မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့်ဥပဒေကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် အဆို တင်သွင်း

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဥပဒေကြမ်းတစ်ခု ပေးပို့ထားပါတယ်။ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၅၁ နည်းဥပဒေခွဲ (ခ) အရ မတရားအသင်းများအက်ဥပဒေ  (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့်ဥပဒေကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် အဆို တင်သွင်းဖို့ ဦးသိန်းညွန့်အားဖိတ်ခေါ်ပါတယ်။

ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။       ။လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့်ဥပဒေ ကျွန်တော်တင်သွင်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီဥပဒေဟာ ကိုလိုနီခေတ် ၁၉၀၈ ခုနှစ်ကပြဌာန်းခဲ့တဲ့ဥပဒေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသား လွတ်မြောက်ရေးမှာပေါ်ထွက်လာတဲ့အသင်းအဖွဲ့တွေ အစည်းအရုံးတွေကို နိမ်နှင်းဖို့ ရည်ရွယ်ချကနဲ့ ပြုလုပ်ခဲ့တဲ့ ဥပဒေလည်းဖြစ်ပါတယ်။ ဒီအပြင် ဒီဥပဒေဟာ ကျွန်တော်တို့ ဥပဒေတွေထဲမှာ လွှတ်တော် ကပြဌာန်းခဲ့တဲ့ ဥပဒေမဟုတ်ပါဘူး။ တစ်နည်းအားဖြင့်ပြောရင် ပြည်သူ့ဆန္ဒဒနဲ့ ပြဌာန်းခဲ့တဲ့ ဥပဒေ မဟုတ်ဘဲနဲ့ ကျွန်တော်တို့နိုင်ငံကို ကိုလိုနီကျွန်ပြုတဲ့ ကိုလိုနီဗြိတိသျှအစိုးရက ပြဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒီဥပဒေနှင့်ပတ်သက်ပြီးတော့ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ပြီးပါပြီ။ အဲဒီတော့ ဒီဥပဒေကို တင်သွင်းတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ အခု ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတဲ့ကာလမှာ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်ဖို့အတွက် ဒီဥပဒေကို ဖျက်သိမ်း သင့်ပါတယ်။ ကျွန်တော် အခု ဇူလိုင် ၆ ရက်နေ့ Myanmar Post Global မှာ ကချင်ပြည်နယ်နဲ့ ပတ်သက်တဲ့ ပုဒ်မ ၁၇ ပုဒ်မခွဲငယ်(၁)ကို ပယ်ဖျက်လိုက်တဲ့ဆိုတဲ့ကိစ္စ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ပတ်သက်ပြီး ပြောကြားချက်၊ ရေးသားချက်သတင်းတွေကို ကျွန်တော်ဖတ်ရပါတယ်။ အခု ငြိမ်းချမ်း ရေးဆွေးနွေးတဲ့အခါမှာ ဒီဥပဒေရှိနေတဲ့အတွက် အဟန့်အတားဖြစ်နေပါတယ်။ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးအတွက် အဖွဲ့ပေါင်း ၅၂ ဖွဲ့ရှိတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ခေါ်တဲ့အခါမှာ ၄ ယောက်ပဲလာတယ်။ ဒါ ဘာကြောင့်လာလဲမေးတဲ့အခါကျတော့ ကျန်တဲ့လူတွေက ပုဒ်မ ၁၇    ပုဒ်မခွဲငယ်(၁)ကို ကြောက်လို့ မလာဘူးလို့ ပြောပါတယ်။ ပြောတဲ့အခါမှာ ငြိမ်းချမ်းရေးအဖွဲ့ တာဝန်ရှိတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လာသာလာပါ။ ငြိမ်းချမ်းရေးအတွက် လိုတဲ့လူတွေကို ဒီပုဒ်မနဲ့ အရေးမယူအောင် ပုဂ္ဂိုလ်ရေးအရ သူကူညီမယ်။ ဒါပေမယ့် သူလည်း ပယ်ဖျက်ခြင်းမပြုနိုင်ဘူးဆိုတဲ့ သတင်းဂျာနယ်တွေထဲမှာ အတိအလင်း ရေးသားဖော်ပြလာပါတယ်။ တကယ်တော့ ကျွန်တော်တို့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြန်လည်လေ့လာကြည့်ရင် ကျွန်တော်တို့ အခုဆိုရင် ဒီဘက်ပိုင်းမှာ အသင်း အဖွဲ့နဲ့ပတ်သက်တဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေရှိနေပါတယ်။ အဲဒီတော့ အဖွဲ့အစည်းတစ်ခုဟာ မှတ်ပုံတင်သလား။ တင်ရင် တရားဝင်တယ်။ မှတ်ပုံမတင်ဘူးလား။ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနှင့် မညီဘူး လား။ ဒါဆိုရင် တရားမဝင်ဘူး။ ဆိုလိုတာက ဒီတရားမဝင် အသင်းအဖွဲ့တွေကို ကျွန်တော်တို့ အရေး ယူလို့ရတဲ့ ဥပဒေတွေ ပေါ်ပေါက်လာပြီဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဒီဥပဒေကို ဆက်သုံးခြင်းအားဖြင့် ကျွန်တော်တို့ သင့်မြတ်မှုရှိပါတော့မလား။ ဒီဥပဒေနဲ့ပတ်သက်ပြီး နောက်ကြောင်းတွေကို ပြန်ကြည့် လိုက်တဲ့အခါမှာလည်း ဒီဥပဒေနှင့်ပတ်သက်ပြီးတော့ ဖွင့်ဆိုထားချက်များက အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနှင့် နှိုင်းယှဉ်ကြည့်ရင် အသင်းအဖွဲ့ဆိုင်ရာဥပဒေက အင်မတန်မှ တိတိကျကျ ပြဌာန်းပေး ထားပါတယ်။ ဒီမတရားအသင်းဥပဒေ ပုဒ်မ ၁၅ (၂) ပုဒ်မခွဲ (ခ) ကိုကြည့်ရင် ဟိုတုန်းကတော့ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌပေါ့။ အခု နိုင်ငံတော်သမ္မတက တရားမဝင်ကြေညာခံထားရတဲ့ အဖွဲ့အစည်းတစ်ခုဟာ မတရားအသင်းဆိုပြီးတော့ သတ်မှတ်လို့ရပါတယ်။ ဒီအတိုင်းပဲ အဲဒီပုဒ်မအရ အစည်းအရုံးတစ်ခု၊ အဖွဲ့တစ်ခုကိုလည်း မတရားအသင်းအဖြစ် ကြေညာပိုင်ခွင်‌့ရှိပါတယ်။ အဲဒီလိုပဲ အဲဒီအသင်းကို ငွေတို့၊ ရိက္ခာတို့ထောက်ပံ့တဲ့သူ ရယူတဲ့သူ၊ တောင်းဆိုတဲ့သူတွေကို အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ အများဆုံး ထောင်ဒဏ် ၃ နှစ် ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်စလုံး ပုဒ်မ              ၁၇ (၁) မှာ ပေးခဲ့ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အဲဒီလိုပဲ ပုဒ်မ ၁၃ မှာ ကူညီတဲ့ လူတွေကို ဆွေမျိုးသားချင်းဖြစ်လို့ ထမင်းထုပ်သွားပို့တာ ဒါပြည်တွင်းစစ်ရှိတဲ့ကာလမှာ ဟိုဘက်ဒီ ဘက်မှာ နှစ်ဘက်စလုံးမှာ ကိုယ့်တိုင်းရင်းသားအမျိုးတွေကြီးပါပဲ။ ကျွန်တော် ၁၉၆၃ ခုနှစ် မော်လမြိုင် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံရတဲ့အချိန်မှာ ကျွန်တော်တို့ ထိန်းသိမ်းခံအကျဉ်းသားတွေအတွက် ဝေယျာဝစ္စလုပ်ပေးတဲ့ ကရင်အမျိုးသားတွေဆိုရင် အားလုံးက ဘာနဲ့ထိသလဲဆိုတော့ ပုဒ်မ ၁၇ ပုဒ်မခွဲငယ် (၃) နဲ့ အကုန်လုံးအရေးယူခံရတာ ဘာကြောင့်လဲဆိုတော့ ထမင်းထုပ်သွားပို့မိတာ၊ ရေ သွားပေးမိတာ၊ ဆွေမျိုးဖြစ်လို့ သွားတွေ့မိခဲ့တာ အဲဒီပေါ်မှာမူတည်ပြီးတော့ သာမာန်ပြည်သူပြည်သား တွေဟာ ဒီမတရားအသင်းများဥပဒေကြောင့် အပြစ်ပေးအရေးယူခံခဲ့ရတာတွေဟာ ဟိုတုန်းကကော၊ အခုကော ကချင်ပြည်နယ်သတင်းတွေအရ အများကြီးကျွန်တော်တို့ကြားနေခဲ့ရပါတယ်။ မြင်နေခဲ့ရ ပါတယ်။ အဲဒီတော့ ဒီမှာ ပုဒ်မ ၁၇  ပုဒ်မခွဲငယ် (၂) အရ ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ၅ နှစ် အထက် မပိုတဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့လူတွေဟာ ဘယ်သူတွေလဲဆိုတော့ ဥပဒေအကြောင်း တစ်လုံးတစ်ပါဒမှ မသိတဲ့ တောသူတောင်သားတွေ အများဆုံးခံနေရတဲ့ဟာပါ။ အဲဒီတော့ ကျွန်တော်တို့က ဒီအချိန်မှာ ပြန်စဉ်းစားသင့်ပါတယ်။ နောက် ဒီဥပဒေဟာ နိုင်ငံရေးအရ မတရားအသင်းအဖြစ် ကြေညာတဲ့ အဖွဲ့တွေဖြစ်တာကြောင့် ဒီဥပဒေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်တဲ့အခါမှာ နိုင်ငံရေးအရ အင်မတန်မှ ချင့်ချိန်ခဲ့တာတွေရှိပါတယ်။ 

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဗမာပြည် ကွန်မြူနစ်ပါတီတို့၊ အလံနီပါတီတို့ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ဝန်းကျင်မှာ တောခိုခဲ့ပါတယ်။ ဒါပေမယ့် ထိုစဉ်က ဖဆပလ အစိုးရက ပြန်လည်ပြီးတော့ ငြိမ်းချမ်းရေးရဖို့အတွက် အခုခေတ်စကားနဲ့ပြောရရင်တော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒီဥပဒေကို ချက်ချင်းလက်ငင်းမသုံးပါဘူး။ ကျွန်တော်သိသမျှတော့ အထောက်အထားတွေအရဆိုရင် ၁၉၅၃ ခုနှစ်မှ ဒီပါတီကို တရားမဝင်အသင်း ကြေညာခဲ့ရပါတယ်။  အဲဒီလိုပဲ အခုဒီဘက်ကာလမှာလည်း ငြိမ်းချမ်းရေးရလာတဲ့အခါကျတော့ သို့မဟုတ် နားလည်မှု ရလာတဲ့အခါကျတော့ မတရားအသင်းအဖြစ်က ပြန်လည်ပယ်ဖျက်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့     ၁၄-၅-၁၉၉၁ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၂/၉၁ အရ မတရားအသင်းပယ်ဖျက်တဲ့ ပုဂ္ဂိုလ် အသင်းတွေဟာ မြန်မာနိုင်ငံလူမျိုးစု ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု ခွဲထွက် ကိုးကန့် ဖုန်ကျားရှင် အဖွဲ့၊ မြန်မာပြည်အမျိုးသားသွေးစီးညီညွတ်ရေးပါတီ ခွဲထွက် ဝ ဦးကျောက်ညီလှိုင်အဖွဲ့၊ ဒီအဖွဲ့က ကိုယ်စားလှယ်တွေ၊ ပတ်သက်သူတွေဆိုရင် ယနေ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တိုင်းပြည်တာဝန်တွေတောင် ထမ်းနေကြရပါပြီ။ အဲဒီလိုပဲ အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း စစ်ရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးကော်မတီ ခွဲထွက် ဦးစိုင်းလင်းအဖွဲ့ ရှမ်းပြည်နယ်တပ်မတော် ဦးဆေးထင်အဖွဲ့၊ ဒီမိုကရက်တစ်တပ်မတော်ကချင် ဦးစခုံတိန့်ယိန်း အဖွဲ့၊ ဦးစခုံတိန့်ယိန်းဆိုရင် ဒီနေ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုရဲ့ တာဝန်ကိုယူနေပါပြီ။ ကချင်အမျိုးသားတိုးတက်ရေးနှင့် လုံခြုံရေးတပ်မတော် KIA တပ်မ-၄ ဦးပဒူနော်အဖွဲ့၊ ပအိုဝ့်အမျိုးသားအဖွဲ့၊ ဦးအောင်ခမ်းထီအဖွဲ့ဆိုရင်လည်း ဒီနေ့ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေမှာ တာဝန်ယူနေကြပါပြီ။ ပလောင် လွတ်မြောက်ရေးပါတီ ဦးအိုက်မုန်း အဖွဲ့၊ ဦးအိုက်မုန်းဆိုရင် ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အခု လွှတ်တော်တောင် တက်ရောက်နေပါပြီ။ ဒါကြောင့် နိုင်ငံရေးအရ ကျွန်တော်တို့အပေါ်မှာမူတည်ပြီးတော့ တရားတယ်၊ မတရားတယ်။ တရားဝင်ချင်း၊ တရားမဝင်ချင်း ဆုံးဖြတ်ရတဲ့ ဥပဒေမျိုးကိုတော့ အခုလို ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့အခါမှာ ဒီဥပဒေကို ပယ်ဖျက်လိုက်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလာတဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေရဲ့ ယုံကြည်မှုကို ပိုမိုထိထိရောက်ရောက် ရလာပါလိမ့်မယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ အထောက်အကူပြုနိုင်ပါလိမ့်မယ်။ အဲဒီအပြင် ကျွန်တော်တို့ ဒီစီရင်ထုံးတွေမှာ ကိုဖော်ပြထားတဲ့ အဲဒီကို သွားပြီးတော့ ဈေးရောင်းတဲ့လူတွေ၊ အသက်မွေးတဲ့လူတွေ၊ ထမင်းထုပ် ပို့တဲ့ လူတွေကို ထောင်ထဲပို့တဲ့ဖြစ်ရပ်မျိုးတွေကိုလည်း ကျွန်တော်တို့ နိဂုံးချုပ်နိုင်ပါမယ်။ အဓိကကတော့ ဒီဥပဒေသည် ပြည်သူ့လွှတ်တော် ပြည်သူ့ဆန္ဒနဲ့ရေးဆွဲခဲ့တဲ့ဥပဒေမဟုတ်ဘူး။ ကိုလိုနီနယ်ခဲျ့သမား တွေက အမျိုးသားလွတ်မြောက်ရေးအသိုက်အဝန်းကို ဖြိုခွင်းဖို့ ရေးဆွဲခဲ့တဲ့ဥပဒေဖြစ်တယ်။ ဒီနေ့ ဖော်ဆောင်နေတဲ့ငြိမ်းချမ်းရေးကို အထောက်အကူမပြုဘူး။ ဒီဥပဒေနဲ့ အလားတူ ကျွန်တော်တို့ အရေးယူနိုင်တဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေစသည်တို့ ရှိနေတဲ့အပြင် ရာဇသတ်ကြီးမှာလည်း ဒီလို ကိစ္စမျိုးတွေကို အရေးယူနိုင်တဲ့ ပြဌာန်းချက်များရှိပြီဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ကျွန်တော်တင်ပြလိုတာကတော့ ဟောင်းပေမယ့် မကောင်းတော့တဲ့ဥပဒေကို ငြိမ်းချမ်းရေးအတွက် ရုပ်သိမ်းပေးဖို့ ကျွန်တော် အဆို တင်သွင်းရခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

ဥက္ကဋ္ဌ။         ။ဦးသိန်းညွန့် တင်သွင်းသွားတဲ့အဆိုကို ထောက်ခံမယ့် လွှတ်တော်ကိုယ်စားလှယ် အားဖိတ်ခေါ်ပါတယ်။

ဦးဝင်းဆွေ (ညောင်ရွှေမဲဆန္ဒနယ်)။       ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေး ဒေသ ညောင်ရွှေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်တင်သွင်းတဲ့ မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့်ဥပဒေနဲ့ ပတ်သက်သည့် အဆိုအား ထောက်ခံပါကြောင်းတင်ပြအပ်ပါတယ်ခင်ဗျား။

        ဥက္ကဋ္ဌ။         ။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနရဲ့ သဘောထားသိလိုပါတယ်။

ဗိုလ်မှူးချုပ်ကျော်ဇံမြင့်(ဒုတိယဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးဌာန)။           ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄)ကို ရုပ်သိမ်းတဲ့ဥပဒေကို လက်ခံဆွေးနွေးတဲ့ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကို လက်ခံဆွေးနွေးဖို့ တင်သွင်းတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဒီကျွန်တော်တို့ နိုင်ငံမှာ အခုလက်ရှိ အ‌ခြေအနေအရ လွတ်လပ်စွာ အဖွဲ့အစည်းများကို ဖွဲ့စည်းခွင့်လည်း ပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အချို့သာအဖွဲ့များသည် အခုလက်ရှိမှာ တရားဝင်ဖွဲ့စည်းခွင့်မတင်ပြဘဲနဲ့ တချို့အသင်းအဖွဲ့များ  ဖွဲ့စည်းတာတွေ၊ ဆောင်ရွက်တာတွေ တွေ့ရှိ နေရပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုလိုနီခေတ်က ထုတ်ပြန်ခဲ့တဲ့ဥပဒေဖြစ်ပေမယ့် အခုလက်ရှိအနေနဲ့ အချို့ အချက်တွေမှာ ကိုက်ညီမှုရှိတဲ့အတွက် ဒီမတရားအသင်း အက်ဥပဒေကို ရုပ်သိမ်းတဲ့ဥပဒေကို တော့ လက်ခံဆွေးနွေးရန်မသင့်ကြောင်း ကျွန်တော် ဆွေးနွေးတင်ပြလိုပါတယ်။ (သြဘာသံများ)

          ဒေါ်နန်းဝါနု(ကွန်ဟိန်းမဲဆန္ဒနယ်)။       ။  လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင့်။ ဒီမတရား အသင်း အက်ဥပဒေဆိုတာ ကျွန်မတို့ နယ်မှာသုံးတာကတော့ ပုဒ်မ ၁၇ ပုဒ်မခွဲငယ်(၁)၊ ပုဒ်မ ၁၇ ပုဒ်မခွဲငယ်(၂) ဥပဒေလို့ခေါ်ပါတယ်။ များသောအားဖြင့် ပြည်သူလူထုတွေက သုံးနှုန်းတာကတော့ အမြင်ကပ်ပုဒ်မလို့ သုံးနှုန်းကြပါတယ်။ ကျွန်မ အခုပြောချင်တာကတော မတရားအသင်းအက်ဥပဒေ အများဆုံး ခံစားရတဲ့ဒေသက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်မှာ ဖြစ်ပါတယ်။ အဲဒီဒေသမှာ မတရားအသင်းအက်ဥပဒေနဲ့ အများဆုံးခံစားကြရပါတယ်။ နောက်ပြီး လို့ရှိရင် အခု ဒီငြိမ်းချမ်းရေး တည်ဆောက်နေဆဲကာလမှာ အသင်းအဖွဲ့များ၊ ငြိမ်းချမ်းရေးယူ ဆောင်မယ့်အဖွဲ့များက အစိုးရများနဲ့လည်း ဆက်သွယ်ရပါတယ်။ ဒီအက်ဥပဒေအရ ဆိုလို့ရှိရင် မတရားအသင်းဥပဒေဆိုတာက ငြိမ်းချမ်းရေးအဖွဲ့ နောက်ပြီးလို့ရှိရင် သူတို့အခေါ်ကတော့ တိုင်းရင်းသားပဋိပက္ခအဖွဲ့ သူတို့တွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့လူတွေမှန်သမျှ အကုန်လုံး အရေးယူလို့ ရပါတယ်။ အကုန်လုံးအရေးယူတယ် ယူလို့ရတယ်ဆိုတဲ့ သဘောတရားကတော့ ကျွန်မတို့ ဒီငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေလည်းပါတယ်။ တိုင်းရင်းသားရေးရာကော်မတီတွေလည်းပါတယ် ဆိုတဲ့ အနေအထားလည်း