ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနဝန်ကြီး H.E.Mr. Meng Jianzhu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီ ၁၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံပြီး
မြန်မာ-တရုတ် နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး တိုးတက် ဖြစ်ထွန်းမှုများ၊ နိုင်ငံတကာအရေးကိစ္စရပ်များ တွင် မြန်မာနိုင်ငံဘက်မှ မှန်ကန်စွာ ရပ်တည်ပေးခဲ့မှုများ၊ နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများတွင် ယခုထက် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များ၊ နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွား အစီအစဉ် များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမောင်ဦး၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို၊ ပြည်သူ့လွှတ်တော် ကော်မတီနှင့် ကော်မရှင်တို့မှ လွှတ်တော်ကိုယ်စားလှယ် များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီကျွင်းဟွားနှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
