ဦးသိန်းညွှန့်၏ အဆိုကို ဦးခိုင်မောင်ရည်မှ ထောက်ခံဆွေးနွေး

ဦးခိုင်မောင်ရည်(ခ) ဦးခင်မောင်ရည် (အလုံမဲဆန္ဒနယ်)။      ။ လေးစားချစ်ခင် ရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံး တက်ရောက်လာ ကြသော ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ဖြစ် ပါတယ်။ ကျွန်တော် ဦးသိန်းညွန့် တင်သွင်းခဲ့တဲ့အဆိုကို ထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုနှင့်ပတ်သက်ပြီး ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးကို အတူတူလုပ်ဖော်ကိုင်ဖက် များဖြစ်ကြတဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းများဖြစ်ကြတဲ့ ၁၉၈၈ မျိုးဆက်သစ် ကျောင်းသားများနဲ့ သူတို့ရဲ့ ဆောင်ရွက်ချက်၊ ပြည်သူ့အကျိုးအပါအဝင် ဆောင်ရွက်ခဲ့မှုများကို ပူးတွဲတင်ပြဆွေးနွေးလိုပါတယ် ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီအလုပ်သမား ဆန္ဒဖော်ထုတ်မှုများကို အခြေခံ အကြောင်းအရင်းများ အဖြစ် ရှင်းလင်းတင်ပြလိုပါတယ်။ ၂၀၁၅ ခုနှစ်၊ မေလ ၈ ရက်နေ့ ဟိုက်မို ဆံပင်တုစက်ရုံ ကိုရီးယား အမျိုးသားပိုင်စက်ရုံဟာ စတင်ဖြစ်ခဲ့တဲ့ အခြေခံလစာအပြင် အခြားသော အခြေခံလိုအပ်ချက်များ တောင်းဆိုတဲ့ကိစ္စဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအခွင့်အရေးတောင်းဆိုတဲ့ အလုပ်သမားဦးရေဟာ ၁၈၀၀ ခန့် ရှိပါတယ်။ အဲဒီမှာ အလုပ်သမားကိုယ်စားလှယ် ၇ ဦးနှင့် အလုပ်ရှင်ကိုယ်စား မန်နေဂျာ ပြီးတော့ အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အပါအဝင် သက်သေထားပြီး စာချုပ်ချုပ်ဆိုခဲ့သော် လည်းပဲ လုပ်ငန်းရှင်ကနေ စာချုပ်ကို အသိအမှတ် မပြုခဲ့တာရှိပါတယ်။ အဲဒီလိုပဲ မေလ ၁၅ ရက်မှာ စံပယ်ပွင့်အထည်ချုပ်စက်ရုံ၊ မေလ ၁၅ ရက်မှာပဲ ပုလဲအထည်ချုပ်စက်ရုံ၊ နေမင်းအောင် အထည်ချုပ် စက်ရုံ ၃ ရုံပါ။ အခြေခံလုပ်ခလစာနှင့် အခြားလုပ်ငန်းခွင် အခက်အခဲများ၊ လုပ်ငန်းရှင် အခြေခံလစာ တိုးပေးဖို့ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့မှ စံပယ်ပွင့်အထည်ချုပ်စက်ရုံနဲ့ ပုလဲ အထည်ချုပ်စက်ရုံဟာ လုပ်ငန်းရှင် တစ်ဦးတည်းဖြစ်တဲ့အတွက် ဒီတောင်းဆိုမှု၊ သဘောတူညီမှုရခဲ့ပါ တယ်။ ဒီလိုပဲ အခြားအထည်ချုပ် စက်ရုံတွေမှာ ဆက်တိုက်တွေ ဖြစ်လာတဟာ ရန်ကုန်တိုင်းဒေသကြီး မှာ စက်ရုံပေါင်း ၉၀ ကျော်မှာ ဖြစ်ပေါ်ခဲ့တဲ့ စက်ရုံ ၄၀ ရုံ ကျွန်တော်တို့ သူငယ်ချင်းများ ဝင်ရောက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ တာတွေကို တွေ့ခဲ့ရပါတယ်။ အဓိကကတော့ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ဆိုတဲ့ တောင်းဆိုချက်ကို အများဆုံးတွေ့ရပါတယ်။ အဲဒီလို တောင်းဆိုတဲ့အခါမှာ တစ်ဖက် ကလိုက်လျောမှုက အခြေခံ လုပ်ခလစာအပေါ်မှာ တိုးမြှင့်ပေးခြင်းမရှိဘဲနဲ့ အခြားခေါင်းစဉ်များ အောက်မှာရှိတဲ့ အခကြေးငွေကိုသာ တိုးပေးခဲ့တာတွေ့ပါတယ်။ အခြေခံလုပ်ခလစာ တိုးပေးဖို့ဆိုတဲ့ ကိစ္စမှာ စက်ရုံတော်တော်များများက လက်ခံမှု မရှိခဲ့တာတွေ့ရပါတယ်။ အဲဒီတော့ တောင်းဆိုတဲ့ အခြေခံလုပ်ခလစာ အများဆုံးတောင်းဆိုတာ ၃၀၀၀၀ ဖြစ်ပြီးတော့ ဒုတိယအများဆုံးက ၂၀၀၀၀ ဖြစ် ပါတယ်။ အဲဒီတော့ အခြေခံလုပ်ခလစာမှာ တိုးမြှင့်ပေးခဲ့ခြင်း နည်းခဲ့ပါတယ်။ ပြီးတော့ အခြေခံလုပ်ခ လစာအပြင် အခြားလုပ်ငန်းတွေ အခက်အခဲများကို တင်ပြတောင်းဆိုကြတာ တွေ့ရှိရပါတယ်။ ဒီလို ဖြစ်ပေါ်လာတဲ့အခါမှာ တကယ်တမ်းဖြစ်ခဲ့တဲ့ အလုပ်သမား၊ အလုပ်ရှင် ပဋိပက္ခမှာ အကြောင်းအရင်း တွေရှိပါတယ်။ ဒီအကြောင်း အရင်းတွေနဲ့ဆိုရင် လုပ်ငန်းခွင်အတွင်းမှာ အလုပ်ရှင် သို့မဟုတ် အလုပ် ရှင်ရဲ့ကိုယ်စားလှယ်တွေက အလုပ်သမားများကို ရိုင်းပြစွာ ဆက်ဆံတော့ လူမှုဖူလုံရေး ခံစားခွင့်များ မရရှိပါ။ လုပ်ငန်းခွင် သက်သာချောင်ချိမှုမရှိတာ။ လစာပေးရာမှာ ရှုပ်ထွေးတဲ့စနစ်ကျင်‌့သုံးသဖြင့် အလုပ်သမားများက နားမလည်ခြင်းမဖြစ်ရတယ်။ နောက်လူမှုရေး၊ ကျန်းမာရေး အကြောင်းတစ်စုံ တစ်ရာကြောင့် တစ်ရက်ပျက်ကွက်မိပါက လစာကို ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ ဥပမာ- လစာဆို တစ်ရက်လောက်ပျက်တာနဲ့ လခထုတ်တဲ့အခါမှာ ၁၀၀၀၀ ခန့်အထိ သူတို့က လျော့ပစ်လိုက်ပါတယ်။ ဘာကြောင့် ဘယ်လိုလျော့တယ်ဆိုတာ အလုပ်သမားတွေက သိခွင်‌့မရှိပါဘူး။ ဒီတစ်ခါ အလုပ်သမား များကို လွယ်လင့်တကူ ထုတ်ပယ်ခြင်း အဲဒီအကြောင်းအရင်းများစွာ အဲဒါတွေကနေ စပြီး အခြေခံတာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၈၈ ကျောင်းသားတွေအနေနဲ့ ဒီလိုဖြေရှင်းခဲ့တာမှာ အလုပ်သမားတွေ ဘက်က နစ်နာမှုကို တစ်ဖက်စောင်းနင်း ဖြေရှင်းခဲ့တာမျိုးမဟုတ်ဘဲနဲ့ အလုပ်ရှင်တွေရဲ့ ရပ်တည်မှု ကိုလည်း ကြည့်ပြီးတော့ အလုပ်ရှင်တွေရဲ့ ဆက်လက် လုပ်ငန်းခွင့်တွေကို ဆောင်ရွက်နိုင်ရေးကို အပြန် အလှန်အကျိုးပြု နိုင်အောင်ထည့်သွင်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ အလုပ်ရှင်နှင့် အလုပ်သမားဆိုတာကတော့ အပြန်အလှန် အကျိုးပြုတဲ့ အဖွဲ့အစည်းဖြစ်သလို ပဋိပက္ခအသွင်ဆောင် မှုတွေကို ကျွန်တော်တို့ ဒီစားပွဲဝိုင်း ယဉ်ကျေးမှုနဲ့ဖြေရှင်းရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ တွေ့ဆုံညှိနှိုင်းခြင်းဖြင့် အဖြေရှာခြင်းဆိုတဲ့ဟာ အကောင်းဆုံးဖြစ်တယ်ဆိုတာ နှစ်ဦးနှစ်ဖက် နားလည် သဘောပေါက်အောင် ကျွန်တော်တို့ အဖွဲ့တွေက ဆောင်ရွက်ပေးခဲ့တာကိုတွေ့ရပါတယ်။ ဒါဟာ နမူနာ ယူရမယ့်ကိစ္စတွေဖြစ်ပါတယ်။ အဲဒီတော့ အလုပ်ရှင်၊ အလုပ်သမားသည် နှစ်ဦးနှစ်ဖက်လိုက်နာဖို့ စည်းကမ်းချက်တွေထဲမှာလည်း ပါဝင်ရမယ့် အချက်တွေရှိပါတယ်။ အလုပ်ရှင်ဘက်မှာဆိုရင် အလုပ်ရှင်က လိုက်နာဖို့ ဒီလုပ်ငန်းခွင်အတွင်းမှာ သက်သာချောင်ချိမှု၊ ပျော်ရွှင်မှုဖန်တီးပေးဖို့ လိုအပ် ပါတယ်။ အလုပ်သမားများရဲ့ ဆန္ဒမပါဘဲနဲ့ ဒီအချိန်ပိုကို ဖိအားပေးပြီး ခိုင်းစေချင်မျိုး မပြုလုပ်ဖို့ လိုအပ်ပါမယ်။ လူမှုဖူလုံရေးဥပဒေပါ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်များကို လစာမှဖြတ်တောက်ခြင်း မပြုဘဲ ခံစားခွင့်ပေးရန် ဒီခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ ၁၉၅၁ အဲဒီထဲမှာ ရှိတဲ့ ဥပဒေပါ အချက်တွေကို အလုပ်သမားတွေက ခံစားခွင့်မရှိတာ ဒီဥပဒေတွေကို ပုဂ္ဂလိက အလုပ်ရုံ၊ စက်ရုံတွေမှာ အာဏာသက်ရောက်မှု နည်းနေတာကို ဒါတွေဟာ အလုပ်ရှင်တွေဘက်ကနေ စည်းကမ်းလိုက်နာ ရမယ့် ကိစ္စတွေ ရှိပါတယ်။ ဒီမလိုလားအပ်တဲ့ အကျိုးမရှိတဲ့ လုပ်ငန်းခွင် စည်းကမ်းချက်တွေကို အလုပ်ရှင် တွေက ထုတ်ပြန်တာမျိုး မဖြစ်သင့်ပါဘူး။ အုပ်ချုပ်ရေးပိုင်း ဝန်ထမ်းတွေအနေနဲ့ကလည်း အလုပ် သမားများကို နှိပ်စက်ခြင်း၊ ရိုင်းပျစွာ ဆက်ဆံခြင်းများကို တားမြစ်ပေးဖို့ လိုအပ်ပါတယ်။ အလုပ်သမား တွေဘက်ကလည်း လိုက်နာရမယ့် စည်းကမ်းချက်တွေ အနေနဲ့ လိုအပ်ပါမယ်။ ကျွန်တော်တို့ နိုင်ငံ အလုပ်သမားတွေဟာ ပြည်ပနိုင်ငံအလုပ်ရှင်များ၊ ပြည်တွင်းပြည်ပ ဖက်စပ်လုပ်ငန်းရှင်များ၊ ပြည်တွင်း လုပ်ငန်းရှင်များရဲ့အောက်မှာ လုပ်ကိုင်ဆောင်ရွက်ရတာ ဖြစ်သော်လည်းပဲ နိုင်ငံတကာ အလုပ်သမား များရဲ့ လုပ်နေကြတဲ့စည်းကမ်း၊ အလုပ်သမား စည်းကမ်းကို တိတိကျကျလိုက်နာဖို့ ကျွန်တော်တို့ စည်းကမ်းတွေကို ကျွန်တော်တို့လူမျိုးတွေဟာ လျော့လျော့ရဲရဲနဲ့ နေတတ်တဲ့အလေ့အထတွေကို ဖျောက်ဖျက်နိုင်ဖို့လိုအပ်ပါမယ်။ အဲဒီတော့ အလုပ်ချိန်ကိုလေးစားဖို့ စနစ်တကျခွင့်တိုင်မှုရှိဖို့ ဒါ လိုအပ်ပါမယ်။ နောက် ကုန်ထုတ်စွမ်းအားတိုးတက်ဖို့အတွက်ကြိုးစားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ မိမိတို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို သစ္စာရှိဖို့ဆိုတဲ့ လုပ်ငန်းခွင်သစ္စာရှိခြင်းကိုဆိုတာပါ။ ဒါ လိုအပ်ပါမယ်။ အဲဒီတော့ အနိမ့်ဆုံးအခြေခံလစာသတ်မှတ်ချက် အမြန်ဆုံးပြဋ္ဌာန်းပေးနိုင်ရေး ဟာလည်း လွှတ်တော်မှာ ဆောင်ရွက်နေပြီ ဖြစ်သော်လည်း သတ်မှတ်တဲ့အခါမှာ စီးပွားရေး ပညာရှင် များ၊ ကျွန်တော်တို့ လွှတ်တော်မှာရှိတဲ့ ဥပဒေပညာရှင်များအပြင် ပြင်ပမှစီးပွားရေးပညာရှင်များနှင့် အလုပ်သမားပဋိပက္ခမှာ ပါဝင်ဆောင်ရွက်ခဲ့သူများ ဥပဒေရေးဆွဲရေးမှာ ပါဝင်ဖို့ လိုအပ်တယ်လို့ ကျွန်တော့်အနေနဲ့ အကြံပြုလိုပါတယ်။ ခေတ်နဲ့လျော်ညီတဲ့ လူမှုဖူလုံရေးအက်ဥပဒေ ၁၉၅၄ ဒါကိုလည်း အခု လွှတ်တော်မှာ ပြဋ္ဌာန်းပြီးဖြစ်သော်လည်း ၎င်းဥပဒေကို လုပ်ငန်းရှင်များမှ အသိအမှတ်ပြုလိုက်နာဖို့ အာဏာသက်ရောက်ဖို့ ဒါလည်း အရေးကြီးပါတယ်။ နောက်ထိခိုက်ဒဏ်ရာ ရပြီးတော့ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရသေဆုံးသူများကို ထိုက်တန်တဲ့လျော်ကြေးငွေသတ်မှတ် ပေးဖို့ လိုအပ်ပါတယ်။ အလုပ်သမား တစ်ယောက်ကို ထိခိုက်တာ ဥပဒေထဲမှာ အင်မတန်မှ လျော်ကြေး နည်းနည်းလေးပဲရှိပါတယ်။ ဒီဥပဒေ အမြန်ပြင်ဖို့လိုပါတယ်။ အလုပ်သမား လျော်ကြေးအက်ဥပဒေ ၁၉၂၃ ခေတ်နှင့်အညီ အမြန်ပြင်ပေးဖို့ လိုအပ်ပါမယ်။ အလုပ်သမားများရဲ့ အရည်အချင်းမြှင့်တင် ရေးအတွက်ကတော့ နိုင်ငံမှာလည်း အမျိုးသားသင်တန်းကျောင်းတွေ ဖွင့်ထားတာတွေ့ပါတယ်။ သို့သော် ဒီအလုပ်သမားဝန်ကြီးဌာန