ဒေါ်ခင်သန္တာ (တံတားဦး မဲဆန္ဒနယ်) မှ (NGO) များ ဖွဲ့စည်းရေးအတွက် ခေတ်နှင့်လျော်ညီသော အစိုးရ မဟုတ်သော လူ့အဖွဲ့အစည်း (INGO) များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ တစ်ရပ် ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေး

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ အားလုံးမင်္ဂလာပါရှင့်။  ကျွန်မ ကတော့ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင် တံတားဦး မဲဆန္ဒနယ်မှ ဒေါ်ခင်သန္တာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းထား တဲ့ NGO များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ တစ်ရပ် ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်း ကြောင်း အဆိုကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင့်။

အဆိုတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ကာလတွင် နိုင်ငံတော်သမ္မတက အရပ်ဘက် လူမှု အဖွဲ့အစည်း အားလုံးနှင့် ပူးပေါင်းဆောင်ရွက် မိန့်ကြားခဲ့ပြီးဖြစ်၍ အရပ်ဘက်လူ့ အဖွဲ့အစည်းတွင် ပါဝင်သည့် အစိုးရမဟုတ်သော လူ့အဖွဲ့အစည်း (NGO) များ ဖွဲ့စည်းရေးအတွက် ခေတ်နှင့်လျော်ညီသော အစိုးရ မဟုတ်သော လူ့အဖွဲ့အစည်း (INGO) များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ တစ်ရပ် ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော် အစိုးရအား ဤလွှတ်တော်မှ တိုက်တွန်းကြောင်းလို့ ပါရှိ ပါတယ်။

အဆိုတွင် ပါရှိသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလ ဆိုသည့် အတိုင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အနေနှင့် ဒီမိုကရေ စီစနစ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက် ကျင့်သုံးနေပြီး ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရာတွင် ဥပဒေပြုရေး အခန်းကဏ္ဍမှာ အဓိက ပါဝင်တဲ့ လွှတ်တော်ရဲ့ တာဝန်တစ်ရပ်ကို ဖော်ဆောင်ခြင်း ဖြစ်သည့် ဥပဒေများ ရေးဆွဲ ပြဋ္ဌာန်းခြင်းသည် နိုင်ငံရဲ့ အနာဂတ်ဖြစ်သလို ယနေ့ လွှတ်တော်ကြီးရဲ့ သမိုင်းလည်း ဖြစ်လာပါလိမ့်မယ်။

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရှင့်။ နိုင်ငံတော် သမ္မတက NGO များနှင့် ပူးပေါင်း ဆောင်ရွက်ရန် မိန့်ကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ NGO များက ကျေးလက် ဒေသများ၌ အစိုးရအနေနှင့် ဖြည့်ဆည်းပေးရန် မစွမ်းဆောင် နိုင်သေးသော နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာတို့တွင် ဆောင်ရွက်နေမှုများအား ပူးပေါင်းအားပေး ကူညီရန် ဖြစ်ပါတယ်။ NGO အဖွဲ့အစည်းများ များလာလျှင် ဒီမိုကရေစီ ပွင့်လင်းမြင်သာမှု၊ လူ့အခွင်‌့အရေး ဖြစ်ထွန်းမှု၊ သန့်ရှင်း ကောင်းမွန်သော အုပ်ချုပ်ရေး စနစ် တိုးတက် ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ NGO များက အစိုးရရဲ့ မူဝါဒတွေကို လူထု ယုံကြည် လက်ခံလာနိုင်စေသလို ပြည်သူလူထုရဲ့ လိုအပ်ချက်နှင့် အခွင့်အရေးတို့လည်း ပို၍သိမြင်လာစေမှာ ဖြစ်ပါတယ်။

