ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျာ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ ကိုယ်စိတ်နှစ် ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ကျွန်တော်လေးစားစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ဖြစ်ပါတယ်။ သင်္ဃန်း ကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်တင်သွင်းခဲ့တဲ့ မကြာခင်က ဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံအလုပ်ရုံအချို့မှာ အလုပ်သမားများ လုပ်ငန်းခွင်ဆိုင်ရာ ဆန္ဒဖော်ထုတ်မှုများ နဲ့ ပတ်သက်၍ အဖြေရှာရန် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန ် ပြည်ထောင်စုအစိုးရကို တိုက်တွန်း ကြောင်းအဆိုနဲ့ ပတ်သက်၍ တင်ပြဆွေးနွေးလိုပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား၊ အလုပ်သမား ဝန်ကြီးဌာနဟာ အလုပ်သမားအခွင့်အရေး ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၁၀) (က) အရ သတ်မှတ်ထားတဲ့နည်းလမ်းများနဲ့ အညီ ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းခဲ့ပြီး၊ အများပြည်သူ သိရှိနိုင်ရန်အတွက် နိုင်ငံတော်ပြန်တမ်းတွင် ၇ ရက် ၈ လ ၂၀၁၁ ခုနှစ် ရက်စွဲ နဲ့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ လွှတ်တော်နှစ်ရပ်မှာ အကြေအလည် ဆွေးနွေးခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ (၇) အဖြစ် ပြီးလည်း ဖြစ်ပါတယ်။ ၂၀၁၁ အောက်တိုဘာလ ၂၁ ရက်နေ့မှာ နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အလုပ်သမား အဖွဲ့အစည်းများ ကို ၂၀၁၂ ခုနှစ် မတ်လ (၁) ရက်နေ့ကနေ စပြီးတော့ ကျွန်တော်တို့ ဖွဲ့စည်းခဲ့တာ အခုအခါမှာ ဆိုလို့ရှိရင် တော့ အလုပ်သမားအဖွဲ့ချူပ်တစ်ခု၊ အလုပ်ရှင် အဖွဲ့ချူပ်တစ်ခု၊ အခြေခံအလုပ်သမား အဖွဲ့အစည်း ၁၂၇ ဖွဲ့၊ အလုပ်ရှင်အဖွဲ့ ၁၁ ဖွဲ့ထိ ဖွဲ့စည်းခွင့်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဖွဲ့စည်းခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ လွှတ်လပ်သော အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ပေးတာဟာ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြကြားခွင့်နဲ့အတူ အလုပ်သမားဖက်ကရော အလုပ်ရှင်များအတွက်ပါ လုပ်ငန်းခွင်အလျှောက် ဒီမိုကရေစီ အလေ့အထများ သွပ်သွင်းပေးလိုက်ခြင်း ဖြစ်သလို အလုပ်ရှင်နဲ့ အလုပ်သမားအကြား ယုံကြည်စိတ်ချရမှု မျိုးစေ့ချပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံး သိကြတဲ့အတိုင်းပါပဲ ဒီမိုကရေဆိုတာ ပေါ်ပေါ်ထင်ထင် ငြင်းခုံကြခြင်း Open Debate ဆွဲဆောင် စည်းရုံးတိုက်တွန်းကြခြင်း Persuasion နဲ့ အပေးအယူလုပ်ပြီး ဖြေရှင်းဆောင်ရွက်ကြခြင်း Compromise ဖြစ်ပါတယ်။ လုပ်နည်းလုပ်ဟန်ပေါ်မှာ လုံး၀ ရပ်တည်ရခြင်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသအတွင်းရှိ စက်ရုံအလုပ်ရုံအချို့မှာ အလုပ်သမားများ လုပ်ငန်းခွင်ဆိုင်ရာ ဆန္ဒဖော်ထုတ်မှုများဟာ အလုပ်သမားထုအတွင်း ဒီမိုကရေစီနဲ့ အခြေခံလွှတ်လပ်ခွင့် ခံစားရရှိခြင်းရဲ့ သင်္ကေတ အမှတ်အသားအဖြစ် ကျွန်တော်တို့ အသိအမှတ်ပြုကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ဒါကို