ပြည်သူ့လွှတ်တော်ဥက္ကဌမှ ဒေါ်နန်းဝါနု တင်သွင်းသည့် အရေးကြီး အဆိုကို ဖြည့်စွက် ရှင်းလင်းပြောကြားခြင်း

ဒီနေ့ ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု အရေးကြီး အဆိုတစ်ရပ်တင်သွင်းပါတယ်။ သူ့ရဲ့ ကိုးကားချက် ကတော့ ပြည်သူ့လွှတ်တော် နည်းဥပဒေ ပုဒ်မ နည်းဥပဒေ ၁၃၃ အရ ဖြစ်ပါတယ်။ ဒီလိုတင်သွင်းတဲ့ အခါမှာ တင်သွင်းတိုင်းကော၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အခွင့်အရေး တောင်းခံပြီးတော့ တင်သွင်းတိုင်းကော ခွင့်ပြုမလား ခွင့်မပြုဘူးလားဆိုတာ လွှတ်တော်ဥက္ကဋ္ဌရဲ့ အဆုံးအဖြတ်ပဲဖြစ်ပါတယ်။

<--break->

ဘယ်ပေါ်မှာ ဆုံးဖြတ်မလဲ  နိုင်ငံနဲ့ နိုင်ငံသားများအတွက် အရေးကြီးတဲ့ ကိစ္စတစ်ရပ် အဆိုတစ်ရပ်ဆိုရင် တင်သွင်းတဲ့ အဆိုကို လက်ခံမှာ ဖြစ်ပါတယ်။ ဒါဖြင့် ဒီနေ့တင်သွင်းတဲ့ အဆိုဟာ နိုင်ငံနဲ့ နိုင်ငံသားများအတွက် အရေးကြီးသလား၊ မကြီးသမလား လွှတ်တော်ဥက္ကဋ္ဌက သုံးသပ်ပါတယ်။ သုံးသပ်ပြီးမှ ဆုံးဖြတ်ချက်ချပြီးမှ ဒီအဆိုကို လက်ခံဖို့ တင်သွင်းဖို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာ ပြောမယ်ဆိုရင်တော့ နိမ့်ကျ နောက်ကျနေပါတယ်။ စီးပွားရေးရော၊ လူမှုစီးပွားရေး ရော နိမ့်ကျ နောက်ကျနေပါတယ်။ အဲဒီလို နိမ့်ကျ နောက်ကျတဲ့ အကြောင်းတွေက ဘာကြောင့်လဲဆိုတဲ့ အခါမှာ အခုနက လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးသွားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုဟာ အဓိက ကျတယ်ဆိုတာ ဥက္ကဋ္ဌဘက်က နိုင်ငံသားတစ်ယောက်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒီလိုပဲ မြင်မိပါတယ်။ ဒီလိုပဲ ယူဆမိပါတယ်။ အဲဒီလို ယူဆတဲ့နေရာမှာ ဒီနေ့ အရေးကြီးအဆို ဆိုတဲ့နေရာမှာ အဆိုတစ်ခုဟာ အရေးကြီးရင်ကြီးမယ်၊ ချက်ချင်းကြီးတင်ပြဖို့ လိုချင်မှလိုမယ်။ အဲဒီလိုမျိုး အဆိုကြတော့ အရေးကြီးအဆို မဟုတ်ဘဲနဲ့ သာမာန် အဆိုကိုပဲ တင်သွင်းဖို့ဖြစ်တယ်။ လက်ခံဖို့ဖြစ်တယ်။

