ဦးအေး၊ ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ အဆိုကို ဆွေးနွေး

         ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးအေးမှ ဆွေးနွေးရာ “ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေပါ ပုဒ်မတွေကိုတော့ ဒေါ်ဒွဲဘူက တိတိကျကျ၊ ကျကျနန ရှင်းလင်းပြသွားတဲ့အတွက် အချိန်ကိုငဲ့ညှာသောအားဖြင့် ကျွန်တော်မတင်ပြတော့ဘဲနဲ့ ကျွန်တော်တို့ တိုင်းလိုင် (ခေါ်) တိုင်းနိုင်း လူမျိုးတွေရဲ့ အ‌ခြေအနေကိုပဲ ကျွန်တော် ဆက်လက်တင်ပြသွားပါမယ်။ ကျွန်တော်တို့ တိုင်းနိုင်းရှမ်း တိုင်းရင်းသားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်၊ ဖောင်းပြင်၊ မော်လိုက်၊ ပင်လယ်ဘူး၊ ဝန်းသိုစတဲ့ မြို့နယ်များမှာ ယနေ့အချိန်အထိ ရှမ်းတိုင်းရင်းသား အဖြစ်ခံ ယူထားတဲ့ ရှမ်းတိုင်းရင်းသားပေါင်း ၂ သိန်းကျော်မျှရှိပါတယ်။ လူဦးရေ ၁၇၀၀၀၀ ကျော်ရှိတဲ့အထဲမှာ ဒါရှမ်းတိုင်းရင်းသား အရေအတွက်ပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲမှာတော့ ၃ သိန်းကနေ ၅သိန်းခန့် အထိ ရှိတယ်လို့ သိရှိရပါတယ်။ ကျွန်တော်တို့ လူဦးရေ ၁၅၀၀၀၀ ကျော်ရှိတဲ့ ရှမ်းတိုင်းရင်းသား တွေဟာ ကျွန်တော်တွေဟာ အတိတ်သမိုင်းကို ပြန်ကြည့်ရင် အလွန်ကိုစိတ်မချမ်းဖွယ်ရာ ရင်နာစရာ တှေ ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ တိုင်းနိုင်းရှမ်းများဟာ မြပြေန့်မှာ နေထိုင်ပါတယ်။ ရှမ်းပြည်နယ်မှ ရှမ်းများနှင့် စကား၊ စာပေမတူညီကြပါ။ အ‌ခြေခံဘာသာ စကားတော့ တူညီကြပါတယ်။ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ ကိုးကွယ်မှုတူညီကြပါတယ်။ ပင်လုံစာချုပ်အတွက် ကြိုးပမ်းစဉ်ကာလမှာ ကချင်ပြည်နယ် သတ်မှတ်ရေးအတွက် ကျွန်တော်တို့ တိုင်းလိုင်း(ခေါ်) တိုင်းနိုင် ရှမ်းတိုင်းရင်းသားတွေဟာ အနစ်နာခံ ပေးခဲ့ပါတယ်။ လမ်းစဉ်ပါတီခေတ်မှာတော့ ပြည်နယ်တစ်ခု တောင်းဆိုလာမှာ စိုးရိမ်မှုရယ်၊ ရှမ်းပြည်နယ်နည်းတူ အခြားအခွင့်အရေးတောင်းဆိုမှာ စိုးရိမ်တာကြောင့် ဖိနှိပ်ခံခဲ့ကြရပါတယ်။ မိမိတို့နှစ်သစ်ကူး ပွဲတော်တောင် ကျင်းပခွင့်မရခဲ့ကြပါဘူး။ ရှမ်းဘာသာစကားကို စာသင်ကျောင်း တွေမှာ ပြောဆိုခွင့်မရခဲ့ကြပါဘူး။ ရှမ်းစာပေသင်ကြားခွင့် မရခဲ့ကြပါဘူး။ ကချင်ပြည်နယ်မှာလည်း ၎င်းဖြစ်စဉ်အတိုင်း ဖြစ်ခဲကြောင်း