ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုမှ အရေးကြီးအဆိုတင်သွင်းပါသည်။

  လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌ၊ပြည်သူ့ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များရှင်--မင်္ဂလာပါလို့နုတ်ခွန်းဆက်သလိုက်ပါတယ်။ကျမကတော့ရှမ်းပြည်နယ်၊ကွန်ဟိန်းမဲဆန္ဒနယ်က ရှမ်းတိုင်းရင်းသူ၊ ဒေါ်နန်းဝါနု ဖြစ်ပါတယ်ရှင်။ မြန်မာပြည်သူပြည်သားများနှင့် တိုင်းရင်းသားများတို့ရဲ့ အကျိုးစီးပွားအတွက် ကျွန်မက ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ -၁၃၃ အရ အရေးကြီးအဆိုကို တင်သွင်းသွားမှာ ဖြစ်ပါတယ် ရှင်။

အဆိုမှာ-

         `ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်နေ သော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံး ရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ ဖြစ်စေ၊ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆို´ ဖြစ်ပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင်-

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်မှာ အစိုးရအဖွဲ့နဲ့ လွှတ်တော်များက ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားတဲ့ အခွင့်အာဏာများကို ကျင့်သုံးလျှက် မြန်မာပြည်သူများအတွက် အထူးလိုအပ်လျှက်ရှိတဲ့ ဒီမိုကရေစီပြုပြင်ဖော်ဆောင်ရေးများကို အားသွန်ခွန်စိုက် ဖော်ဆောင်လျှက် ရှိနေပါတယ်။

             မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြပြီး အားပေးထောက်ခံမှုများလည်း ရရှိနေပြီ ဖြစ်ပါတယ်ရှင့်။  

      မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ ပိုမိုဖြစ်ထွန်း တိုးတက်စေရန်အလို့ငှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံအပေါ်မှာ အမေရိကန် ပြည်ထောင်စုမှ ချမှတ်အရေးယူထားတဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများအနက် ရင်းနှီးမြှပ်နှံမှုနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုများကို တစ်နှစ်တိတိ ဆိုင်းငံ့ပေးခဲ့ပါတယ်။ ဥရောပ သမဂ္ဂကလည်း အလားတူ ချီးမြှင့်ပေးခဲ့ပါတယ်။ အဲဒီလို အပြုသဘောဆောင်တဲ့ ပံ့ပိုးဆောင်ရွက်မှုများအတွက် အထူးကျေးဇူးတင်လျက်ရှိပါတယ်။ ဒီလိုအပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုများ ကို ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများက အထူးလိုလားလျက် ရှိပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင့်

စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ကျမအနေဖြင့် နှစ်ပိုင်းခွဲခြား ဆွေးနွေးလိုပါတယ်ရှင်။

          (၁)     နိုင်ငံတော်အပိုင်းနဲ့ (၂) တိုင်းရင်းသားများအပိုင်းတို့ ဖြစ်ပါတယ်။

(၁)     နိုင်ငံတော်အပိုင်းအနေနဲ့ ယခု အချိန်မှာ နိုင်ငံတော်က ဒီမိုကရေစီစနစ် ဖော်ဆောင်ရာ ပြုပြင်ပြောင်းလဲရေးပြုလုပ်ရာမှာ အားသွန်ခွန်စိုက် ပြုလုပ်နေကြပါတယ်။ ကျမတို့ နိုင်ငံဟာ နှစ်ပေါင်းများစွာ တစ်ဦးတည်း တစ်ဖွဲ့တည်း ချုပ်ကိုင်ခဲ့ရာမှာ ယခုအခါမှာတော့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုပြီးတော့ အာဏာသုံးရပ်ကို ခွဲခြားကျင့်သုံးခဲ့ပါပြီ။ ယခင်က အပြန်အလှန် ထိန်းကျောင်းခြင်းစနစ် မရှိခဲ့၍ စိတ်မကောင်းဖွယ်ရာများ ဖြစ်ပွားခဲ့သော်လည်း ယခုအခါမှာ အပြန်အလှန် ထိန်းကျောင်းခြင်းအားဖြင့် Reciprocal, Check & Balance ပြုလုပ် ခွင့် ရခဲ့ပြီး ဖြစ်ပါတယ်။ ကျမတို့ရဲ့ ဒီမိုကရေစီသက်တမ်းဟာ တစ်နှစ်ကျော်ဘဲ ရှိသေးတဲ့ အတွက် အလွန်နုနယ်နေပါသေးတယ်။ ဒါကို အများက နားလည်သဘောပေါက်ပြီး ကျမတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဒီမိုကရေစီစနစ် ရှင်သန်ထမြောက်ဖို့ရာ အတူတကွ ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ပါတယ်ရှင့်။

