ပြည်သူ့လွှတ်တော် အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် အစည်းအဝေး အစီအစဉ် ၆ အရ (၁၁.၇.၂၀၁၂)နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် ဆဌမနေ့အစည်းအဝေးမှာ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း တင်သွင်းထားတဲ့ တောင်သူ လယ်သမားများ အများဆုံး ကြုံတွေ့နေရတဲ့ မြွေကိုက်ခံရခြင်းအတွက် လိုအပ်သည့် မြွေဆိပ်ဖြေဆေးများကို နိုင်ငံပိုင်ဆေးဝါး ထုတ်လုပ်ရေး စက်ရုံမှ လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးရန် အဆိုနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြပါသည်။
ရှေးဦးစွာ သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုး မှဆွေးနွေးရာတွင် တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ဦအောင်သိန်းလင်း၏ အဆိုနှင့်ပတ်သက်၍ ထောက်ခံဆွေးနွေး သွားမှာဖြစ်ကြောင်း။ မြွေကိုက်ခံရမှုဖြစ်ခြင်းမှာ အညာဒေသ ပူပြင်းခြောက်သွေ့သော နေရာများမှာ အများဆုံးဖြစ်ပါတယ်။ မြွေကိုက်ခံရသူ များမှာ တစ်နေ့လုပ်မှတစ်နေ့လုပ်ခရသော အလုပ်သမားလယ်သမား နွမ်းပါးသူများဖြစ်ပြီး မြွေကိုက်ပြီဆိုလျှင် ခိုကိုးရာမဲ့ဖြစ်ပြီး ဆေးရုံရောက်ရှိလာကြောင်း ချက်ခြင်းလျင်မြန်စွာအချိန်မီမြွေဆိပ် ဖြေဆေးထိုးရန် လိုအပ်ကြောင်း၊ ဒါပေမယ့် ဆေးရုံမှာမြွေဆိပ်ဖြေဆေးမည်မျှရှိ၍ မည်သည့် အရေအတွက်ခွင့်ပြုထားသည်ကို မသိရ၍ ပြင်ပဆေးဆိုင်များမှ ဝယ်ယူကုသရကြောင်း၊ ပြင်ပဆေးဆိုင် များမှဝယ်လျှင် နိုင်ငံတော်ပိုင်စက်ရုံများမှ ထုတ်လုပ်သော ဆေးတစ်လုံးလျှင် ၈၀၀၀၀ နှင့် အိန္ဒိယနိုင်ငံမှထုတ်လုပ်သောဆေးတစ်လုံးလျှင် ၁၅၀၀၀ ကျပ်ဝယ်ယူရပါတယ်။ ချက်ချင်းလက်ငင်း ဝယ်ယူရန်ငွေမရှိလျှင် လူနာအဖို့သေဆုံးရုံသာရှိပါကြောင်း၊ မိမိတို့မြို့နယ်တွင် မိမိကိုယ်တိုင် ဒုဥက္ကဋ္ဌတာဝန်ယူပြီး ၂၀၁၀ ခုနှစ်တွင် မြွေဆိပ်ဖြေဆေးဖောင်ဒေးရှင်းကို မြို့နယ်သူမြို့နယ်သား၊ရဟန်းသံဃာများ၏ လှူဒါန်းငွေဖြင့် ထူထောင်ပြီး ယနေ့အထိမြွေကိုက်ခံရသူလူနာပေါင်း ၅၉ ဦးကို မြွေဆိပ်ဖြေဆေး ၂၁၅ လုံးဖြင့် ကူညီပံ့ပိုးကုသခဲ့ရကြောင်း၊ နိုင်ငံတော်ပိုင်စက်ရုံမှ ဆေးဝါးများဝယ်ယူရန် လျှောက်ထားခဲ့သော်လည်း ၂ နှစ်အတွင်းအလုံးရေ ၂၀ သာရောင်းချပေးခဲ့၍ ပြင်ပမှ အိန္ဒိယဆေးများကို မပြတ်လပ်အောင်ဝယ်ယူ ထိန်းသိမ်းသိုလှောင်ခဲ့ရပါကြောင်း၊ မိမိတို့မြို့နယ်ဆေးရုံတွင် မြွေဆိပ် ဖြေဆေးမည်မျှထုတ်ယူရရှိပြီး မည်သို့အသုံးပြုနေသည်ကို ယနေ့အထိ တိကျပြတ်သားသည့်အဖြေ မရှိပါကြောင်း၊ အထက်မှချပေးထားသော်လည်း လိုအပ်သည့်အခါမရရှိ၊ ကျန်းမာရေးဌာန၏လုပ်ဆောင်မှု နည်းလမ်းများအား အများပြည်သူသိရှိရန်လိုအပ်ပါတယ်ကြောင်း၊ နောက်ထပ်ထုတ်ပေးလျှင်လည်း အသိပေးရန်လိုအပ်ပါကြောင်း၊ မြွေဆိပ်ဖြေဆေးများသည် နိုင်ငံတော်မှကူညီပံ့ပိုးပေးလျှင်လည်း မြို့နယ်ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဌာနဝန်ထမ်းများအနေဖြင့် ဖြောင့်မတ်စွာအသုံးချပေးရန် လိုအပ်ပါကြောင်း၊ မိမိမြို့နယ်ရှိ မြွေဆိပ်ဖြေဆေးဖောင်ဒေးရှင်းကဲ့သို့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ များအား ရောင်းချပေးရန်နှင့် အများပြည်သူကိုတိုက်ရိုက်စောင့်ရှောက်မှု အမြန်ဆုံးပြုလုပ်ပေးနိုင်သော အဖွဲ့အစည်းများအားကူညီပံ့ပိုးပေးရန်တင်ပြအပ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဥက္ကဌမှ မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာမေဝင်းမြင့်မှ ဆွေးနွေးဖို့ဖိတ်ခေါ်ရာ ဒေါက်တာမေဝင်းမြင့်မှ မူလအဆိုရှင်အနေနဲ့ မြန်မာနိုင်ငံမှာ မြွေဆိပ်ဖြေဆေးမလုံလောက်မှုကြောင့် မြွေကိုက် ခံရလို့သေဆုံးတဲ့ဦးရေ တိုးတက်လာတဲ့အကြောင်း၊ မြွေကိုက်ခံရနှုန်းတိုးတက်ခြင်း မရှိသော်လည်း သေဆုံးမှုနှုန်းတိုးတက်လာတဲ့အကြောင်း၊ မြွေဆိပ်ဖြေဆေးကို နိုင်ငံပိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံက လုံလောက်စွာထုတ်လုပ်ဖြန့်ဖြူးပေးသင့်ကြောင်း သုံးသပ်တင်ပြထားတာကို သတိပြုမိကြောင်း၊ ၎င်းအနေနဲ့လည်း ဖြည့်စွက်ပြီးတင်သွင်းသွားမှာဖြစ်ပါကြောင်း၊ မြွေကိုက်ခံခြင်းကြောင့် အသက်ဆုံးရှုံးရတဲ့လူ အများစုဟာ ကျေးလက်နေတောင်သူလယ်သမားများဖြစ်နေကြပါတယ်။ လယ်သမားများနှင့် လယ်လုပ် သားများအတွက် စပါးရိတ်သိမ်းချိန်များ၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသအတွက် ယာသမားများရဲ့ အထူးသဖြင့် မြေပဲနှုတ်ချိန်များမှာ မြွေကိုက်ခံရနှုန်း အများဆုံးဖြစ်လေ့ရှိတာ စာရင်းဇယားကိန်းဂဏန်းများအရသိရပါကြောင်း၊ ဆေးရုံ၊ ဆေးခန်းအထိရောက်ရှိပြီးမှ သေဆုံးကြရတဲ့ လူနာများအရေအတွက်ကိုသာ စာရင်းဇယား ကောက်ယူနိုင်တဲ့အတွက် သေနှုန်းမြင့်မားလာတာ သိသာမြင်သာရှိပါတယ်။ ဒါထက်ပိုပြီး လမ်းပန်းခရီးဝေးလံ ခက်ခဲခြင်း၊ လူနာကိုသယ်ယူတဲ့ စနစ်မမှန်ကန်ခြင်း၊ စနစ်ကျတဲ့ရှေးဦးသူနာပြုနည်း၊ အကြားအမြင်နည်းပါးခြင်း၊ မိရိုးဖလာကုသနည်းများဖြင့်ကုသခြင်းတို့ကြောင့် စာရင်းမဝင်ဘဲသေဆုံးကြရရှာတဲ့ ကျေးလက်နေ တောင်သူလယ်သမားတို့ရဲ့ အရေအတွက်ကိုပါ မှန်းဆတွက်ချက်မယ်ဆိုရင် အလွန်စိုးရိမ်စရာ ကောင်းတဲ့ မျက်ကွယ်ပြုမထားထိုက်တဲ့ အရေးကြီးကိစ္စဖြစ်တဲ့အကြောင်း အလေးအနက်ထားဆွေးနွေးတင်ပြလိုကြောင်း။ ဒီနေရာမှာ အဆိုရှင် တင်ပြထားတဲ့အတိုင်း မြွေဆိပ်ဖြေဆေး လုံလောက်အောင် ထုတ်လုပ် ပေးထားနိုင်ခြင်း မရှိတာဟာ အဓိကအကြောင်းတစ်ရပ်ဖြစ်တာကိုသိမြင်နိုင်ပါကြောင်း၊ မိမိတို့ နိုင်ငံမှာ လွန်ခဲ့တဲ့နှစ် ၄၀ ခန့်က BPI က ထုတ်လုပ်ခဲ့တဲ့ ကမ္ဘာ့စံချိန်မီမြွေဆိပ်ဖြေဆေးအာနိသင်နှင့် ဒီကနေ့ MPF ကထုတ်လုပ်ခဲ့တဲ့ မြွေဆိပ်ဖြေဆေးအရည်အသွေးအာနိသင်ဟာ ထက်ဝက်ကျဆင်းသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနက ထုတ်ဝေတဲ့ မြွေကိုက်လူနာများလမ်းညွှန်မှာ ဖော်ပြထားတာကိုတွေ့ရှိရကြောင်း၊ Formula တစ်ခုတည်းက ထုတ်လုပ်တဲ့ဆေးရဲ့ အာနိသင်ကျဆင်းသွားရတာဟာထုတ်လုပ်တဲ့ စက်ကိရိယာတွေ ခေတ်မမီတော့ခြင်း၊ ကျွမ်းကျင်ပညာရှင်တွေလိုအပ်ခြင်း၊ မြွေဆိပ်ဖြေဆေးထုတ်လုပ်တဲ့အဆင့်တိုင်းမှာ လုပ်သက်ရင့် ကျွမ်းကျင်ပညာရှင်များ လိုအပ်နေတာတွေအပြင် မြွေဆိပ်ထုတ်လုပ်ရေးဌာနအကြီးအကဲသည် လုပ်ငန်းစဉ်တစ်ခုလုံးကိုသိနားလည်တဲ့ ပုဂ္ဂိုလ်ဖြစ်ရေးဟာလည်း အရေးပါလှတဲ့အရေးကြီး လိုအပ်ချက် ဖြစ်ကြောင်း၊ အရင်က မြွေဆိပ်ဖြေဆေးထုတ်လုပ်တဲ့နေရာမှာ Australia စံချိန်မီ မြင်းများတင်သွင်းပြီး မြွေဆိပ်ခံနိုင်ရည်ရှိတဲ့စံချိန်မီ မြင်းများရဲ့သွေးကထုတ်ယူခဲ့တာ ဖြစ်ပါကြောင်း၊ ယခုအခါမှာ မြင်းမွေးမြူရေး စရိတ်ကြီးမားခြင်း၊ ဓာတုပစ္စည်းများဈေးကြီးခြင်းတို့ကြောင့် အရှုံးခံထုတ်နေရတယ်ဆိုတဲ့ အကြောင်းပြချက် တွေနှင့် အခြားငွေကုန်ကြေးကျသက်သာ တဲ့နည်းတွေ အစားထိုးစမ်းသပ်ထုတ်လုပ်သည်ကို ကြားသိရပါတယ်။ စီးပွားရေးအရတွက်ချက်မှုနှင့် ကြက်ဥက မြွေဆိပ်ဖြေဆေးစမ်သပ်ထုတ်လုပ်ခဲ့သော်လည်း အာနိသင်အနေနဲ့ မြင်းက ထုတ်လုပ်တဲ့ မြွေဆိပ်ဖြေဆိပ်ဖြေဆေးရဲ့ ထက်ဝက်ခန့်သာရှိပြီး ဘေးထွက်ဆိုးကျိုးများကြောင့် လက်တွေ့ ကုသရာမှာ အကျိုးမရှိလှကြောင်း ကြားသိနေရကြောင်း၊ ထိုင်းနိုင်ငံကတင်သွင်းလာတဲ့ မြွေဆိပ် ဖြေဆေး ရဲ့အာနိသင် သည်လည်း MPF ထုတ်တဲ့ဖြေဆေးရဲ့ တစ်ဝက်သာရှိသည့်အတွက် ဆေးနှစ်ဆအသုံးပြု နေရကြောင်း၊ လူတစ်ယောက် ရဲ့အသက်ကိုကယ်နိုင်ဖို့ မြွေဆိပ်ဖြေဆေးအနည်းဆုံး ၂ လုံးက ၄ လုံးအထိ အသုံးပြုကြရပါတယ်။ ပြင်ပဈေးနှုန်းမှာ ဖြေဆေးတစ်လုံးကို သိန်းကျော်ပေးရတဲ့အပြင် လွယ်လွယ်ကူကူ ဝယ်ယူ၍ မရဖြစ်နေပါတယ်။ ဒီနေရာမှာနိုင်ငံတော်အနေနဲ့ ဘတ်ဂျက်ကိုမြှင့်တင် အသုံးချဖို့လိုပါတယ်။ ဈေးတွက်နဲ့ အရှုံးအမြတ်တွက်ချက်ပြီး လူ့အသက်နဲ့ပေးဆပ်နေရတဲ့ဖြစ်ရပ်ဟာ စိတ်ချမ်းမြေ့ဖွယ်မဟုတ်ပါ ကြောင်း။ မြို့နယ်အဆင့်ဆေးရုံတွေမှာ မြွေဆိပ်ဖြေဆေး ၅ လုံးမှ ၁၀ လုံးထက်ပိုမရှိတဲ့အတွက် လူနာကိုယ်တိုင်မြို့နယ်ဆေးရုံရောက်ပြီးမှ အပြင် ဆေးရှာဝယ်နေရတဲ့အတွက် အသက်ဆုံးရှုံးးမှုတွေ ရှိနေကြရသည်ကိုလည်း မြင်တွေ့ကြားသိနေကြရပါကြောင်း၊ မွှေကိုက်ခံရတဲ့အချိန်ကစပြီး ၄ နာရီအတွင်း ဖြေဆေးထိုးပေးနိုင်မှုသာ အသက်ရှင်နှုန်းများနိုင်ပါတယ်။ ဒါကြောင့် ကျေးလက်ကျန်းမာရေးဌာန အထိ မြွေဆိပ်ဖြေဆေးဖြန့်ဖြူးပေးနိုင်အောင် နိုင်ငံတော်အနေနဲ့ ဆောင်ရွက်ထားသင့်ပါတယ်။ ဒီကနေ့ အခြေအနေမှာ တောင်သူ လယ်သမားများမှ မြွေကိုက်ခံခဲ့ရလျှင် မြွေဆိပ်ဖြေဆေးဖိုးနှင့် နောက်ဆက်တွဲ သွေးအဆိပ်သင့် ရောဂါ၊ ကျောက်ကပ်အဆိပ်သင့်ရောဂါများပါ ကုသရတဲ့အတွက် အသက်ရှင်ခဲ့ရင် တောင်ကုန်ကျစရိတ် အနည်းဆုံး ၈ သိန်း မှ သိန်း ၂၀ အထိကုန်ကျရတဲ့အတွက် စီးပွားရေးနလံပြန်ထူဖို့ မလွယ်ကူတော့တဲ့ဒုက္ခနဲ့ ရင်ဆိုင်ကြရကြောင်း မိမိတို့နိုင်ငံလိုပဲ မြွေကိုက်နှုန်းများပြီးသေဆုံးမှုများတဲ့ Nigeria မှာ ၂၀၀၇ ခုနှစ် မြွေဆိပ်ဖြေဆေးအသစ်ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်တွင်းမှာသုံးစွဲခဲ့တဲ့ နောက်ပိုင်းမှာမြွေကိုက်ခံရလို့သေဆုံးနှုန်း ၆၀ ရာခိုင်နှုန်းကနေ ဝ.