ဒီနေ့ အရေးကြီးအဆိုအဖြစ် တင်သွင်းတဲ့ အချိန်ကာလအခြေအနေကို ပြန်သုံးသပ်ဖို့ လိုပါတယ်။ အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ လျော့ပေးမယ်၊ လျော့ပေးခဲ့တယ်၊ ဒါက ရက်ကာလ မမှတ်မိပါဘူး။ မြန်မာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဝဏ္ဏဦးမောင်လွင် အမေရိကန်နိုင်ငံရောက်၊ ရောက်တဲ့အချိန်မှာ ညနေပိုင်းမှာ အရေးယူ ပိတ်ဆို့မှုတွေ လျော့ပေးလိုက်မယ်လို့ ဒီလို မိမိတို့ ကြားရတဲ့ အတွက် အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါတယ်။ အချိန်ကာလကတော့ မိမိ အနောက်နိုင်ငံ  ဥရောပ ယူနီယံသမဂ္ဂရဲ့ ဖိတ်ကြားချက်အရ လန်ဒန်မြို့ကို ရောက်ရှိနေချိန်ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဆောင်ရွက်တယ် လို့ ယူဆရတဲ့ အမေရိကန်နိုင်ငံကို ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဖုန်းဆက်ပြီးတော့ ကျေးဇူးတင်နှုတ်ဆက်စကားပြောပါတယ်။ သို့ရာလည်း နောက်ပိုင်းထွက်လာတဲ့ ဖြေလျော့မှုတွေဟာ အမေရိကန်နိုင်ငံသား လုပ်ငန်းရှင်များ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့အတွက် အမေရိကန်နိုင်ငံ အမေရိကန် အစိုးရက သမ္မတရဲ့ အုပ်ချုပ်မှုအာဏာအတွင်းက ဆောင်ရွက်ပေးတာ သွားပြီး တွေ့ရပါတယ်။ မြန်မာနိုင်ငံက ခံစားနေရတာက ပိတ်ဆို့အရေးယူမှုကြောင့် အထူးသဖြင့်တော့ ငွေကြေးလဲလှယ်မှု Transaction ပိတ်ဆို့မှုဟာ အင်မတန်မှ မြန်မာနိုင်ငံသား ပြည်သူများအတွက် ဒုက္ခရောက်စေပါတယ်။ အဲဒီကနေပြီးတော့ မနေ့က မနေ့က ဆိုတော့ တစ်နေ့က အမေရိကန်နိုင်ငံ သံအမတ်ကြီးအဖြစ် မြန်မာနိုင်ငံမှာ ခန့်အပ်ဖို့ ဒဲရစ်မစ်ချယ် နိုင်ငံတော် သမ္မတ လက်ခံတွေ့ဆုံ ခန့်အပ်လွှာပေးပါတယ်။ ညသတင်းကြတော့ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေးမယ်ဆိုတာ၊ တစ်ခါ ဒီကနေ့ သတင်းစာမှာ ပြန်ကြည့်တဲ့အခါမှာလည်း သတင်းစာထဲမှာ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုတွေ ဖြေလျော့ပေးတယ်ဆိုပြီးတော့ တွေ့ရပါတယ်။ ဖတ်ကြည့်ပါ၊ ဖတ်ကြည့်ပြီးတဲ့ အခါမှာ အဓိပ္ပါယ်ကိုစဉ်းစားကြည့် ဖြေလျှော့ပေးတယ်ဆိုတာ မြန်မာနိုင်ငံအတွက်မဟုတ်ဘူး အမေရိကန်နိုင်ငံက လုပ်ငန်းရှင်များ မြန်မာနိုင်ငံလာရောက် ရင်းနှီးဖို့ ဖြေလျှော့ပေးတာ၊ ဒီပြင်နည်းနဲ့ပြောရင်မြန်မာနိုင်ငံမှာ ရှိတဲ့ သယံဇာတပစ္စည်းများကို အမေရိကန်နိုင်ငံကုန်သည်ကြီးများ၊ စက်မှုလုပ်ငန်းရှင်များလာရောက်ရင်းနှီးပြီးတဲ့အခါမှာ သူတို့နိုင်ငံအကျိုးစီးပွားအတွက်ရော၊ မြန်မာနိုင်ငံအကျိုးစီးပွားအတွက်ပါ ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒါပေမယ့် မြန်မာနိုင်ငံတိုင်းရင်းသားများအတွက် တော့ မဖြစ်နိုင်သေးဘူးအဲဒီလိုအချိန်မှာပဲ CNA သတင်းမှာ ဘာပါလည်းဆိုလို့ရှိရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်နှင့် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်တို့ တွေ့ဆုံပြီး မိမိနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ပေးမယ်ဆိုတာ သတင်းထဲမှာ တွေ့လိုက်ရတယ်။ တစ်ချိန်ထဲမှာ ဘာသတင်းတွေရလည်းဆိုတော့ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုအတွက် သက်တန်းတိုးဖို့ ဆီးနိတ်ကိုယ်စားလှယ် မစ်ကောနင်းနှင့် နာမည်မမှတ်မိ ပုဂ္ဂိုလ်တစ်ဦးက ဆီးနိတ်လွှတ်တော် ကို တင်ပြထားတယ်။ အဲလိုတင်ပြတဲ့အခါမှာ ဒါကို အတည်ဖြစ်တယ်ဆိုလို့ရှိရင် နောက်ထပ်သက်တမ်းသုံးနှစ် ထပ်မံပြီးတော့ ပိတ်ဆို့အရေးယူမယ်ဆိုတဲ့သတင်းတွေ အခိုင်အမာ သက်ဆိုင်ရာကလည်း သူတို့ပေးပို့ပါတယ်။