ဥက္ကဋ္ဌကြီးရှင့်-

စီးပွားရေး ပိတ်ဆို့အရေးယူမှုဟာ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် ဆောင်ရွက်လိုတဲ့ ကျမတို့နိုင် ငံအတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ ချမှတ်ရာမှာ များစွာ အဟန့်အတားဖြစ်နေပါတယ်။ ကျမတို့ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်ကို စတင်တက်လှမ်းနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပို့ကုန်အခြေပြုတဲ့ စီးပွားရေးနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အလေးပေး ထူထောင်ရာမှာ ဖြစ်ပါတယ်။ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ဥပဒေတွေကြောင့် ပို့ကုန်လုပ်ငန်းများ ကောင်းစွာဆောင်ရွက်နိုင်ခြင်း မရှိလို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းများနဲ့ လုပ်သားပြည်သူများအတွက် ပို့ကုန်တင်ပို့မှု ရရှိလာမယ့် အကျိုးအမြတ်များကို ခံစားခွင့် မရှိ ဖြစ်နေပါတယ်။

ဥက္ကဋ္ဌကြီးရှင့်-

စီးပွားရေး ပိတ်ဆို့မှုများနှင့် ပတ်သက်၍ များစွာ အရေးကြီးတဲ့ အချက်မှာ စီးပွားရေး ပိတ်ဆို့ အရေးယူမှု များဟာ ယခင် အစိုးရအပေါ် စီးပွားရေးနဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ရည်ရွယ်ခဲ့ သော်လည်း ယခုလက်ရှိ အစိုးရသစ် လွှတ်တော်နဲ့ ပြည်သူတစ်ရပ်လုံး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အကောင်အထည်ဖော်ရန် တစိုက်မတ်မတ် ကြိုးပမ်းနေမှုများအပေါ် အဓိက အဟန့်အတားတစ်ခု ဖြစ်နေတာ ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင့်

ဒုတိယအပိုင်းအနေနဲ့ ကျမက တိုင်းရင်းသားအရေးကိစ္စများနဲ့ ဆက်စပ်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ရှင်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ Sacntion ဟာ သွယ် ဝိုက်၍ ဆက်စပ်နေပါတယ်။ စီးပွားရေးပိတ်ဆို့ အရေးယူမှုဟာ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အကျိုးသက်ရောက်မှု များစွာရှိနေလို့ တိုင်းရင်းသားများအတွက်လည်း အလွန်အရေးပါလှပါတယ်ရှင်။

ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရ ငြိမ်းချမ်းရေး တို့အတွက် နိုင်ငံတော်က ကနဦးအနေဖြင့် စီးပွားရေး အခွင့်အလမ်းများကို ရေးရပါတယ်။

ဒါကို အခြေခံပြီး တိုင်းရင်းသားများက တိုင်းဒေသကြီး(သို့) ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တန်းတူညီမျှရရှိစေရေး တို့အတွက် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

နောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးရယူရာမျာ ၎င်းတို့ရဲ့ တပည့်လက်သားများ များစွာအတွက် အခြေခံစားဝတ်နေရေးဟာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် စီပွားရေးကို မဖြစ်မနေ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ စီးပွားရေးအရ နိုင်ငံခြားတိုင်းပြည်များနှင့် ကူးသန်းရောင်းဝယ်မှုများလည်း ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။

ဒီအချက်ကို အကြောင်းပြုပြီး တိုင်းရင်းသားများရဲ့ လူမှုဘ၀ ၊ စီးပွားရေးနှင့် နိုင်ငံရေးများလည်း တိုးတက် လာပြီး တန်းတူညီမျှ အခွင့်အရေးကို လျှင်မြန်စွာ ရရှိလာမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးများအပါဝင် နိုင်ငံတော် တစ်ခုလုံးကို ထိခိုက်စေပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးနဲ့ အမျိုးသား ပြန်လည် စည်လုံးညီးညွတ်ရေး ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ များစွာ အနှောက်အယှက် အဟန့်အတား ဖြစ်ပါတယ်။

ဥက္ကဌကြီးရှင့်

နိုင်ငံတော်က တိုင်းဒေသကြီး(သို့) ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားများအတွက် ဒီထက်ပိုသော တန်းတူညီမျှ အခွင့်အရေးပေးသင့်သလို ၊ နိုင်ငံတကာကလည်း တိုင်းရင်းသားများ မှီတင်း နေထိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူမှုများအား လျင်မြန်စွာ ရုပ်သိမ်းပေး သင့်ပါတယ်။ ဒါမှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေးစီစနစ် ဖောင်ဆောင်မှုတို့ကို အားပေး ကူညီရာရောက်ပါတယ်ရှင်။

