ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းသည် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Bob Carr ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရီဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့်အတူ နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဌ ဦးလှမြင့်ဦး၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဌ ဦးသူရိန်ဇော်၊ ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးတီခွန်မြတ်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဌ ဦးဝင်းစိန်၊ လွှတ်တော်အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျေ သံအမတ်ကြီး H.E. Ms. Bronte Moules တက်ရောက်သည်။

တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ မြေပေါ်၊ မြေအောက် သယံဇာတများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး ကိစ္စရပ်များ၊ သြစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သိပ္ပံနှင့် နည်းပညာရပ်များ ပူးပေါင်းဖလှယ်ရေးဆိုင်ရာများ၊ ပညာတော်သင်များ စေလွှတ်ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ အကြား လွှတ်တော်များ၊ အစိုးရနှင့် ပြည်သူလူထုများအကြား ချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်မှုများ ပြုလုပ်ရန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