ဒီနေ့အချိန်ကာလမှာ မိမိတို့မြန်မာနိုင်ငံဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတယ်။ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုတွေလည်းလုပ်နေတယ်။ သို့ရာတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ကတော့ရှေ့ရောက်ပြီး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို မလုပ်နိုင်ဘူးဆိုရင် မိမိတို့ပြောင်းလဲမယ်ဆိုတဲ့ ဒီမိုကရေစီစနစ်သွားဖို့အခက်အခဲတွေ ဖြစ်တယ်လို့ ပြည်သူ့ကိုယ်စားလှယ် အနေနှင့်ရော လွှတ်တော်ဥက္ကဌတစ်ယောက်အနေနှင့်ပါ ဒီလိုပဲတွက်ဆတယ်။ ဒါကြောင့် ဒေါ်နန်းဝါနုတင်လာတဲ့ အဆိုဟာ လုပ်ငန်းသဘာဝအားဖြင့်လည်း အရေးကြီးတယ်အချိန်အခါအရအားဖြင့်လည်း အရေးကြီးတယ်၊ ဘာကြောင့်လည်း သူတို့တွေတင်ကြတော့မယ်၊ တင်တယ်ဆိုလို့ရှိရင် နောက်ထပ် ၃ နှစ် မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့မယ် အဲဒါကို နိုင်ငံကိုချစ်တဲ့နိုင်ငံသားတွေ တိုင်းရင်းသားတွေက သဘောကျလက်မခံတာကို မိမိတို့လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံသားများရဲ့ ဆန္ဒသဘောထားကို လှစ်လျှူရှုပြီးတော့ ဒီအတိုင်းပဲ ကြည့်နေမလားဒါကြောင့်မို့လို့ အခုလိုအဆိုတင်ပြလာတဲ့ အဆိုပြုချက်ကို အရေးကြီးအဆိုတစ်ရပ် အဖြစ်တင်ပြီးတော့ လွှတ်တော်မှာ ဆွေးနွေးခိုင်းတာဖြစ်ပါတယ်။

 ဒီနေ့ဆွေးနွေးရမှာက ဒီအဆိုနှင့် ပတ်သက်ပြီးတော့ ထောက်ခံခြင်း၊ မထောက်ခံခြင်းပဲ ဆွေးနွေးရမှာ၊ အဆိုပြုထားတာကလည်း ဘယ်သူ့ကို တိုက်တွန်းထားလည်းဆိုရင် မိမိတို့ခေတ်မီတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်စေသော မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် လွှတ်တော်ဆိုတာ ကျွန်တော်ဥက္ကဌပါတယ်၊ ဒီအထဲမှာ လွှတ်တော်ကိုယ်စားလှယ်အားလုံးပါတယ်။ ဆောင်ရွက် နိုင်သူမည်သူ့ကိုမဆို၊ ဆောင်ရွက်နိုင်သူမည်သူ့ကိုမဆို ဆိုတဲ့နေရာမှာ နိုင်ငံသားအားလုံးပါတယ်။ ဒီနေ့ သမ္မတကြီးနှင့် မစ္စစ်ကလင်တန်နှင့်လည်းတွေ့မယ်ပြောတယ် ဒီမှာလည်း သမ္မတကြီး အနေနှင့်ဆောင်ရွက်ဖို့ လိုပါတယ်။ အဲအတိုင်းပဲ လွှတ်တော်ကိုယ်စားလှယ်တင် မဟုတ်ဘူး၊ အခြားကိုယ်စားလှယ်များ၊ အခြားဌာနများ သို့မဟုတ်လို့ရှိရင် ပြည်သူများအနေနှင့်လည်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကျိုးစီးပွားအတွက် တိုက်တွန်းပေးဖို့ တချို့မတိုက်တွန်းနိုင်ဘူး၊ မတိုက်တွန်းတတ်ဘူး၊ တိုက်တွန်းဖို့ နည်းလမ်းမရှိဘူး၊ နည်းလမ်းရှိတယ်လုပ်နိုင်တဲ့ စွမ်းရည်ရှိတဲ့သူက တိုက်တွန်းပေးဖို့လိုတယ်။ ဒါနိုင်ငံသားတစ်ယောက်ရဲ့ ဆန္ဒဖြစ်ပါတယ်။ အဲဒါကိုပဲ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဦးနိုင်ငံလင်းပြောတယ် ဒီဟာဒီနေ့ဆွေးနွေးရမယ့်ကိစ္စမဟုတ်ဘူး၊ နောက်ဦးစိန်ဝင်းပြောတယ် အကြောင်း ၃ ချက် ပြောတယ်။ အုပ်ချုပ်သူရယ် အချက် ၃ ချက်ဖြစ်တယ်။ ဒါ့ဟာကိုယ့်နိုင်ငံပိုင်းဖြစ်တယ်။ ကိုယ့်နိုင်ငံပိုင်း ဖြစ်တဲ့အတွက် ဒီကနေ့ နိုင်ငံတော်ကနေပြီးတော့၊ နိုင်ငံတော်ဆိုတာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ချမှတ် လိုက်ပြီလေ ယခင်ဖြစ်ခဲ့တဲ့ သင်ခန်းစာတွေယူပြီးတဲ့အခါ အချင်းချင်းအပြန်အလှန် ထိန်းကြောင်းဖို့လိုတယ်။ အာဏာရှင်ဆန်သော ကိစ္စများဖြင့်ဆောင်ရွက်မယ်ဆိုရင် ယခင်ကဲ့သို့ မြန်မာနိုင်ငံမှာ ထိခိုက်မှုတွေ အများကြီးရှိမယ်။