ယနေ့အစိုးရသစ်ဟာ လူမှုရေး အဖွဲ့အစည်းများ ပြန်လည် မှတ်ပုံတင်ရေး အတွက် သက်ဆိုင်ရာ မြို့နယ်များ မှတစ်ဆင့် အကြောင်း ကြားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားသော NGO အဖွဲ့အစည်း ၂၇၈ ဖွဲ့နှင့် INGO အဖွဲ့ ၆ ဖွဲ့သာ ရှိကြောင်း သိရှိရပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းဆဲ နိုင်ငံတစ်နိုင်ငံအနေနဲ့ အဘက်ဘက်က တိုးတက်ကောင်းမွန်မှု အထောက်အပံ့ဖြစ်လာစေရန် NGO များ အမြောက်အမြား လိုအပ်နေပါတယ်ရှင့်။

ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များရှင့်။ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ ဥပဒေအမှတ် ၆/၈၈ ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ၎င်းဥပဒေ တွင်ပါရှိသော ဥပဒေ အချက်အလက် အများစုသည် ဒီမိုကရေစီစနစ်နှင့် လုံးဝကိုက်ညီမှု မရှိသည့် အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိုပင် အဟန့်အတားများ ဖြစ်နိုင်ကြောင်း တွေ့ရှိရပါတယ်။ ယင်း ဥပဒေ အခန်း (၂) ပုဒ်မ ၃ ပုဒ်မခွဲ(က)တွင် အသင်းအဖွဲ့များသည် ဖွဲ့စည်းခွင့် ရရှိရန် ပြည်ထဲရေး နှင့် သာသနာရေး ဝန်ကြီးဌာနသို့ သတ်မှတ်ထားသော နည်းလမ်းများ အတိုင်း လျှောက်ထားရမည်လို့ ပါရှိပါတယ်။ သတ်မှတ်ထားသော နည်းလမ်းများသည် မြို့နယ်၊ ခရိုင်၊ တိုင်း၊ ရုံးချုပ် အဆင့်ဆိုပြီး အဆင့်ဆင့် စိစစ်မှုများသည် မြန်မာနိုင်ငံတွင်  မှတ်ပုံတင်သော NGO များ နည်းပါးရခြင်း အကြောင်း တစ်ရပ်ဖြစ်သည်ဟု ယူဆရပါတယ်။

ဥပဒေတွင်ပါရှိသော ပုဒ်မတိုင်းကို သုံးသပ်မပြတော့ပဲ ခြုံငုံ သုံးသပ်ရလျှင် ဥပဒေတွင်ပါရှိသော အချက်အများစုသည် ဒီမိုကရေစီစနစ်နှင့် လုံးဝကိုက်ညီမှု မရှိသည့်အပြင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကိုပင် အဟန့်အတားများ ဖြစ်နေကြောင်း တွေ့ရှိရပါတယ်။ ယင်းဥပဒေပုဒ်မ ၆ တွင် မည်သူမဆို ပုဒ်မ ၃ ပုဒ်မခွဲ (ဂ) ကိုဖြစ်စေ၊ ပုဒ်မ ၅ ကို ဖြစ်စေ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၅ နှစ်ထိ ကျခံစေရမည်ဟူသည့် ဖိနှိပ်မှုပြင်းလွန်း သည့်ပြစ်ဒဏ် များ။ အလားတူ ပုဒ်မ ၇ တွင်လည်းပဲ မည်သူမဆို ပုဒ်မ ၃ ပုဒ်မခွဲ (ဂ) အရ ဖွဲ့စည်းခွင့်ကိုဖြစ်စေ၊ ဆက်လက်ရပ်တည်ခွင့်ကိုဖြစ်စေ မရသောအသင်းအဖွဲ့ သို့မဟုတ် ပုဒ်မ ၅ အရ ဖွဲ့စည်းခွင့်မရှိသော အသင်းအဖွဲ့တစ်ခုခုတွင် ပါဝင်ကြောင်း အသင်းအဖွဲ့ကို အားပေးကူညီကြောင်း သို့မဟုတ် ထိုအသင်း အဖွဲ့၏ အဆောင်အယောင်ကို အသုံးပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် သုံးနှစ် ထိကျခံစေရမည်ဟု ပြစ်မှုပြစ်ဒဏ် မမျှတသော၊ တရားမဲ့သော၊ အဆိုးဝါးဆုံးသော ပြဋ္ဌာန်းချက်များ ပါရှိနေပါတယ်။ ဒါတွေဟာ ယနေ့ခေတ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အရပ်ဘက်လူ့အဖွဲ့ အစည်းများ ပူးပေါင်း ပါဝင်ခွင့်ကို ခြိမ်းခြောက် ဟန့်တားနေပြီး ခေတ်နှင့် လုံးဝ မလျော်ညီတော့ပါရှင့်။ ၎င်းအပြင် ယင်းဥပဒေ အခန်း(၅) ပုဒ်မ ၈ ၌ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည် လိုအပ် သော နည်းဥပဒေများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် နိုင်သည်ဟု NGO များကို လွှမ်းမိုးချုပ်ကိုင်ထိန်းချုပ်ရန် ပြဋ္ဌာန်းထားရာ ဒီမိုကရေစီစံနှုန်းများနှင့် ဆန့်ကျင်နေ သည်မှာ အငြင်းပွားဖွယ်ရာ မရှိပါရှင့်။