ဒီလွှတ်တော်မှာ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်ကြီးများမှ တစ်ဆင့် သိရှိရပါတယ်။ နှစ်ပေါင်း ၅၀ ကျော် တိုင်းလိုင်း (ခေါ်) တိုင်းနိုင်တွေ စိတ်ဓာတ်မှေးမှိန်အောင် လုပ်ခဲ့တဲ့အတွက် ကျွန်တော်တို့မှာ ခုအချိန်မှာ ရှမ်းစကား‌ပြောတက်တဲ့ မျိုးဆက်သစ်များစွာ လျော့နည်း သွားခဲ့ပါပြီ။ တိုင်းနိုင်းရှမ်းအဖြစ်ရပ်တည်ဖို့ မျိုးဆက်သစ်ကလေးတွေဟာ သိမ်ငယ်စိတ်တွေ ဝင်လာ ကြတဲ့အထိ ဖြစ်လာပါတယ်။ အတီးအမှုတ် တူရိယာကွယ်သွားပြီး တိုင်းနိုင်းစာပေဟာ ပျောက်လုခမန်း ဖြစ်သွားခဲ့ပါတယ်။ ရှမ်းလူမျိုးကနေ ဗမာလူမျိုးအဖြစ် သိန်းပေါင်းများစွာ‌ပြောင်းလဲသွားပါတယ်။ ကချင်ပြည်နယ်မှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။ အလွန်ဆိုးဝါးတဲ့ အ‌ခြေအနေပဲ ဖြစ်ပါ တယ်။ လူမျိုးစု တစ်စုပျောက်ကွယ်နိုင်တဲ့ အကြောင်းသုံးရပ်မှာ ဘာသာစကား‌ပျောက်ကွြယ်ခင်း၊ စာပေပျောက်ကွြယ်ခင်း၊ ယဉ်ကျေးမှုပျောက်ကွယ်ခြင်း တို့ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီကနေ့ အ‌ခြေအနေဟာ ရှမ်းတိုင်းရင်းသားတွေအတွက် အ‌ခြေအနေသုံးရပ်စလုံး ပေါ်ပေါက်နေပါတယ်။ ဒီအ‌ခြေအနေဟာ ဆယ်စုနှစ်ငါးစုအတွင်းမှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီအတိုင်းသာဆက်သွား ရင် နောင်ဆယ်စုနှစ် ငါးစုမှာကျွန်တော်တို့တိုင်းနိုင်းမျိုးနွယ်စုတွေဟာမလွဲမသွေ ပျောက်ကွယ်သွား တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအ‌ခြေခံ ပေါ်ပေါက်လာပြီး အ‌ခြေခံဥပဒေနှင့် အညီလွှတ်တော်နှင့်      အစိုးရပေါ်ပေါက်လာတဲ့ အတွက် တိုင်းနိုင်းရှမ်းရေးရာ ဝန်ကြီးများ ကချင်ပြည်နယ် မှတစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်ဦး ရရှိလာခဲ့ပါတယ်။ ဒီတိုင်းရင်းသားရေးရာဝန်ကြီးများက လည်း ဖွဲ့စည်းပုံအ‌ခြေခံဥပဒေရဲ့ ခွင့်ပြုထားတဲ့အတိုင်း အပြည့်အဝခံစား ရရှိခြင်းမရှိရသေးပါ။ လွှတ်တော်မှာ တိုက်ယူ၊ တောင်းယူနေကြတဲ့အထိ ဖြစ်နေပါသေးတယ်။ ဒါဟာလည်း ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဥက္ကဋ္ဌကြီးခင်ဗျား။ အတိုချုံးတင်ပြရရင်  ပြီးခဲ့တဲ့ နတ်တော်လ ရှမ်းနှစ်သစ်ကူး ပွဲတော်ကြီးကို ကြီးကျယ်ခမ်းနားစွာ လေးရက်တိုင်တိုင် ဟုမ္မလင်းမြို့မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပ ခွင့်ရခဲ့ပါတယ်။ တိုင်းရင်းသားပရိသတ် ညစဉ် နှစ်သောင်းကျော် သုံးသောင်းလောက် မြို့မဘောလုံး