၆၃ ရာခိုင်နှုန်းကို လျော့ကျသွားနိုင်တဲ့အတွက် အောင်မြင်မှုကို WHO အဖွဲ့သို့ အစီရင်ခံစာပေးပို့နိုင်ခဲ့ကြောင်း၊ မိမိတို့မှာလည်း အလားတူသုတေသန လုပ်ငန်းတွေဆောင်ရွက်နိုင်တယ်လို့ ယူဆပါကြောင်း၊ လွန်ခဲ့တဲ့အနှစ် ၄၀ ကတည်းက ကမ္ဘာ့စံချိန်မီမြွေဆိပ် ဖြေဆေးထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ပါလျက်နဲ့ ဒီကနေ့လိုအဖြစ်မျိုးရောက်နေတာဟာ စိတ်မချမ်းမြေ့စရာကောင်းလှပါကြောင်း၊
ဒီလို ဝမ်းနည်းဖွယ်ဖြစ်ရပ်ကိုကျော်လွှားနိုင်ဖို့ နိုင်ငံတော်အနေနဲ့ (၁) အဆင့်မီမြွေဆိပ်ဖြေဆေး ထုတ်ယူရရှိတဲ့ စံချိန်မီမြင်းများပြန်လည်သွင်းယူမွေးမြူထုတ်လုပ်ရေး (၂) ခေတ်မီစက်ကိရိယာများဖြည့်ဆည်း ဆောင်ရွက်ရေး (၃) ခေတ်မီစက်ကိရိယာများကိုအသုံးချမည့် ပညာရှင်ပုဂ္ဂိုလ်တွေကို ပြည်ပမှာအနည်းဆုံး ၆ လမှ ၁ နှစ်အထိ ခေတ်မီနည်းစနစ်တွေလေ့လာသင်ယူ စေရေး (၄) နိုင်ငံတော်ရဲ့ဘတ်ဂျက်ကိုတိုးသုံးပြီးဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံများကိုလှူဒါန်နေကြတဲ့ အလှူရှင် နိုင်ငံများရဲ့ကူညီမှုရယူနိုင်အောင်စီစဉ်လို့ဖြစ်စေ၊ လုံလောက်တဲ့ မြွေဆိပ် ဖြေဆေးရရှိအောင်ဆောင်ရွက်ထားရေး (၅) ကျန်းမာရေးဌာနဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများ၊ တောင်သူလယ်သမားအဖွဲ့အစည်းများစတဲ့ အင်အားစုများအနေနဲ့ အခြေခံကျေးလက်နေပြည်သူများ ဆီအရောက် သိသင့်သိထိုက်တဲ့ ကျန်းမာရေးပညာပေးများရောက်ရှိစေအောင် ကူညီပံ့ပိုးရေးနှင့် အရေးအကြီးဆုံးနဲ့ လက်တွေ့အကျဆုံး အနေနဲ့မြွေကိုက်မခံရအောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ အရည်အသွေးကောင်းတဲ့ ရာဘာလက်အိတ်၊ ခြေအိတ်စတာတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ ဝတ်ဆင်အသုံးပြုတဲ့ အလေ့အကျင့်ရအောင်ပညာပေးခြင်းစတဲ့နည်းလမ်းတို့ကို နိုင်ငံတော်အစိုးရအနေနဲ့ အရေးတယူ ဆောင်ရွက်ပေးသင့်ပါကြောင်း ဆွေးနွေးတင်ပြသွားပါတယ်။