အချုပ်အားဖြင့်ဆိုသော် မြန်မာ ဒီမိုကရေစီ ဖြစ်ထွန်းအောင်မြင်ရေးအတွက် စီးပွားရေး ပိတ်ဆို့မှုများကြောင့် နိုင်ငံသားနှင့် တိုင်းရင်းသားနှင့် တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခရောက်ရှိနေခြင်းမှ လွတ်မြောက်ရန် အတွက် တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အဟန့်အတား ဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ ဖြစ်စေ ညှိနှိုင်း ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို ကိုဆုံးဖြတ် အတည်ပြုပေးပါရန် တင်သွင်းအပ်ပါတယ်ရှင်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဋ္ဌေးမြင့်မှ ထောက်ခံဆွေးနွေးရာ-

      

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်များ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြစေပြီး ကျန်းမာချမ်းသာ ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ် ခင်ဗျား-

ကျွန်တော်ကတော့ တနင်္သာရီတိုင်းဒေသကြီး မြိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနှင့် ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါ နု တင်သွင်းသော ခေတ်မှီဖွံ့ဖြိုး တိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီ ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို ထောက်ခံဆွေးနွေးသွားပါမယ်ခင်ဗျား။

ကျွန်တော်တို့ရဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ဒေသအနှံ့ တိုင်းရင်းသားပေါင်းစုံ နေထိုင်လျက်ရှိပြီး ဒေသခံပြည်သူများအားလုံးသည် မိမိဒေသများ ဖွံ့ဖြိုးလာအောင် မငြိမ်းချမ်းသေးသည့် ဒေသများ ငြိမ်းချမ်းလာအောင် ပုံစံအမျိုးမျိုးနှင့် အထူးကြိုးစား ဆောင်ရွက်လျက်ရှိပြီး  နိုင်ငံတော် တည်ငြိမ်ရေး ပြည်သူများ စီးပွား ဖွံ့ဖြိုးတိုးတက်စေပြီး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်မှ မြှင့်တင်လာစေလျှက် ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး တိုင်းရင်းသား ပြည်သူများအားလုံးမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

  ဒါ့အပြင်၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီပါတီစုံဒီမိုကရေစီလမ်းကြောင်းအရနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား ဖော်ဆောင်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် အစိုးရအဖွဲ့တို့မှ အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိနေသော အချိန်အခါ သမယလည်းဖြစ်ပေသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ အာဆီယံဒေသတွင်းရှိ နိုင်ငံများ နိုင်ငံတကာ အဖွဲ့အစည်းများတို့က ဝိုင်းဝန်းကြိုးဆိုခဲ့ကြပြီး အားပေးထောက်ခံမှုများလည်း ရရှိနေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို ပိုမို ဖြစ်ထွန်းတိုးတက်စေရန် အလို့ငှာ ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံအပေါ်တွင် ဥရောပ သမဂ္ဂမှ ချမှတ်အရေးယူထားသည့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများအနက်မှ ရင်းနှီးမြှပ်နှံမှုနှင့် ငွေကြေး ဆိုင်ရာ ပိတ်ဆို့မှုများကို တစ်နှစ် ဆိုင်းငံ့ပေးခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုမှလည်း ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပါသည်။ ယင်းကဲ့သို့ အပြုသဘောဆောင်သော ဆောင်ရွက်မှုများအတွက် အထူးကျေးဇူး တင်လျက်ရှိပါသည်။

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးပါဝင်ပြီး နိုင်ငံနှင့် လူမျိုးအားလုံး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပွင့်လင်းမြင်သာသော နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ တရားစီရင်ရေးစနစ်တို့နှင့်အတူ သတင်းမီဒီယာကဏ္ဍ အသီးသီးကိုလည်း ဒီမိုကရေစီလမ်းကြောင်းနှင့်အညီ အရှိန်အဟုတ်ဖြင့် ပြောင်းလဲလုပ်ဆောင်လျက် ရှိပါသည်။

ယင်းသို့ ပြောင်းလဲဆောင်ရွက်ချိန်တွင် ကဏ္ဍအားလုံးမှ အချိုးညီညီ လိုက်ပါနိုင်ရေးအတွက် ပြည်သူ များသည် တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း၊ စီးပွားရေး အင်အားတောင့်တင်း ဖို့ အထူးအရေးကြီး လိုပ်အပ်ပါမည်။

ဥပမာ ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့သော မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတစ်ခုဖြစ်သည့် Burmese Freedom and Democracy Act ကြောင့် အထည်ချုပ်လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းကြောင့် ပြည်သူထောင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။