ဒါကြောင့်မို့လို့ ဥပဒေပြုအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ တရားရေးအဖွဲ့ ဒီအဖွဲ့များဟာ သီးခြား လွတ်လပ်စွာရှိပြီးတော့ ဖြစ်နိုင်သမျှ ခွဲခြမ်း၍ အချုပ်အခြာအာဏာကို ဆောင်ရွက်ကြမယ်ဆိုရင်၊ ဒီနေ့မိမိတို့ ဒီအထဲကိုရောက်ရှိနေတဲ့သူတွေဟာ ဥပဒေပြုရေး အဓိကတာဝန်ရှိတယ်။ အဲအတိုင်းပဲ မိမိတို့ပြုလိုက်တဲ့ ဥပဒေတွေကို အုပ်ချုပ်ရေးအဖွဲ့ရော နိုင်ငံသားတိုင်းရော၊ ကျန်တဲ့ Institutions တွေရော၊ လိုက်နာမယ်၊ မိမိတို့လည်းလိုက်နာမယ် ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း လိုက်နာအောင် ဆောင်ရွက်ကြမယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်းမလိုက်နာဘူးဆိုရင် လိုအပ်သလိုထိန်းညှိ၊ မလိုက်နာရင်လိုက်နာအောင် ထိန်းကြောင်း ဒါကြောင့် ဦးစိန်ဝင်းဆွေးနွေတဲ့ အပိုင်းနှစ်ပိုင်း ခွဲကြည့်ဖို့လိုတယ်။ တစ်ပိုင်းက ကိုယ်နိုင်ငံအပိုင်း တစ်ပိုင်းက သူများနိုင်ငံအပိုင်း ပြောရမယ်ဆိုရင် ကိုယ်နိုင်ငံအခွင့်အရေး၊ ကိုယ်အချုပ်အခြာအာဏာ Sovereignty ၊ နောက်တစ်ခု ထပ်ပြောမယ်ဆိုရင် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများအခွင့်အရေး၊ ထပ်ပြောမယ်ဆိုရင် လူ့အခွင့်အရေး တွေကို ဖောက်ဖျက်နေသော ဆုံးဖြတ်ချက်လုပ်ဆောင်ချက်၊ မိမိနိုင်ငံရဲ့အခွင့်အရေး၊ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုဖောက်ဖျက်ပြီးတော့ ၊ဆောင်ရွက်နေတဲ့ကိစ္စရပ်တွေ ဘယ်နိုင်ငံသားမှ ခံချင်မှာမဟုတ်ဘူး။ ဒါပေမယ့် မတတ်သာလို့၊ မလွှဲသာလို့၊မလွှန်ဆံနိုင်လို့၊ မိမိမှာ သူတို့ကဲ့သို့ အင်အားကြီးမယ်။ စီးပွားရေးအင်အားကြီးမယ်။ နိုင်ငံရေးအင်အားကြီးမယ်၊ စည်းလုံးညီညွှတ်မယ်ဆိုရင် မိမိတို့ဒီလိုအလုပ်ခံရမှာမဟုတ်ပါဘူး