ပြသနာလို့ မမြင်ပါဘူး။ ဒါဟာ သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ကျင့်သုံးကြခြင်းလို့ပဲ မြင်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ နဲ့ မေလမှာ စက်ရုံပေါင်း ၉၀ မှ အလုပ်သမားပေါင်း ၅၃၃၄၃ ဦးတို့ဟာ သက်ဆိုင်ရာ အလုပ်ရင်များနှင့် အငြင်းပွားမှုများဖြစ်ပေါ်ခဲ့သောလည်းပဲ ဒီမိုကရေစီလုပ်နည်းလုပ်ဟန်အတိုင်း နောက်ဆုံးမှာ အပေးအယူမျှသွားပြီး သဘောတူ စာချူပ်များကို နှစ်ဖက်စိတ်တိုင်းကျချူပ်ဆို နိုင်ခြင်းဖြင့် လည်းကောင်း ခုံသမာဓိ အဖွဲ့များရဲ့အဆုံးအဖြတ်ကို လက်ခံသွားခြင်းဖြင့် သော်လည်းကောင်း ပြေလည်စွာ ဖြေရှင်းသွားကြ ပြီဖြစ်ပါတယ်။ အဲလိုပြေလည်မှု ရှိသွားတယ်ဆိုတာဟာ ဇယားမှာဖော်ပြထားတဲ့ အတိုင်း အလုပ်သမားများရဲ့ အခွင့်အရေးနှင့် အကျိုးစီးပွားများ တိုးတက်ခံစား ရရှိသွားကြတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ အလုပ်သမားဥပဒေသစ်များတွင် အလုပ်သမားများ အတွက်ကော အလုပ်ရှင်များ အတွက်ပါ အကျိုးရှိသော ညီညွှတ်မျှတစွာ အကာကွယ် ပေးထားတဲ့အတွက် အလုပ်ရှင်နဲ့ အလုပ်သမားကြား မှာ ယုံကြည်စိတ်ချရမှု ပျိုးခင်း Trust Culture ကလေးစတင် ဖြစ်ပေါ်နေပြီလို့ ကျွန်တော်ကပြောကြားလိုပါ တယ်။ ချွတ်ယွင်းချက်အနေနဲ့ အငြင်းပွားမှုများ တွင် အလုပ်ရှင်ဘက်ကရော အလုပ်သမားဘက်ကပါ အစိုးရ ဝန်ထမ်းဘက်ကပါ ဥပဒေပါ ပြဌာန်းချက်များကို အစပိုင်းမှာ လိုက်နာမှု အားနည်းခဲ့တာကိုတော့ ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အပြည့်အဝလိုက်နာ ကျင့်သုံးနေကြတာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါဟာ ဥပဒေသက်တမ်း အလွန်နုလွန်းသည့် အတွက် ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၅) ဖြင့် အတည်ပြု ပြဌာန်းပြီးဖြစ်သည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို အချိန်မီထုတ်ပြန် အတည်ပြုပေးနိုင်သောကြောင့်သာ ယခုကဲ့သို့ အလုပ်သမား အငြင်းပွားမှုများကို ကောင်းမွန်စွာ စနစ်တကျဖြေရှင်းပေးနိုင်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများရဲ့ အခွင့်အရေးနှင့် အကျိုးခံစားခွင့်များကို ပိုမိုခံစားရရှိကြခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါ ဥပဒေကို အချိန်မီအတည်ပြုပေးခဲ့ကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဒီဥပဒေအရ စက်ရုံများတွင် ညှိနှိုင်းခြင်းအဆင့် ၊ မြို့နယ်တွင် ဖျန်ဖြေခြင်းအဆင့်၊ တိုင်းဒေသကြီးတွင် အဆုံးအဖြတ်ပေးခြင်းအဆင့်၊ အဆင့်တိုင်း အဆင့်တိုင်းတွင် အလုပ်သမားနှင့် အလုပ်သမား အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အလုပ်ရှင်နှင့် အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ်တို့ အရေအတွက် တူညီစွာပါဝင် ပြီး ဆွေးနွေးကြ၊ ဖျန်ဖြေကြ၊ အဆုံးအဖြတ် ပေးခဲ့ကြခြင်း ဖြစ်ပါတယ်။ အလုပ်သမား အရေးကိစ္စများတွင် အလုပ်သမားများကိုယ်တိုင် ပါဝင်အဆုံးအဖြတ်ပေးနေတဲ့ အခြေအနေမျိုးမှာ သူတို့ရဲ့ဆန္ဒ အနံ့အသက် ဆိုတာ မေးခွန်းထုတ်စရာလိုပါသေးသလားခင်ဗျား။