ဒါ့အပြင် ပြည်ပနိုင်ငံများ၏ Sanction များကြောင့် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပြည်သူများသည် နှစ်ရှည်လများ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး မိမိထုတ်လုပ်သော ကုန်ပစ္စည်းများ တန်ရာတန်ကြေး မရရှိ သည့်အပြင် မိမိတို့ ဝယ်ယူတင်သွင်း သုံးစွဲရသော စက်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊နည်းပညာတို့သည်လည်း တားဆီးပိတ်ပင်မှုများကြောင့် တန်ရာတန်ကြေးထက် ပိုမိုပေးဆောင် ဝယ်ယူခဲ့ကြရပါသည်။ ငွေရေးကြေးရေး စနစ်၊ ဘဏ်စနစ်များမှာလည်း မျာစွာခေတ်နောက်ကျန်မှုနှင့် ရင်ဆိုင်ကြုံတွေ့လျက် ရှိပါသည်။

၎င်းတို့၏ အကျိုးရလာဒ်မှာ ပြည်သူများ ဆင်းရဲမွဲတေမှုမျာစွာ ဖြစ်ပေါ်စေ၍ အလုပ်အကိုင် ရှားပါးလာ သည်အထိ ဖြစ်ပေါ်လာစေပြီး အချို့သော မိမိနိုင်ငံသားများ တိုင်းရင်းသားများသည် အခြားနိုင်ငံများသို့ သွားရောက်ကြပြီး ရရာအလုပ် လုပ်ကိုင်နေကြည်ရသည့် ခါးသီးသော အတွေ့အကြုံများကို လက်တွေ့ ခံစားနေ ကြရပါသည်။

သို့ဖြစ်ပါ၍ မကြာမီ သက်တမ်းကုန်ဆုံးတော့မည့် Burmese Freedom and Democracy Act ဖြင့် တားဆီးပိတ်ပင်မှုအား အမေရိကန် ပြည်ထောင်စု ဆီးနိတ်လွှတ်တော်တွင် ထပ်မံသက်တမ်းတိုးမြှင့် ဆောင်ရွက် ခြင်း မပြုဘဲ ဖြေလျှော့မှုကို ပြုလုပ်ပေးရန် ပြည်သူတစ်ရပ်လုံးမှ မျှော်လင့်စောင့်စား လိုလားလျှက် ရှိပါသည်။

သို့မှသာ ဒေသတွင်း ထွက်ကုန်များဖြစ်ကြသော လယ်၊ ယာ၊ ကိုင်း၊ ကျွန်း လုပ်ငန်းမှ ထွက်ရှိသော သီးနှံမျိုးစုံများ မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသော အသား၊ ငါးနှင့် ရေထွက်ပစ္စည်းများ၊ သယံဇာတကို အခြေခံ ပြီး ထုတ်လုပ်သော ကုန်ချောပစ္စည်းများ၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းမှ ထုတ်လုပ်သော ကုန်ပစ္စည်း များ၊ လူ့အရင်းအမြစ်ကို အသုံးပြုပြီး ထုတ်ုလပ်သော ထုတ်ကုန်ပစ္စည်းများ စသည်တို့ကို နိုင်ငံတကာ ဈေးကွက် သို့ တင်ပို့ရောင်းချခွင့် ရရှိရေးနှင့် ငွေကြေးလွှဲပြောင်းမှု၊ ဘဏ်စနစ်ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှပ်နှံမှုစသည့် ကဏ္ဍ အသီးသီးကို အခြားနိုင်ငံသားများနည်းတူ ရရှိစေပြီး ပြည်တွင်းပြည်ပတွင် ယှဉ်ပြိုင်နိုင်ခွင့်နှင့် ပါဝင် လုပ်ကိုင် ခွင့်ကိုပါ  ရရှိမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ဖော်ဆောင်နိုင် မည် ဖြစ်ပါသည်။

ဒါကြောင့် လက်တွေ့တွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှုကို အမြန်ဆုံး ရုပ်သိမ်းပေးခြင်းဖြင့် ပြည်သူအများ အလုပ်အကိုင် ရရှိစေပြီး ဆင်းရဲခြင်းမှ လွတ်ကင်း ကြကာ ယနေ့ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ နိုင်ငံရေး အပြောင်းအလဲများနှင့် ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မှုများကို များစွာ အထောက်အကူရနိုင်မည် ဖြစ်ပါသည်။

မိမိပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဝင်ရောက်ခြင်းလုပ်ငန်းတစ်ခုတည်းဖြင့် မိမိတိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးကို ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ပြည်သူများအားလုံး ပါဝင်နိုင် သည့် ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတို့အပြင် နည်းပညာ မြှင့်သော လုပ်ငန်းများ၊အရင်းအနှီးများသော လုပ်ငန်းများတွင် ပါဝင်စေလျက် နိုင်ငံတကာ ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားခွင့်၊ အကျိုးတူလုပ်ကိုင်ခွင့်၊ အသီးသီးရရှိကြမှသာ နိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသား ပြည်သူများ အားလုံးအပါအဝင် အခြေခံ လူတန်းစားများဖြစ်သော လယ်သမား၊ အလုပ်သမားများသည် ပြောင်းလဲလာသော နိုင်ငံရေး၏ ဆုလာဘ်များနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ရရှိသည့် ဒီမိုကရေစီ အသီးအပွင့်များကို ခံစားရရှိစေမည် ဖြစ်သည်။