ကွင်းကြီးအပြည့် ဒီပွဲတော်ကြီးကို တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲတော်ကို ရှမ်းတိုင်းရင်းသားဝန်ကြီးနဲ့ မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီက ဦးဆောင်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ရှမ်းယဉ်ကျေးမှု ဖော်ထုတ်နိုင်ဖို့အတွက် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် မြို့များကနေပြီးတော့ မော့ဆွမ် လို့ခေါ်တဲ့ ရှမ်းစာပေ ယဉ်ကျေးမှုဆရာတွေကို ခေါ်ပြီးသင်ကြားခဲ့ရပါတယ်။ ရှမ်းစာပေကိုလည်း ရှမ်းမျိုးနွယ်စု ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဟာ အမြော်အမြင်ကြီးစွာ စုဝေးကြပြီးတော့  မဟာတူလို့ခေါ်တဲ့ အ‌ခြေခံသင်ရိုးကို ဘုံသုံးစာအဖြစ် သတ်မှတ်ရန် သဘောတူဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။ ဝတ်စား ဆင်ယင်မှုမှာ ယခုအချိန်မှာ ရှမ်းပြည်နယ် ဝတ်စားဆင်ယင်မှုအတိုင်းပဲ မြို့နယ်တွေမှာ ဝတ်ဆင်နေကြ ပါတယ်။ တိုင်းလိုင်း (ခေါ်) တိုင်းနိုင်ဝတ်စုံကို မဖေါ်ထုတ် မသတ်မှတ်နိုင်တဲ့အခြေအနေအထိ ဖြစ်နေ ပါတယ်။ ကျွန်တော်ကိုယ်တိုင် လွှတ်တော်ထဲမှာ ကျွန်တော့်  တိုင်းနိုင်းဝတ်စုံနဲ့ တက်ရောက်နိုင်ခြင်း မရှိ သေးပါ။ ကချင်ပြည်နယ်မှာရှိတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ၊ ဒီလွှတ်တော်မှာ တက် ရောက်နေကြတဲ့ ကချင်ပြည်နယ်က ရွှေဂူမဲဆန္ဒနယ်မှ ကိုယ်စားလှယ်တွေအားလုံးဟာ တိုင်းနိုင် (ခေါ်) တိုင်းလိုင်ရှမ်းဖြစ်ပေမယ်လို့ ဝတ်စုံပျောက်နေပါတယ်။ နိဂုံးချုပ်အနေနဲ့ ယခုအခြေအနေကို ထောက်ရှု့ ရင်း တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပြဌာန်းရေးအဆိုဟာ အလွန်အရေးကြီးလှပါကြောင်းနှင့် နည်းဥပဒေပါ အမြန်ဆုံးပြဋ္ဌာန်းသင့်တယ်ဆိုတာ ထင်ရှားနေပါ တယ်။ ဒါမှလည်းပဲ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့တိုင်းရင်းသားအားလုံး အခွင့်အရေးတန်းတူညီမျှ ဖြစ်ပေါ်လာနိုင်မှာွဖြစ်ပီး ထာဝရစည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုကြီး ရှင်သန်ပေါက်ဖွား ရပ်တည် နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကွတ်ခိုင်မဲဆန္ဒနယ် အဆိုရှင် ဦးတီခွန်မြတ်ရဲ့ အဆိုကိုလေးလေးနက်နက် ထောက်ခံပါကြောင်းတင်ပြအပ်တယ်” ဟု ဆွေးနွေးသွားပါသည်။

Standard (Image)