အလုပ်ရှင်များနှင့် ဒီ ILO တို့နှင့်ပူးတွဲပြီးတော့ ဆောင်ရွက်သင့် တယ်လို့ အကြံပေးလိုပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကနေ ပြဋ္ဌာန်းအတည်ပြုပေး ခဲ့တဲ့ အလုပ်သမားအဖွဲ့အစည်းဥပဒေ အလုပ်သမား ဥပဒေအရဆိုရင် အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းနိုင်ခွင့်ရနေပါပြီ။ ဒီအလုပ်သမား အဖွဲ့အစည်းတွေက အလုပ်သမားကိုယ်စားပြု အဖွဲ့အစည်း ဖြစ်ပြီးတော့ ဒီအလုပ်သမားတွေရဲ့ နစ်နာမှုတွေကို ဆက်လက်ပြီးတော့ တောင်းဆို ကြမှာ ဖြစ်ပါတယ်။ အဲဒီလို ဥပဒေတွေ အသက်ဝင်လာရေးကလည်း ဒီအလုပ်သမားဝန်ကြီးဌာနမှာ တာဝန်ရှိ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြပေးဖို့ ပြည်သူလူထုထဲကို အလုပ်ရှင်၊ အလုပ်သမား အားလုံး အသိပညာတွေကို ရရှိစေဖို့ အလုပ်သမားဝန်ကြီးဌာနမှ ဖြန့်ကျက်ပေးဖို့ တာဝန်ရှိပါတယ်။ အခုဖြစ်ပေါ်လာတဲ့ ကိစ္စတွေမှာ အလုပ်သမားဝန်ကြီးဌာန မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းတို့ အလုပ်သမားအခွင့်အရေး တက်ကြွစွာဆောင်ရွက်ခဲ့တဲ့သူတွေရဲ့ ပူးပေါင်းဆောင်ရွက် ကြောင့်သာ အောင်မြင်စွာဖြေရှင်း နိုင်တယ်ဆိုပေငြားလည်း ဆက်လက်ပြီးတော့ ဖြစ်ပေါ်လာမယ့် အ‌ွခေအနေများ၊ နောက်ဆက်တွဲပြဿနာများ ရှိနိုင်တဲ့အတွက် ကျွန်တော်တို့ အခု ဦးသိန်းညွန့် တင်သွင်းတဲ့အဆိုထဲမှာပါသလို ကော်မရှင်ဖွဲ့စည်းဖို့ဆိုတဲ့ကိစ္စမှ ဒီအဖွဲ့အစည်းတွေ ပြန်လည်ပါပြီး တော့ စောစောက ကိုယ်စားလှယ်ကြီး ဦးမြင့်သိန်းဆွေးနွေးသွားသလိုပဲ ကျွန်တော်တို့လွှတ်တော်မှာ ရှိတဲ့ ကော်မတီအဖွဲ့အစည်းအပြင် ပါတီအဖွဲ့အစည်း၊ အခြားအဖွဲ့အစည်းအသီးသီးအပြင် NGO များ၊ အလုပ်သမားရေးရာဆောင်ရွက်နေသူများ၊ ရှေ့နေများ၊ ဥပဒေပညာရှင်များ၊ အလုပ်သမားများ၊ အလုပ်ရှင်များ၊ ကိုယ်စားလှယ်များပေါ့။ သူတို့ပါဝင်ဖို့ဆိုတာလည်း တကယ်လိုအပ်ပါတယ်။ အခု စုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းမယ်ဆိုတာကတော့ အကြောင်းအရင်းမြစ် ဘာဖြစ်လို့ ဘာကြောင့် ဒီလို ပြဿနာမျိုးဖြစ်ရတာလည်း နောင်မဖြစ်အောင် ဘယ်လိုကာကွယ်သင့်သလဲဆိုတဲ့ ကော်မရှင်မျိုး ဖြစ်ဖို့လိုအပ်ပါမယ်။ ကော်မရှင်က ဒီအကြောင်းအရင်းကို ဖော်ထုတ်ရုံလေး တစ်ခုတည်း မဟုတ်ဘဲနဲ့ နောင်ဒီလိုအကြောင်းအရင်းမျိုးတွေကို အလားတူ ပြဿနာမျိုးတွေမဖြစ်အောင် ဆန္ဒပြုမှုတွေက ငြိမ်းချမ်းစွာဆန္ဒပြသည်ဆိုသော်ငြားလည်း စက်ရုံ၊ အလုပ်ရုံ တစ်ခုကနေတစ်ခု ဆက်တိုက် ကူးသလို ဖြစ်လာပြီးတော့မှ စက်ရုံ၊ အလုပ်ရုံပေါင်း များစွာဖြစ်ပေါ်လာတဲ့အတွက် ဒီလိုဖြစ်ပေါ်နေတာဟာ ကောင်းတဲ့အလားအလာမဟုတ်ဘူးလို့ ကျွန်တော်တို့က မြင်ပါတယ်။ ဘာဖြစ်လိုလဲဆိုရင် လိုအပ်ချက် တွေကို တင်ပြတောင်းဆိုတာ သူတို့မှာလိုအပ်ချက်တွေရှိနေလို့ဖြစ်ပါတယ်။ အဲဒီလို လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လွှတ်တော်မှာတာဝန်ရှိတယ်လို့ မြင်ပါတယ်။ ဥပဒေပြုရေးတာဝန်ယူထားတဲ့ လွှတ်တော်အနေနဲ့ ဥပဒေနှင့်အညီ လုပ်ငန်းရှင်တွေက ဆောင်ရွက်နေသလား။ ဥပဒေနှင့်အညီ အလုပ်သမားတွေက ဆောင်ရွက်နေကြသလား။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းက ဥပဒေကို တကယ့်အကောင်အထည်ဖော်ဆောင်ရွက်သလား။ ညှိနှိုင်းမှုတွေမှာ ထည်ထည်ဝင်ဝင်ပါဝင် ဆောင်ရွက်နေသလားဆိုတာ ဒါတွေကိုလည်း ဆောင်ရွက်ဖို့ လိုအပ်ပါမယ်။ အဲဒီတော့ ကျွန်တော်တို့ လွှတ်တော်မှ ဒီအခြေခံ အနိမ့်ဆုံးလုပ်ခလစာဆိုတာတွေလည်း ကျွန်တော်တို့ လူမှုဖူလုံရေးစတဲ့ ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေပြီဖြစ်တယ်။ ပြုပြင်ပြောင်းလဲလာပြီဖြစ်တဲ့ နိုင်ငံရေးအ‌ွခေအနေ များကြောင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် စိတ်ဝင်စားနေကြပါတယ်။ ဦးသိန်းညွန့်အဆိုထဲမှာပါသလိုပဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မထိခိုက် စေဘဲ အဖြေရှာနိုင်ရန်အတွက်ဆိုတာကို မှန်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖို့ ကျွန်တော်တို့ နိုင်ငံကို လာဖို့တာစူနေတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ကျွန်တော်တို့က ဖိတ်ခေါ်ရမှာဖြစ်သလို ကျွန်တော်တို့ နိုင်ငံသားအလုပ်သမားတွေ အတွက်လည်း ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေက တကယ်ကို ရှိဖို့လိုအပ် တယ်။ အဲဒီတော့ ကျွန်တော်ဘက်မှာ ဥပဒေချို့ယွင်းချက်ကြောင့် ဥပဒေမရှိသေးလို့ အကာအကွယ် မပေးနိုင်ဘူးဆိုတဲ့ဟာမျိုးလည်းမဖြစ်သင့်ပါဘူး။ အဲဒီတော့ ဒီကိစ္စဟာ ကျွန်တော်တို့ လွှတ်တော်က