သို့ရာတွင် ယနေ့အချိန်ထိ အဟန့်အတားဖြစ်စေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး၊ ငွေရေးကြေးရေး၊ ရင်းနှီးမြှပ်နှံမှုနှင့် ပက်သက်သည့် ပိတ်ပင်တားဆီးမှု မှန်သမျှကို သက်ဆိုင်ရာ နိုင်ငံအားလုံးမှ ပြန်လည်စဉ်းစားသုံးသပ်ပြီး အမြန်ဆုံး ဖယ်ရှားပေးပါရန်နှင့် ပိတ်ပင်တားဆီးမှု သက်တမ်းတိုးမြှင့်ခြင်းကိုလည်း ဖြေလျှော့ ဆောင်ရွက်ခြင်း လုပ်ဆောင်ပေးကြပါရန် တောင်းဆိုအပ်ပါသည်။

ပြုပြင်ပြောင်းလဲရေးများကို အမှန်တကယ် ဆောင်ရွက်နေသော မိမိနိုင်ငံအတွက် ပိတ်ပင်တားဆီးမှု ဆောင်ရွက်လျှက်ရှိသည့် နိုင်ငံအချို့တို့ကြောင့် မြန်မာနိုင်ငံ၏  ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို အဟန့်အတား ဖြစ်စေသည့်အပြင် စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းနှင့် ဆုတ်ယုတ်မှုများ ဖြစ်ပေါ်နေခြင်း ကြောင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရှရိစေရေးကို ထိခိုက်လျှက် ရှိပြီး ပြည်သူများ၏ စားဝတ် နေရေးအတွက် မှန်ကန်သောနည်းလမ်းဖြင့် ဝင်ငွေရရှိရေးကိုပါ ထိခိုက်လျှက် ရှိပါသဖြင့် ပိတ်ဆို့တားဆီးခြင်း များ ပြုလုပ်လျက်ရှိသော သက်ဆိုင်ရာနိုင်ငံများအနေဖြင့် တားဆီးပိတ်ပင်မှုအားလုံး အမြန်ဖယ်ရှား နိုင်ရေး အတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူကိုမဆို၊ မည်သည့်နည်းကို အသုံးပြု၍ဖြစ်စေ၊ အမျိုးသားရေး တာဝန်တစ်ရပ် မှတ်ယူ၍ ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ဝါဒစွဲများ မထားဘဲ ပြည်သူများအတွက် ပြည်သူ့ဘက်မှ ရပ်တည်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတဆင့် ပြည်သူ့လွှတ်တော်သို့ တင်ပြရင်း အဆိုရှင် ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုမှ တင်သွင်းသွားသော ခေတ်မှီ ဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်စေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု အမြန်ဆုံး ရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူကိုမဆို မည်သည့်နည်းလမ်းကို အသုံပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း အဆို အား တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအကျိုးငှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံးမှ ပူးပေါင်းပါဝင် တောင်းဆိုကြပါစို့လို့ တိုက်တွန်းရင်း လေးလေးနက်နက် ထောက်ခံတင်ပြအပ်ပါသည်ခင်ဗျား။

 

ဒေါ်ခင်စောဝေ (ရသေ့တောင်မဲဆန္ဒနယ်)

ဥက္ကဌကြီးရှင့် သဘာဝသယံဇာတ ဒေသတွင်းစီးပွားရေးနောက်ကိုသာ အခြေပြပြီး လူအနည်းကသာ ထိုစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရရှိနေတဲ့ အချိန်များမှာ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုမှာ ယခင်စနစ်ဟောင်းက အစိုးရနှင့် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များအပေါ် ဖိအားတစ်စုံတစ်ရာသက်ရောက်မှုမရှိသေးပါဘူး၊ ယခုပေးသော ပြည်သူတစ်ရပ်လုံးကို အကြိုးဖြစ်ထွန်းစေမည့် ဒီမိုကရေစီဖေါ်ဆောင်ရေးကို ကြိုးပမ်းနေရတဲ့အချိန်မှာ ထိုအက်ဥပဒေကို ချမှတ်ထားရှိနေဦးမယ်ဆိုလို့ရှိရင် ပြုပြင်ပြောင်းလဲရေးမူဝါဒများ ချမှတ်ရာမှာ အဟန့်အတား ကြုံတွေ့ရမှာဖြစ်ပြီးတော့ ပြည်သူလူထု၏ အကျိုးစီးပွားကိုသာ ထိခိုက်နစ်နာစေပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ လူနည်းစုသာ လုပ်ကိုင်ခွင့်ရရှိနေတဲ့အခြေအနေမှ လူအများစုပါဝင်လုပ်ဆောင်နိုင်သည့် အခြေအနေသို့ရောက်ရှိနိုင်ရန် အတွက် နိုင်ငံတကာ ဈေးကွက်အတွင်းဝင်ဆံ့နိုင်ရန်အထူးတလည် လိုအပ်လှပါသည်။။