 ဒါကြောင့်မို့လို့ ဥက္ကဋ္ဌက ဒီအဆိုကို ဘာကြောင့်လက်ခံတယ် ဘာကြောင့်ဆွေးနွေးခိုင်းတယ် (၁) နိုင်ငံနဲ့ နိုင်ငံသားအတွက် အရေးကြီးတဲ့ကိစ္စဖြစ်လို့ (၂) အချိန်ကာလ အရေးကြီးလို့ ဒီနေ့ ဒီအခြေအနေဟာ မိမိတို့ ဘက်က ဘာမှ မလုပ်ဘူး ဆိုလို့ရှိရင် လွှတ်တော်မှာ သူတို့တင်ပြတယ်။ သူတို့လွှတ်တော်ကနေပြီးတော့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်လိုက်လို့ရှိရင် ၃ နှစ် နောက်ထပ် သုံးနှစ်  နေ့ရက်မမှတ်မိဘူး ဇူလိုင်လ ၂၆ ရက်နေ့လို့ ယူဆတယ်။ ၂၆ ရက်နေ့မှာ သက်တမ်း ၃ နှစ် ပြည့်သွားတယ်။ နောက်သက်တမ်း တိုးရင် နောက်ထပ် ၃ နှစ်၊ ၃ နှစ်ဆိုတဲ့အတွက် ဒီ ၂၀၁၂ ၊ ၁၃၊ ၁၄၊ ၁၅ ဇူလိုင်အထိသွားပြီးတော့ တည်ရှိနေမယ်။ အဲဒီ ၃ နှစ်အတွင်းမှာ မိမိတို့ နိုင်ငံသားတွေ အခုလိုပဲ ဆင်းရဲဒုက္ခတွေ ရောက်နေစေချင်သလား။ ဒီအတွက်ပဲ ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ့်ဟာကို ဆွေးနွေး ဆုံးဖြတ်ကြပါ။ ဒါကြောင့်မို့လို့ အချိန်ကို ငဲ့ညှာသောအားဖြင့် အခု လုံလောက်ပါပြီ။ ကျွန်တော်နားထောင်လိုက်တဲ့အခါမှာ ဘာသွားပြီးတော့ အဆိုပြုချက် ဆွေးနွေးချက်တွေ ဘာသွားတွေ့ရလဲဆိုတော့ (၁) ယနေ့နိုင်ငံအတွင်းရှိ ပြည်သူများ ဒုက္ခဆင်းရဲရောက်ပြီး လူမှုစီးပွားရေးဘ၀ အဆင့်အတန်း နိမ့်ကျနေခြင်းသည် မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ကန့်သတ်ပိတ်ဆို့ အရေးယူမှုများကြောင့် ဖြစ်ကြောင်း၊ (၂) တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြား၍ ပဋိပက္ခဖြစ် စေပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုများတွင်လည်း အခက်အခဲ အဟန့်အတား ဖြစ်စေကြောင်း (၃) ယခုလို ကန့်သတ်အရေးယူပိတ်ဆို့မှုများသည် မြန်မာနိုင်ငံမှာ ပြောင်းလဲကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ရာ တွင် များစွာ အခက်အခဲ အဟန့်အတား ဖြစ်စေခြင်း၊ (၄) ဒါ့အပြင် ဆင်းရဲဒုက္ခများစွာ ခံစားနေရတဲ့ လူ့အဖွဲ့အစည်းတွင်းမှာ တရားဥပဒေစိုးမိုးရေးဖြစ်ပေါ်စေဖို့ အတွက်လည်း အခက်အခဲများစွာ ဖြစ်ပေါ် နေကြောင်း၊ ဒါလည်းရှင်းပါတယ်။ အင်မတန်မှ ဆင်းရဲဒုက္ခဖြစ်နေတဲ့နေရာမှာ တရားဥပဒေစိုးမိုးဖို့ဆိုတာ အင်မတန်မှ အခက်အခဲ ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ အဆိုရှင်ရဲ့ တင်ပြချက်ဟာ မိမိအပါအဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ဆောင်ရွက်နိုင်သူ များ ပါဝင်ဆောင်ရွက်ရေးဟာ အင်မတန်မှ အရေးတကြီး လိုအပ်နေပါတယ်။ အရေးတကြီး လိုအပ်နေပါတယ်။ ဒါကြောင့် ဒေါ်နန်းဝါနုရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အဟန့် အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ၊ ညှိနှိုင်းဆောင်ရွက် ပေးရန် တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်းပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ် တစ်ပါတည်း ရယူမှာ ဖြစ်ပါတယ်။

Standard (Image)