ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဥက္ကဋ္ဌ ANTONIO GUTERREs နှင့် ယနေ့ နံနက် ၉ နာရီတွင် ပြည်သူ့လွှတ်တော် အဆောက်အအုံရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ANTONIO က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ရည်ရွယ်ချက် အနေဖြင့် ဒုက္ခသည်များအား ကိုယ့်အိမ်ကိုယ့်ရာ ပြန်နိုင်ရေး ကူညီပေးရန်၊ ဒုက္ခသည်များ ကိုယ့်ဒေသ ပြန်ရောက်သည့် အခါ ပုံမှန်အတိုင်း လုပ်ကိုင်စားသောက်နိုင်သည်အထိ ကူညီဆောင်ရွက်ပေး ရန်နှင့် ဒုက္ခကြုံတွေ့နေရသည့် ရခိုင်တိုင်းရင်းသားများအတွက်လည်း တစ်ပြိုင်တည်း ကူညီဆောင်ရွက်ပေးလို သည့် ရည်ရွယ်ချက်များ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး တိုင်းပြည် ပျောက်နေသည့် မွတ်စလင်များအား ကူညီပေးရန်၊ ၎င်းတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်သွားနိုင်ရန်ကူညီပေးမည် ဖြစ်သကဲ့သို့ ရခိုင်တိုင်းရင်းသားများ အမြင်မှာလည်း ဘင်္ဂါလီများကိုသာ ကူညီပေးသည်ဆိုသည့် အမြင်မျိုး မမြင်စေလိုဘဲ ရခိုင်တိုင်းရင်းသားများကိုလည်း အကူညီများ ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာပြည်တွင်းရှိ မွတ်စလင်များအား နိုင်ငံသားအဖြစ် အသိအမှတ် မပြုသော်လည်း ၎င်းတို့အတွက် အထောက်အထားဖြစ်စေမည့် စာရွက်စာတမ်း တစ်ခုခု ထုတ်ပေးစေလိုကြောင်း၊ နိုင်ငံသားတိုင်း ဂုဏ်သိက္ခာရှိရှိ အသက်ရှင် ရပ်တည်ရေး၊ မြေယာပိုင်ဆိုင်ခွင့်ရရှိရေးနှင့် မြေယာဥပဒေသည် အရေးကြီး ပါကြောင်း၊ အစိုးရ အဖွဲ့အနေဖြင့် အကူအညီလိုအပ်ပါက ၎င်းတို့အနေဖြင့် အကူအညီပေးရန် ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့်ရှိပါကြောင်း၊ ကုလသမဂ္ဂဒုက္ခဆိုင်ရာ မဟာမင်းကြီးရုံး အနေဖြင့် အာဆီယံ ဒေသအတွင်း ဖြစ်ပေါ် နေသည့် လူကုန်ကူးမှုပပျောက်အောင် ဆောင်ရွက်ရေးနှင့် ဒုက္ခသည်များ ပြန်လည် နေရာချထားရေး အတွက် ဆောင်ရွက်ပေးနေကြောင်း ဆွေးနွေးသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက အဆွေတော်လာရောက်ခြင်းသည် လွှတ်တော်ကို အသိအမှတ်ပြုရာ၊ အားပေးရာရောက်သဖြင့် ဂုဏ်ယူပါကြောင်း၊ တစ်ချိန်ကလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း လွှတ်တော်ကိုလာရောက် မိန့်ခွန်းပြောကြားခဲ့ခြင်းကြောင့် လွှတ်တော်အတွက်ကော၊ လွှတ်တော်အမတ်များအတွက်ပါ အားတက်စေကြောင်း၊ ယခု အဆွေတော် ရှင်းလင်းဆွေးနွေးသည့်များ အတွက် ကျေးဇူးတင်ပါကြောင်း၊ အခါအခွင့်သင့်လျှင်လည်း သမ္မတကြီးအား ဆက်လက် တင်ပြပေးမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲတွင် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေနှင့် ပြည်သူ့လွှတ်တော် ကော်မတီနှင့် ကော်မရှင်ဝင်များ၊ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