ရှိပါတယ်။ နောက်ပြီးလို့ ရှိရင် ကျွန်မ တင်ပြချင်တာကတော့ အခုငြိမ်းချမ်းရေး  အဖွဲ့တွေက စေ့စပ်ညှိနှိုင်းကြပါတယ်။ စေ့စပ်ညှိနှိုင်းပြီးတော့ မြို့နယ်တွေထဲမှာလည်း သူတို့က ဆက်ဆံရေးရုံးဆိုတာကို လာပြီးတော့ ဖွင့်ကြပါတယ်။ ဆက်ဆံရေးရုံးတွေကို ဥပဒေထဲမှာ တရားဝင် လာပြီးဖွင့်လှစ်ပြီးတော့ အစိုးရနဲ့ ပူးပေါင်းဆက်သွယ်ဆောင်ရွက်နေကြပါတယ်။ အဲဒါကြောင့် နောက်ပြီးလို့ရှိရင် ကျွန်မတို့က အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဥပဒေ၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(ခ)မှာ တရားဥပဒေစိုးမိုးရေး၊ နယ်‌မြေအေးချမ်းသာယာရေးကိုဖြစ်စေ၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ စေရန်ဖြစ်စေ ထိခိုက်စေရန်အားထုတ်သော၊ လှုံ့ဆော်သော၊ တိုက်တွန်းသော၊ အားပေးကူညီမှု ပြုလုပ်သော အသင်းအဖွဲ့ အဲဒီအသင်းအဖွဲ့တွေကို ပုဒ်မ ၆ နဲ့ ပုဒ်မ ၇ တို့အရ သူတို့ကို အပြစ်ပေး လို့ရပါတယ်။ အခု ဒီမတရားအသင်းအက်ဥပဒေအရ အများဆုံး ခံစားနေရတာကတော့ သူပုန် အဖွဲ့အစည်းတွေ မဟုတ်ဘဲနဲ့ ရွာသူရွာသားတွေ ဖြစ်နေကြပါတယ်။ ရွာသူရွာသားတွေက များသော အားဖြင့် အစိုးရတွေလာတယ်။ စစ်တပ်တွေလာလို့ရှိရင်လည်း သူတို့မှာ သူတို့ဝတ္တရားအတိုင်း ကျွေးမွေးရတယ်။ ထောက်ပံ့ရပါတယ်။ နောက်ပြီးလို့ရှိရင် သူပုန်လာလို့ရှိရင်လည်း သူတို့မှာ မလူးသာ မလွန့်သာ၊ မလွဲှသာမရှောင်သာ ပြုလုပ်ပေးရတဲ့အနေအထားရှိပါတယ်။ နောက်ပြီး အသင်းအဖွဲ့များ ဥပဒေအရမှာလည်း ပြဌာန်းထားတယ်။ ပုဒ်မ ၆၊ ပုဒ်မ ၇ အရလည်း ပြစ်မှုကို အရေးယူလို့ ရတဲ့အနေအထားရှိပါတယ်။ ကျွန်မရဲ့ သဘောထားကတော့ ဒီဥပဒေကို ရုပ်သိမ်းရန်၊ မရုပ်သိမ်းရန် မဟုတ်ဘဲနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေချင်ပါတယ်။ ဒီအက်ဥပဒေ တစ်ခုကို အခြေပြုပြီးတော့ ဒီရွာသူရွာသားတွေကိုရော ဘယ်လိုကာကွယ်မှုပေးမလဲ။ ကျွန်မတို့ နိုင်ငံသားတွေကိုရော ဘယ်လို ကာကွယ်မှုပေးမလဲဆိုတာကို ရုပ်သိမ်းရန် မရုပ်သိမ်းရန်ဆိုတာကို အဓိက အရင်ဆုံးမစဉ်းစားဘဲနဲ့ ကျွန်မတို့ ဘယ်လိုမျိုး ပြင်ဆင်သင်‌့တယ်။ ဘယ်လိုမျိုးဆွေးနွေး သင့်တယ်ဆိုတဲ့ဟာကို အရင်ဆုံး တောင်းဆိုပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ ဦးသိန်းညွန့် ဆွေးနွေးဖို့ဖြစ်ပါတယ်။

          ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။             ။ ကျွန်တော်ကတော့ စောစောက ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ပြည်သူ့လွှတ်တော်ကို တင်ပြတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ အထောက်အကူပြုဖို့ နောက် ခုန ကွန်ဟိန်းမဲဆန္ဒနယ်က ဒေါ်နန်းဝါနု တင်ပြ သွားသလို ပြည်နယ် တွေမှာရှိတဲ့ တကယ်ဘာမှနားမလည်တဲ့ တောသူတောင်သား၊ ဆင်းရဲသားတွေ အတွက် ဒီဥပဒေဟာ တော်တော်ကို ထောင်ထဲပို့ခဲ့တဲ့ ဥပဒေပါ။ ဒါကြောင့် ခုနက ဒီအဆိုကို ကျွန်တော်ရဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခြင်းအားဖြင့် ကျွန်တော်တို့ နိုင်ငံရဲ့အပြောင်းအလဲကို အထောက်အကူ ပြုနိုင်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် ဆွေးနွေးဖို့အတွက် ကျွန်တော် သဘောထားပါတယ်။ ဒုတိယ ပြည်ထဲရေးဝန်ကြီးရဲ့ ပြန်လည်ရုပ်သိမ်းပေးရေးအဆိုကို လက်မခံနိုင်ပါဘူး။ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို နာခံပါ့မယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ ဦးသိန်းညွန့်တင်သွင်းတဲ့ အဆိုက မတရားအသင်းများ အက်ဥပ‌ဒေ(၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ ၁၄) ကို ရုပ်သိမ်းသင့်သည့်ဥပဒေကို လက်ခံဆွေးနွေးရန် အဆိုတင်သွင်းထား တာ ဖြစ်ပါတယ်။ ဒီအပေါ်ကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနက ရုပ်သိမ်းပေးဖို့ဆိုတာ မဖြစ် နိုင်ပါဘူး။ ဒီလို အဓိပ္ပာယ်သက်ရောက်ပါတယ်။ တစ်ခါ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒီဥပဒေကို ရုပ်သိမ်းပေးဖို့ ဆိုတာထက် ဒီဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီး ရုပ်သိမ်းပေးသင်‌့သလား၊ ပြင်ဆင်သင်‌့သလား အချို့အပိုဒ်တွေ ပယ်ဖျက်သင်‌့သလားဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ဒီနေရာ မှာ မိမိလွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်တဲ့အခါမှာ ဒီဥပဒေရှိဖို့ကို လိုကောင်းလိုလိမ့်မယ်။ သို့ရာတွင် ဥပဒေတစ်ရပ်လုံးမှာ ပါတဲ့အပိုဒ်တွေက ရှိဖို့ လိုချင်မှ လိုပါ့မယ်။ ဒါကြောင့်မို့လို့ ဥပဒေကို ပြန်လည်ရုပ်သိမ်းပေးရေးအဆိုနဲ့ပတ်သက်ပြီးတော့ မဲခွဲဆုံးဖြတ်ရမယ် ဆိုလို့ရှိရင်လည်း ဒါနဲ့ပတ်သက်လို့ ရုပ်သိမ်းပါဆိုတဲ့ဟာမျိုး ဖြစ်သွားနိုင်တယ်။ ရုပ်သိမ်းပါဆိုတာ လက်ခံဆွေးနွေးဖို့ မသင်‌့ဘူးဆိုတာဖြစ်နိုင်တယ်။ အရေးကြီးတာက ဒီဥပဒေမှာ ပြဌာန်းထားတဲ့ အချက်တွေက တကယ်နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားအတွက် ကာကွယ်မှုရှိ၊ မရှိ။  ဖြစ်ထွန်းမှု ရှိ၊ မရှိ။ ဒါကို အဓိကထားပြီးတော့ စဉ်းစားရမယ့်အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေရာမှာ လွှတ်တော်ရဲ့ သဘောဆန္ဒကတော့ ရုပ်သိမ်းပေးရေးကို မေးလိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ရည်ရွယ်ချက်နဲ့ လွဲသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဦးသိန်းညွန့်တင်ထားတဲ့အဆိုကို ပြန်လည်စဉ်းစားပေးတဲ့အခါမှာ ဒီဥပဒေအဖို့ ရုပ်သိမ်းရန် သင်‌့၊ မသင့်။ ပြင်ဆင်ရန် သင်‌့၊ မသင်‌့ လွှတ်တော်က လက်ခံဆွေးနွေးပေးဖို့ အဆို ဆိုလို့ရှိရင်တော့ ပိုပြီးတော့ ဆီလျော်မယ်။ ပိုပြီးတော့ သဘာဝကျမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဦးသိန်းညွန့်ရဲ့ သဘောထား ထပ်မံသိ လိုပါတယ်။

          ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။                 ။ လေးစားအပ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဥက္ကဋ္ဌကြီးပြောတဲ့ဟာ အင်မတန်သင်‌့မြတ်တဲ့အတွက် ဆွေးနွေးဖို့ အချက်ရရင်ပင် ကျွန်တော်တ့ို ဒီဥပဒေကို ရုပ်သင်‌့၊ မရုပ် သင်‌့။ ပြင်ဆင်သင်‌့၊ မပြင်ဆင်သင့်။ နိုင်ငံနဲ့ နိုင်ငံသားများ အကျိုးအတွက်ကို ဖော်ဆောင်နိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ သဘောထားကို ကျွန်တော်လုံးဝသဘောတူပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ ဒီဥပဒေဟာ တော်တော် ကျွန်တော်တို့ နိုင်ငံအတွက် ကောင်းသော အကျိုး သက်ရောက်မှုတွေရော၊ မကောင်းသော အကျိုးသက်ရောက်မှုတွေလည်း ရှိခဲ့တာအမှန်ပါပဲ။ ဒါကြောင့်လည်း ဒီအဆိုစပြီး တင်ထဲကိုက မတရားအသင်းများ အက်ဥပဒေ၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုဥပဒေကို ကျွန်တော် ရှာဖွေပြီးတော့ ကျွန်တော်လည်း အကြမ်းဖျင်းတော့ လေ့လာထားခဲ့ပါတယ်။ လေ့လာထား တဲ့အခါမှာ ခုနက အဖြေကတော့ ဥပဒေတစ်ရပ်လုံးကို ရုပ်သိမ်းမယ်ဆိုတဲ့အစား ဥပဒေကို ပြန်လည်သုံးသပ်ပြီးတော့ ပြင်ဆင်ရန် အပိုဒ်များရှိရင် ပြင်ဆင်ဖို့၊ ပယ်ဖျက်ရန် ရှိရင် ပယ်ဖျက်ဖို့ ဆိုတာ ပိုပြီး သဘာဝကျမှာဖြစ်တဲ့အတွက် ထပ်ပြီးတော့ အဆိုရှင်ကို ပြန်လည်မေးမြန်းခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုတော့ သက်ဆိုင်ရာ အဆိုရှင်ကလည်း သူ့ရဲ့အဆိုကို ပြန်ပြင်တဲ့ သဘောဖြစ်ပါတယ်။ ဘာလဲဆိုရင် ရုပ်သိမ်းပေမယ့်အစား ဒီဥပဒေကို လွှတ်တော်က ဆွေးနွေးပြီးတော့ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်ကိုသာ ဆွေးနွေးဖို့ လက်ခံဖို့ ဆိုတဲ့သဘောဖြစ်တဲ့အတွက် ဒီအပေါ်မူတည်ပြီးတော့ ကျွန်တော် လွှတ်တော်ကို တင်ပြပါမယ်။

        ဥက္ကဋ္ဌ။။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့် တင်သွင်းတဲ့အဆိုကို ပြောင်းလဲပြီး မတရားအသင်းများ အက်ဥပဒေ ၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ ၁၄ ကို လွှတ်တော်က ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်အတွက်လက်ခံဆွေးနွေးဖို့ လွှတ်တော်က သဘောတူ ပါသလားခင်ဗျား။

[သုံးကြိမ်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ဥက္ကဋ္ဌ။           ။ သဘောမတူတဲ့သူ ရှိပါသလားခင်ဗျား။ လွှတ်တော်က သဘောတူတဲ့အတွက် ဦးသိန်းညွန့်တင်သွင်းတဲ့ မတရားအသင်းများ အက်ဥပဒေ(၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ ၁၄)ကို လွှတ်တော်က လက်ခံဆွေးနွေးရန် အတည်ဖြစ်ကြောင်းကြေညာပါတယ်။

Standard (Image)