          နိုင်ငံတကာ ဈေးကွက်နှင့် ချိတ်ဆက်နိုင်ခဲ့ခြင်း မရှိ၍ မြန်မာနိုင်ငံသည် လုပ်သားအင်အားပေါများပြီး ပို့ကုန်အခြေပြုသည့် စီးပွားရေးဖြင့် အောင်မြင်လျှက်ရှိသော ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် များစွာမှပင်နောက်ကျ ကျန်ခဲ့ပြီဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် ထားရှိသည့် မူဝါဒများ ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းရေးအတွက်ဟုဆိုထားသော်လည်း နိုင်ငံရေးအရ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းမရှိသည့် နိုင်ငံများနှင့်ပင် စီးပွားရေးအရလွတ်လပ်စွာ ကုန်သွယ်မှုပြုနေ သည်များလည်း ရှိနေသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်ထွန်းမှုများမှာ ထိုနိုင်ငံများနှင့် ယှဉ်လျှင် များစွာမှပင် သာလွန်မှုရှိနေသည် ဖြစ်သဖြင့် အမေရိကန်ပြည်ထောင်စုအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် လွတ်လပ်စွာ ကုန်သွယ်မှုပြုလုပ်နိုင်ရန် ခက်ခဲမှုရှိနိုင်လိမ့်မည် မဟုတ်ဟု ယူဆပါသည်။

          မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဈေးကွက်တွင် ချိတ်ဆက်နိုင်သည့် အချိန်အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ကူးသန်းရောင်းဝယ်ရေးအရ ချိတ်ဆက်နိုင်သည့် အခြေအနေတွင် အမေရိကန်-မြန်မာ့ဆက်ဆံရေးမှာ မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက်ပိုမို အကျိုးသက်ရောက်မှုရှိလာနိုင်ပါသည်။ စင်စစ်တွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများက နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို များစွာအထောက်အကူ ပြုနိုင်သည်ဖြစ်ရာ မြန်မာ့စီးပွားရေးတိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း မည်သို့မျှ ကင်းကွာ၍ မရတော့သည့် အနေအထားသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ ထိုအချိန်မျိုးတွင် မြန်မာနိုင်ငံအပေါ်ထားရှိသည့် နိုင်ငံတကာသဘောထားအမြင်နှင့် မူဝါဒများမှာလည်း မိမိတို့နိုင်ငံအတွက်ပိုမို အကျိုးသက်ရောက်မှုရှိလာနိုင်ပါသည်။ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု (Burmese Freedom and Democracy Act) ဆက်လက်ထားရှိခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပိုမိုတိုးတက်စေရန်အတွက် ဆိုခဲ့သလို နိုင်ငံတကာဈေးကွက်နှင့် ထိရောက်စွာ ချိတ်ဆက်ထားခြင်းမရှိသည့် မိမိတို့နိုင်ငံအတွက်မူ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက်သာ အဟန့်အတားဖြစ်စေပြီး နိုင်ငံရေးဖြစ်ထွန်း တိုးတက်မှုများ အတွက်မူ လုံလောက်သည့် နိုင်ငံတကာ ဖိအားမျိုးမသက်ရောက်နိုင်ပါ။

          ထို့ကြောင့် မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းမည့် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ပေါ်တွင် ကြီးမားစွာအကျိုးသက်ရောက်မှုရှိတဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ထားတဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုကိုပြန်လည် ရုပ်သိမ်းခြင်းမရှိတဲ့အချက်ဟာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူလူထုများ၏ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးကိုလည်း ထိခိုက်စေပြီး ကျွန်မတို့၏ဖွံ့ဖြိုးမှုနည်းပါးနေသော ဒေသများမှတိုင်းရင်းသားများကိုလည်း ထိခိုက်နစ်နာစေ ပါတယ်။ မြန်မာနိုင်ငံအပေါ်တွင် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခြင်းမှာလည်း မြန်မာနိုင်ငံရှိ ပြည်သူများနှင့်တိုင်းရင်းသားများအပေါ် အကူအညီပံ့ပိုးပေးရာ ရောက်ပါလိမ့်မယ်။

          သို့ပါ၍ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၏ အဆိုဖြစ်သော “ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ဖေါ်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံး ရုတ်သိမ်းပေးပါရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူမည်သူကိုမဆို မည်သည့်နည်းလမ်းကိုအသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း”အဆိုကို ကျွန်မဒေါ်ခင်စောဝေမှ လှိုက်လှိုက်လှဲလှဲ ထောက်ခံဆွေးနွေးအပ်ပါတယ်ရှင့်..