တကယ်အလေးအစားနဲ့ ဆောင်ရွက်တကယ်ဆောင်ရွက်ရမယ့် အလုပ်ဖြစ်တယ်ဆိုတဲ့ ဒီလိုပြဿနာ မျိုးတွေ ပေါ်ပေါက်နေတာကို ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်ကြီးများဟာ လွှတ်တော်ပြင်ပ ကာလဖြစ်သော်ငြားလည်း Link သဘောမျိုးချိတ်ဆက်ပြီးတော့၊ ကွန်ရက်သဘောမျိုးချိတ်ဆက် ပြီးတော့မှ အစုအဖွဲ့များအနေနဲ့ သွားရောက်ညှိနှိုင်းပေးခြင်းမျိုးတွေမှာလည်း ဝင်ရောက်ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်နောက်က ဆွေးနွေးမယ့် လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးအောင်သိန်းလင်း စက်ရုံကိုရောက်တာ ကျွန်တော်တို့တွေ့လိုက်ရပါတယ်။ အဲဒီတော့ ဒီလိုဆောင်ရွက်ခြင်းဟာ အင်မတန်မှကောင်းမွန်ပါတယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ ရာပေါင်းများစွာရှိပြီး ကျွန်တော်တို့ စက်ရုံရောက်တဲ့သူတွေနည်းနေပါတယ်။ ကျွန်တော်တို့အားလုံးကို ဥက္ကဋ္ဌကြီး အမြဲတမ်းမိန့်ပါတယ်။ ပါတီစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲ ဘာစွဲမှမထား ရဘူးဆိုတာ ကျွန်တော်တို့ ဘာစွဲမှမထားဘဲနဲ့ ဆောင်ရွက်ဖို့ လိုအပ်ပါမယ်။ ပါတီအနေနဲ့ သွားကြတာ တွေရှိတယ်။ ကျွန်တော်တို့က ပါတီအနေနဲ့ မသွားဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်များ စုဖွဲ့ပြီးတော့ သွားဖို့လိုအပ်လိမ့်မယ်လို့ ကျွန်တော်တို့ အဲဒီလိုမြင်ပါတယ်။ မနေ့က ကိုယ်စားလှယ်တစ်ဦး ပြောသွား ပါတယ်။ ဥက္ကဋ္ဌကြီးက ပါတီစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲ ဘာစွဲမှမထားရဘူးဆိုတာကို ဘောင်ခတ်လိုက်တယ်လို့  ပြောပါတယ်။ ကျွန်တော့်အနေနဲ့ ဘောင်ခတ်တယ်လို့ မမြင်ပါဘူး။ ဥက္ကဋ္ဌကြီးက ကျွန်တော်တို့ကို ဘောင်တွေကိုဖြုတ်ပေးလိုက်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ဟာ ဘာဘောင်မှမရှိတော့ဘဲနဲ့ ဘာစွဲမှ မရှိတော့တဲ့အစွဲနဲ့ ပူးပေါင်းပြီးဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အဲဒီတော့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်တိုင်း ဖယောင်းတိုင်ထွန်းနေတာကိုလည်း ကျွန်တော်တို့ ကြည့်နေလို့မဖြစ်ပါဘူး။ ဘာကြောင့် ထွန်းကြတာလဲ။ အလုပ်သမားတွေ ငြိမ်းချမ်းစွာဆန္ဒပြတယ်ဆိုတာ ဘာကြောင့်ပြကြတာလဲ။ ကျွန်တော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုသလို အစာငတ်ခံ ဆန္ဒပြတဲ့အထိ တိုက်ကြီးဘက်မှာ ဖြစ်လာတယ်။ အဲဒီလောက်ပြင်းထန်တဲ့ကိစ္စမျိုး ကျွန်တော်တို့ ဒီတိုင်းကြည့်နေကြသလို ဖြစ်သွားနေကြ ရင် ကျွန်တော်တို့ တာဝန်မကျေရာကျပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အခု ကော်မရှင်ဖွဲ့ရေးသည် အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်များက အရေးပေါ်ကိစ္စတွေ တိုင်းပြည်မှာဖြစ်နေတဲ့ အချိန်မှာ ပူးပေါင်း ဆောင်ရွက်ဖို့ကိစ္စလည်း လိုအပ်မယ်လို့ ကျွန်တော်အကြံပြု လိုပါတယ်။ ကျွန်တော်တို့ အခုလို ကော်မရှင်တွေဖွဲ့တဲ့အခါမှာ အလုပ်သမားအရေးများကို တကယ့် စိတ်နစ်ပြီးတော့ အင်တိုက်အား တိုက်ဆောင်ရွက်ပေးခဲ့တဲ့ အဖွဲ့အစည်းအသီးသီး၊ ပုဂ္ဂိုလ်အသီးသီး အပြင် ကျွန်တော်တို့ သူငယ်ချင်းများဖြစ်တဲ့ ၈၈ မျိုးဆက်သစ် ကျောင်းသားများကိုလည်း ပါဝင်ခွင့် ပေးဖို့လည်း ကျွန်တော်အနေနဲ့ ဆန္ဒပြုလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီ ဦးသိန်းညွန့်ရဲ့အဆိုဖြစ်တဲ့ မကြာခင်မှ ဖြစ်ပေါ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးမှ ရှိတဲ့ စက်ရုံ၊ အလုပ်ရုံ တချို့အပါအဝင် အလုပ် သမားများရဲ့ လုပ်ငန်းခွင်ဆိုင်ရာ ဆန္ဒဖော်ထုတ်မှုများနဲ့ ပတ်သက်၍ ဖြစ်ပွားရသော လက်ငင်း အကြောင်းအရင်းများနှင့် အကြောင်းအရင်းခံများကို လေ့လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မထိ ခိုက်စေဘဲ အဖြေရှာနိုင်ရန်အတွက် အများကြည်ညို လေးစားပြီး ယုံကြည်လောက်သော ပုဂ္ဂိုလ်များ ဆိုတဲ့ အများကြည်ညိုလေးစားပြီးဆိုတဲ့ စကားလုံးကတော့ တိုင်းတာရတာခက်ခဲပါတယ်။ ကျွန်တော် အဲဒီ စကားလုံးကြီးကို ရှောင်ပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်ရန် ယုံကြည်လောက်တဲ့ပုဂ္ဂိုလ်များ ဆိုတဲ့ တော်လောက်ပြီးလို့ထင်ပါတယ်။ အဲဒီတော့ အလုပ်သမားဆန္ဒဖော်ထုတ်မှုများနှင့် ပတ်သက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပေးဖို့ အဆိုတင်သွင်းထားတာကို ကျွန်တော့်အနေနဲ့ လေးလေးနက်နက် ထောက်ခံပါကြောင်းတင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

Standard (Image)