ဥက္ကဋ္ဌ ကြီးခင်ဗျား။ ။ စက်ရုံအချို့တွင် လုပ်ခစာ၊ အချိန်ပိုအခကြေးငွေ၊ လုပ်ငန်းခွင် အခြေအနေနှင့် နေထိုင်မှုအခြေအနေ ဆိုးဝါးနေပုံများကိုလည်း တင်ပြသွားခဲ့ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပုဂ္ဂလိက စက်ရုံအလုပ်ရုံ အလုပ်ဌာနစုစုပေါင်း (၁၃၁၅၆၄) ရုံရှိပါတယ်။ မတူညီသော ကျောထောက်နောက်ခံ အကြောင်းတရားများကြောင့် အလုပ်သမာများရဲ့ ခံစားခွင့်အခြေအနေနှင့် ပတ်သက်၍ တစ်ရုံနှင့်တစ်ရုံ မတူညီဘဲ ကွဲပြားခြားနားကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အလုပ်သမားဥပဒေများပါ အခွင့်အရေးများကို အလုပ်သမားအခွင့်အရေး (Labour Right)ဟူ၍ လည်းကောင်း၊ ဥပဒေတွင် မပါသော် လည်း ဖြစ်သင့်ဖြစ်ထိုက်သော ခံစားခွင့်၊ အခင်းအကျင်းတို့ကို အလုပ်သမားအကျိုးခံစားခွင့် (Labour Interest) ဟူ၍လည်းကောင်း၊ အားလုံးကို ခြုံငုံ၍ ခေါ်ဆိုသုံးနှုန်းပါတယ်။ အပြည်ပြည်ဆိုင်ရာမှာလည်း ဒီလိုပဲ ပိုင်းခြားဖော်ပြကြပါတယ်။
အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပုဒ်မ(၁၆) ပုဒ်မ(ခ)တွင် အလုပ်သများအဖွဲ့အစည်းမ၏ " အလုပ် အမှုဆောင်အဖွဲ့သည် အလုပ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်သည့် ဆောင်ရွက်မှုများ လုပ်ကိုင်ရန်" ဟု အပြည့်အ၀ တာဝန်ယူပေးအပ်ထားပြီး ဖြစ်သည့်အပြင် ပုဒ်မ ၂၀ နှင့် ၂၁ တို့တွင်လည်း အလုပ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားအတွက် အလုပ်သမားအဖွဲ့အစည်းများက ပါဝင် ဆွေးနွေးရန်၊ စုပေါင်းအရေးဆိုမှုများကို ဖြေရှင်းရာတွင် ပါဝင်ဆောင်ရွက်ရန်ဟု အတိအကျ ပြဋ္ဌာန်းပေးထား ပြီးဖြစ်ပါတယ်။ ဒီလောက်များပြားတဲ့ စက်ရုံအလုပ်ရုံ အလုပ်ဌာနများမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား ထုကြီးတစ်ရပ်လုံးရဲ့ ကွဲပြားခြားနားစွာ ဖြစ်ပေါ်နေသော လိုအပ်ချက်များကို၊ လုပ်ပိုင်ခွင့်ပေးအပ်ထားပြီဖြစ် တဲ့ အလုပ်သမားအဖွဲ့အစည်းများထက်ပိုပြီး ဘယ်သူကမျှ ဖြေရှင်းမပေးနိုင်ပါဘူး။ ပြီးခဲ့သည့် အလုပ်သမား ရေးရာ အငြင်းပွားမှုများကြောင့် အလုပ်သမား အပိုင်းသာမက အလုပ်ရှင်များပါ အလုပ်သမားဥပဒေများ အပေါ် ပိုမိုအလေးအနက်ထားပြီး လေ့လာလာကြသည်ကိုတွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်ငန်းခွင် ဆက်ဆံရေး တိုင်းဒေသကြီးများနဲ့ ပြည်နယ်များမှာ (၉)ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။ ထို့အပြင် (၂၇-၆-၂၀၁၂) ရက်နေ့ကလည်း အပြည်ပြည်ဆိုင်ရာ အထူးကျွမ်းကျင်သူများ အဖြင့် ဖွဲ့စည်းထားသော (Friedrich Ebert Stif'tung) ဂျာမန်ဖောင်ဒေးရှင်းအကူအညီဖြင့် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်ရှင် အဖွဲ့အစည်း အစိုးရဝန်ထမ်းများနှင့် လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးအတွက် အလုပ်ရုံဆွေးနွေးပွဲ တစ်ခု လုပ်ပေးခဲ့ပါတယ်။ ဂျာမနီ၊ ဂျပန်၊ မလေးရှား၊ နယူဇီလန်၊ အင်ဒိုနီးရှား အစရှိတဲ့ နိုင်ငံများမှ ပညာရှင် များ၊ ပါရဂူကြီးများ ကိုယ်တိုင်လာရောက် ဆွေးနွေးပေးခဲ့ပါတယ်။ အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင် တချို့ကိုလည်း ပြည်ပနိုင်ငံများသို့ စေလွှတ်ပြီး ဆွေးနွေးပွဲများ၊ ညီလာခံများတက်ရောက် စေလျက်ရှိပါ သည်။ နိုင်ငံတော်သမ္မတကြီးရဲ့ ခရီးစဉ်တိုင်ပင်လျှင် လိုက်ပါခွင့်ရခဲ့ပါတယ်။ အလွန်တိုတောင်းသည့် အချိန်ကာလအတွင်းမှာ ကျွန်တော်တို့ အလုပ်သမားများရဲ့ အသိပညာ တိုးတက်မှုဟာ အလွန်အားရစရာ ကောင်းပါတယ်။ သူတို့ဟာ အနုညာတ တွေမဟုတ်ကြပါဘူး။ သူတို့ကို ရင့်ကျက်မှု ပိုမိုရရှိလာစေရန် အချိန် အနည်းငယ်သာ ပိုပေးဖို့လိုပါတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်များကို သူတို့ကောင်းစွာလုပ်ကိုင်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်တို့ အလေးအနက် ယုံကြည်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်း ဥပဒေနဲ့ ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေများဟာ ဥပဒေရဲ့ အနှစ်သာရ သဘော (Spirit of the law) အရ ကျောက်ကောင်းနှစ်ပွင့်လိုပဲ ရေပန်းစားပြီး လူကြိုက်များနေကြပါပြီ။ သူတို့စောင့်ကြည့်နေတာ လက်တွေ့ အကောင်အထည်ဖော်မှု ( Practice)ပဲဖြစ်ပါတယ်။ အစိုးရ ဝန်ထမ်းများ အပိုင်းရော၊ အလုပ်သမား၊ အလုပ်ရှင်များ အပိုင်းသာမက လူထုလူတန်းစား အဖွဲ့အစည်းများ အပိုင်းကပါ အမှားအယွင်း ကင်းရှင်းစွာနဲ့ ဥပဒေနဲ့ အနှစ်သာရအတိုင်း နည်းမှန်လမ်းမှန် ဖွံ့ဖြိုး တိုးတက်လာ စေရန်အတွက် သူတို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများက သင့်လျော်တဲ့ အချိန်ကာလစတ်ခု ပေးသင့်ပါတယ်။ ကမ္ဘာပေါ်မှာ ဥပဒေတစ်ရပ် စတင် အကောင်အထည် ဖော်ဆောင်ရွက်တဲ့ အချိန်ကာလ တစ်ခု ပေးသင့်ပါတယ်။ ကမ္ဘာပေါ်မှာ ဥပဒေသစ်တစ်ရပ် စတင်အကောင်အထည်ဖော်ဆောင်ရွက်တဲ့ အချိန်ကာလအတွင်းမှာ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းခြင်းကို မည်သည့်နိုင်ငံမျှ ကျင့်သုံးခဲ့ခြင်းမရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုရဲ့ နည်းပညာဆိုင်ရာ အကြံပေးအရာရှိချူပ်က ကျွန်တော်တို့ထံ ပေးပို့ထားတဲ့ စာတစ်စောင်ထဲမှာ ထည့်သွင်းရေးသား ဖော်ပြထားတာ ရှိပါတယ်။ ထို့အပြင် အလုပ်သမားရေးရာ အငြင်းပွားမှုများတွင် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက် ဖော်ပြထားပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံသူများဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ အကူအညီကို မယူပဲ၊ မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေအသစ်များကို မသိနားမလည်ပဲ ဒီကိုရောက်လာကြတာ မဟုတ်ပါဘူး။ ဥပဒေတစ်ရပ် ဟာ နည်းမှန်လမ်းမှန်ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်ပေးရမယ် ဆိုတာကိုလည်း သူတို့ကောင်းကောင်း နားလည်ကြ ပါတယ်။
ဥက္ကကြီးခင်ဗျား။ အလုပ်သမားနှင့်အလုပ်ရှင်ကြား ယုံကြည်စိတ်ချရမှု ပျိုးဥယျာဉ် (Turst Culture) ထူထောင်စ ယခုအချိန်တွင် စုံစမ်းရေးကော်မရှင ်ဖွဲ့စည်းခြင်းသည် တစ်ဘက်နှင့်တစ်ဘက် ယုံကြည်စိတ်ချ ရမှု မျိုးစေ့ကို တူးဖော်ပစ်ရန် အားထုတ်သလို ဖြစ်သွားနိုင်သည့်အတွက် အလွန်အန္တရယ်ကြီးလှပါတယ်။
သို့ဖြစ်ပါ၍ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီး ဦးသိန်းညွှန့် တင်သွင်းခဲ့သည့် အလုပ်သမားဆန္ဒ ဖော်ထုတ်မှုများနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းရန် အဆိုအား ပြန်လည် ရုပ်သိမ်း ပေးပါရန် လေးစားစွာ တင်ပြအပ်ပါ တယ်ခင်ဗျား။