 

ဦးနိုင်ငံလင်း (ဒက္ခိဏသီရိမဲဆန္ဒနယ်)

ဒီအဆိုဟာ ထောက်ခံဆွေးနွေးတာနဲ့ မလုံလောက်တဲ့ အဆိုတစ်ခု ဖြစ်ပါတယ်။ အကြေအလည်ညှိနှိုင်းဆွေးနွေးရမည့် အဆိုတစ်ခုဖြစ်ပါတယ်။ ဥပဒေကြမ်းဆိုရင် ဥပဒေကို နောက်ပိုင်း ဆွေးနွေးခွင့်ရှိပါတယ်။ ဒီလိုအဆိုမျိုးဟာ နောက်ပိုင်းဆွေးနွေးဖို့ အခက်အခဲရှိပါတယ်။ ကျွန်တော်က တိုင်းရင်းသားကိုယ်စားလှယ်ကြီးများက တင်ပြသွားတဲ့အတွက်ကြောင့် အလေးအနက်ထားပြီး ဆွေးနွေးတာ ဖြစ်ပါတယ်။ မေးချင်တဲ့မေးခွန်းတွေရှိပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့လည်း လိုလားတယ်။ သို့သော်လည်း ဒီစီးပွားရေးပိတ်ဆို့မှုတွေဖယ်ရှားပြီဆိုရင် တကယ်တိုးတက်မှုကို ရမှာလား၊ တိုင်းရင်းသားတွေနဲ့ ပြည်သူတစ်ရပ်လုံး ခံစားခွင့်ရမှာလား၊ ဖွံ့ဖြိုးတဲ့ တိုင်းပြည်တွေတောင်မှ နိုင်ငံတကာနှင့် စီးပွားရေးလုပ်တဲ့အခါမှာ ပညာတတ်လူတန်းစား၊ အထက်တန်းလွှာတွေပဲ ခံစားခွင့်ရတာပါ၊ ဒီအဆိုဟာ ထောက်ခံသင့်တယ်ဆိုပေမယ့် အကြေအလည်ညှိနှိုင်းရမယ့်အဆိုဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ အနေနှင့်ရော ပြည်သူလူထုစီးပွားရေး ပိတ်ဆို့မှုတွေကို ရပ်တန့်လိုက်ပြီဆိုလျှင် တကယ်တန်း လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး အားလုံးကို အာမခံချက်ပေးနိုင်ပြီလား ဒါမျိုးတွေကို ဆွေးနွေးဖို့လိုပါတယ်။ အဓိကပြောချင်တာက ဒီအဆိုကို ထောက်တော့ထောက်ခံတယ်။ သို့သော်လည်း အချက်အလက်တွေ အားလုံးကို ထည့်သွင်းစဉ်းစားပြီးမှ ထောက်ခံသင့်တယ်လို့ ကျွန်တော် ယုံကြည်မိပါကြောင်း တင်ပြလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

 

ဦးကြည်မြင့်(လသာမဲဆန္ဒနယ်)