ဒါကြောင့် NGO များကို ဒီမိုကရေစီခေတ်နှင့် လျော်ညီစွာ မှတ်ပုံတင်နိုင်ရေး အတွက် ဥပဒေ တစ်ရပ် ပြဋ္ဌာန်းပေးနိုင်ပါရန် တင်ပြဆွေးနွေး တင်ပြလိုခြင်း ဖြစ်ပါတယ်။ ဤအဆိုနှင့် အနှစ်သာရ သဘောတရားတူသော အဆိုတစ်ရပ်ကို ဤလွှတ်တော်တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့၌ တန့်ယန်းမဲဆန္ဒနယ်မှ ဦးထွန်းဆာ (ခ) ဦးစိုင်းထွန်းဝင်းက ၁၁-၃-၂၀၁၁ ရက်နေ့မှာ အဆိုတင်သွင်းခဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။

၂၀၁၂ ခုနှစ်၊ မတ်လမှာလည်း ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆) ဒေါက်တာတင်ရွှေ ကလည်း NGO များအား ကြီးကြပ်စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး မေးခွန်းများ မေးမြန်း ဆွေးနွေး တင်ပြခဲ့ဖူးပါတယ်။ အမျိုးသားလွှတ်တော်မှာလည်းပဲ NGO များနှင့်ပတ်သက်တဲ့ ဆွေးနွေးချက်များကို ကော်မတီများဖွဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်ရှင့်။ ဒီလိုပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက NGO များနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် တင်ပြဆွေးနွေးခြင်းဟာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အင်မတန်အရေးတကြီး လိုအပ်နေလို့ ဖြစ်ပါတယ်။  NGO များ မှတ်ပုံတင်ခြင်းဥပဒေကို ရေးဆွဲရာမှာလည်း NGO များမှ ကိုယ်စားလှယ်များနှင့် အလုပ်ရုံဆွေးနွေး ပွဲများ ပြုလုပ်ပြီး အကြံပြု ဆွေးနွေးချက်များ ရယူခြင်း၊ မှတ်ပုံတင်ကြေးကို သင့်တင့်သော ပမာဏ ဖြစ်စေခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစဉ်ပြေချောမွေ့ လွယ်ကူမှုရှိစေရန် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအား အခွင့်အာဏာ ပေးထားခြင်း၊ နိုင်ငံတကာ NGO ဥပဒေများကို လေ့လာ ကိုးကားခြင်းစတဲ့ အချက်များကို ထည့်သွင်း စဉ်းစားသင်‌့ပါကြောင်း တင်ပြရင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ အဆိုအား ဆွေးနွေးတင်ပြအပ်ပါတယ်ရှင့်။ ကျေးဇူး တင်ပါတယ်။

Standard (Image)