသွေးနှင့် အရည်အချင်းရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါကြောင်း၊ UNDP အပါအဝင် နိုင်ငံတကာမှ အကူအညီပေးရေး အဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ လွှတ်တော်အဖွဲ့များကို လက်တွဲခေါ်ဆောင်၍ ကျေးဇူးတင်ပါကြောင်း၊ မိမိတို့ လွှတ်တော် ယခုအခြေအနေသို့ ရောက်ရှိလာခြင်းမှာ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ၏ အကူအညီများကြောင့် ဖြစ်ပါကြောင်း၊ သို့ရာတွင် လွှတ်တော်ဝန်ထမ်းများနှင့် ကိုယ်စားလှယ်များသည် ရှိသင့်ရှိထိုက်သည့် အရည် အချင်းများမရှိသေးဟု ရိုးသားစွာဝန်ခံရမည်ဖြစ်ကြောင်း။

ပထမအကြိမ် လွှတ်တော်သက်တမ်းသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်တွင် ကုန်ဆုံးမည်ဖြစ်၍ လွှတ်တော် အသစ်အတွက် လမ်းခင်းပေးရမည့် အနေအထားရှိပါကြောင်း၊ ကူညီမှုများပေးခဲ့သည့်အတွက် အားလုံးကို ကျေးဇူးတင်ပါကြောင်းနှင့် ကူညီမှုများကို ဆက်လက်ဝိုင်းဝန်း ကူညီပေးစေလိုပါကြောင်း၊ လွှတ်တော်များက နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် ရှေးရှု ဆောင်ရွက်နေပါကြောင်း၊ ဒီမိုကရေစီစနစ် မှန်မှန်ကန်ကန်တိုးတက်ရေးအတွက် အကြံပြုချက်၊ အမြင်များကိုတင်ပြကြရန် ပြောကြား လိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် UNDP ဌာနေ ကိုယ်စားလှယ် Mr. Toily Kurbanov က အမှာစကားပြောကြားပြီး လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်တမ်း ကောက်ယူသည့် နိုင်ငံတကာမှအဖွဲ့များက သုတေသနစစ်တမ်း ကောက်ယူမှု အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက မြန်မာနိုင်ငံ လွှတ်တော်များအတွက် UNDP နှင့် ဆောင်ရွက် ခဲ့သည့် လုပ်ငန်းများအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ပူးပေါင်းအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် JCC အဖွဲ့ဝင် များ၊ UNDP နှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ လွှတ်တော်ရုံးများမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်

Standard (Image)