 ကျွန်တော့်အနေနဲ့က မနေ့က မနက်ကပဲ အင်တာနက်ဖွင့်ကြည့်လိုက်တော့ မြန်မာနိုင်ငံကို ပထမဦးဆုံးသော ၁၉၆၂ ကစပြီးတော့ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကို ခန့်အပ်လိုက်တယ် ဆိုတဲ့ နောက်မှာ လွန်ခဲ့သော ၇နာရီက သတင်းပါ။ အမေရိကန်သမ္မတကြီး အိုဘားမားကိုတိုင်က မြန်မာနိုင်ငံမှာ သွားရောက်ရင်းနှီးမြုပ်နှံကြတော့ ဆိုပြီး ခွင့်ပြုလိုက်တဲ့တာ ကျွန်တော်ဖတ်လိုက်ရပါတယ်။ ကျွန်တော်တို့က သိပ်ပြီးလောနေစရာမလိုတော့ဘူး ဆိုတဲ့ အဆင့်ကို ရောက်နေပါတယ်။ ကျွန်တော်တို့ စီးပွားရေးပိတ်ဆို့မှုကို ဆိုင်းငံ့ထားတယ်ဆိုတဲ့စကားလုံးတွေ ဖြေလျှော့ထားတယ်ဆိုတဲ့ စကားလုံးတွေလည်းရှိတယ်။ လုံးဝရုပ်သိမ်း တယ်ဆိုတဲ့ စကားလုံးမရောက်သေးတာ ပဲရှိပါတယ်။ Wait and See ပေါ့၊ တစ်ဖက်ကလည်း အခြေအနေ အချိန်အခါအလျှောက် ဖြေလျှော့ပေးရာ နောက်ဆုံးလုံးဝရုပ်သိမ်းတာ ရောက်ရှိမယ့်အနေအထားရှိ ပါတယ်။ မြင်သာပါတယ်။ ကျွန်တော်တို့ဘက်ကလည်းပဲ လုပ်စရာကိုင်စရာတွေကတော့ မကျန်ဘူးမဟုတ် ကျန်ပါတယ်။ ဒါကျွန်တော်တို့ဘက်က ဝန်ခံရမယ့် ကိစ္စတွေ၊ ဆောင်ရွက်ရမယ့်ကိစ္စတွေရှိပါတယ်။ အဲဒီသတင်း နောက်ဆက်တွဲမှာ ပါပါသေးတယ် မြန်မာနိုင်ငံကြီးဟာ သူတို့အတွက် မက်လောက်တဲ့ စီးပွားရေးသယံဇာတ သိုက်ကြီးပဲဆိုတဲ့ စကားလုံး Very Lucrative Treasure ပေါ့၊ သူတို့မလာပဲမနေပါဘူး၊ လာပါမယ်၊ လာနိုင်ဖို့အတွက် လမ်းမဖွင့်ဘဲမနေပါဘူး၊ ဖွင့်ပါလိမ့်မယ်။ သူတို့ထုတ်လုပ်တဲ့ ပစ္စည်းတွေကိုလည်း မရောင်းချင်ပဲမနေပါဘူး၊ ရောင်းပါလိမ့်မယ်။ တချို့စီးပွားရေးသမားတွေပြောတဲ့စကားလုံးတွေလည်း ပါပါတယ်။ ငါတို့သိပ်နောက်ကျနေပြီဆိုတာမျိုးပေါ့၊ မြန်မာနိုင်ငံရဲ့ ရေနံနှင့် ဓာတ်ငွေ့တွေက ကိုရီးယားတွေ တရုတ်တွေ၊ အိန္ဒိယတွေ လက်ဦးနေပြီ ငါတို့လည်း သွားရဖို့အတွက်ပြင်ဆင်ကြရမယ်ဆိုတာမျိုးလည်း ပါပါတယ်။ ခုဏပြောတဲ့အဆိုကမှန်ပါတယ်။ ပြီးခဲ့တဲ့နှစ်လောက်ကဆိုရင်တော့ ဒါတော်တော်လေးလိုအပ်တဲ့အဆိုပါ။ သို့သော်လည်း ယခုအချိန်ယခုကာလမှာတော့ ဒီအဆိုဟာ မလိုအပ်တော့ဘူးလို့ မြင်တဲ့အတိုင်း ကျွန်တော်အနည်းငယ်ပါဝင်ပြီးတော့ ဆွေးနွေးရခြင်းဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

 

ဦးစိန်ဝင်း (မအူပင်မဲဆန္ဒနယ်)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား တိုင်းပြည်တစ်ပြည်ရဲ့ ကြီးပွားတိုးတက်မှုဟာ အုပ်ချုပ်တဲ့သူရယ်၊ အုပ်ချုပ်ခံရသူရယ်၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူ နှစ်ခုကြားမှာရှိတဲ့ စနစ်ရယ် အဲဒီအချက် သုံးချက်က အရမ်းအရေးကြီးပါတယ်။ တစ်ဖက်က Sanction ကိစ္စကို၊  တစ်ဖက်က တွန်းလှန်တဲ့ ကိစ္စများ ဆောင်ရွက်တာကို ကျွန်တော် ထောက်ခံပါတယ်။ ဒါပေမယ့် အဲဒါတစ်ခုတည်းနဲ့ နိုင်ငံကြီးက မတိုးတက်ပါဘူး။ အရေးကြီးတာက ကျွန်တော်တို့ အချက် ၃ ချက်က အရေးကြီးပါတယ်။ ဒီအချက် ၃ ချက်ကို အုပ်ချုပ်တဲ့သူရယ်၊ အုပ်ချုပ်ခံရတဲ့သူရယ် စနစ်ရယ်ဟာ အံဝင် ခွင်မကျဘူးဆိုရင် အမေရိကန် (၃) နိုင်ငံလာလည်း ကျွန်တော်တို့ အတွက် စီးပွားတိုးတက်မှု အလားအလာ မရှိပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ တင်ပြဆွေးနွေးချင်တာ ကတော့ Sanction ကို တစ်ဖက်က လုပ်ပါ။ ကျွန်တော်တို့ရဲ့ အတွင်းအားကို ကျွန်တော်တို့ တည်ဆောက်ဖို့ လိုပါတယ်လို့  ကျွန်တော်တင်ပြဆွေးနွေးချင်ပါတယ်။

Standard (Image)