ဦးအောင်သိန်းလင်း (တောင်ဥက္ကလာပမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ တောင်ဥက္ကလာပမဲဆန္ဒနယ် ဦးအောင်သိန်းလင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ မကြာခင်ကဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံ အချို့အပါအဝင် အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ ဆန္ဒဖော်ထုတ်မှုများနှင့် ပတ်သက်၍ ဖြစ်ပွား ရသော လက်ငင်းအကြောင်းအရာနှင့် အရင်းခံ အကြောင်းအရင်းများကို လေ့လာပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကို မထိခိုက်စေဘဲ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းတဲ့ အဆိုနှင့်ပတ်သက်ပြီးတော့မှ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန် တိုင်းဒေသအတွင်းမှာ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများရဲ့ လုပ်ငန်းခွင်ဆိုင်ရာ ဆန္ဒဖော်ထုတ် တောင်းဆိုမှုများကို လေ့လာကြည့်တဲ့အခါမှာ မေလကနေ ဇွန်လအထိ စက်ရုံပေါင်း ၉၀ မှာ ဖြစ်ပွား ခဲကြောင်းတွေ့ရှိရပါတယ်။ ဒီဆန္ဒ ဖော်ထုတ်မှုများကို အစိုးရဝန်ကြီးဌာနများနှင့် အလုပ်သမားရေးရာ ကိစ္စရပ်များမှ ပါဝင်ဆောင်ရွက် နေသူများ အလုပ်သမား အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်အဖွဲ့အစည်း များ၊ လူမှုအဖွဲ့အစည်းများက ပါဝင်ကူညီဖြေရှင်းပေးတဲ့အတွက် နောက်ဆုံးမှာ အာလုံးပြေလည်မှု ရရှိပြီး သဘောတူညီချက် စာချုပ်များချုပ်ဆိုနိုင်ခဲ့ ကြောင်းတွေ့ရှိရပါတယ်။ ကျွန်တော့်အနေနဲ့ အခု ထောက်ခံ ဆွေးနွေးတဲ့နေရာမှာ ကိန်းဂဏန်းများပါတဲ့အတွက် ဖတ်ကြား တင်သွင်းခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။ ကျွန်တော့် အနေနဲ့လည်း ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု လေ့လာစိစစ် ရေးကော်မတီအနေနဲ့ အလုပ်သမားတွေ တောင်းဆိုမှုဖြစ်တဲ့ စက်ရုံတွေကို ကျွန်တော်ကိုယ်တိုင် ရောက်ရှိခဲ့ပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်ရင် လက်ရှိ စက်ရုံ၊ အလုပ်ရုံများမှာရှိကြတဲ့ အလုပ်သမားများရဲ့ ဒုက္ခလစာပေးမှုများဟာ တစ်နေ့ရရှိတဲ့ နေ့စားကြေးနှင့် နာရီကြေးတို့ဟာ နည်းပါးပြီး အလုပ်ရှင်က မိမိရဲ့ ထုတ်လုပ်မှုတိုးတက် စေရန်နှင့် အလုပ်သမားများကို အလုပ်ရက်မပျက်ရန် တာဝန်ထမ်းဆောင်နိုင်ဖို့ ရည်ရွယ်ပြီး နေ့စားကြေး၊ နာရီကြေးတို့အပြင် ခေါင်းစဉ် အမျိုးမျိုးခွဲပြီး လုပ်ခလစာ တွက်ချက်ပေးတဲ့စနစ်ကို ကျင့်သုံးနေတာတွေ့ရပါတယ်။ အလုပ်ရှင်မန်နေဂျာ အောက်ခြေစီမံခန့်ခွဲ ကြီးကြပ်သူများနှင့် အလုပ် သမားရဲ့အကြား ထိတွေ့ဆက်ဆံရေး အခြေအနေ အားနည်းမှု၊ လုပ်သားများရဲ့ လုပ်ခလစာနှုန်းထား ကို ဒေသတူ၊ လုပ်ငန်းတူ စက်ရုံများအနေဖြင့် တပြေးညီ သတ်မှတ်မထားနိုင်တဲ့ အားနည်းမှု နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များက စက်ရုံရဲ့ စီမံခန့်ခွဲရေးအပိုင်းမှာ ဝင်ရောက်စွက်ဖက်တဲ့ အားနည်းမှု ၎င်းနိုင်ငံခြားသားတို့ရဲ့ မြန်မာ့ယဉ်ကျေးမှုကို နားလည်မှုမရှိကြတဲ့ အားနည်းမှုစတာတွေကြောင့် တောင်းဆိုမှုများ ဖြစ်ပေါ်လာရခြင်းဖြစ်တယ်လို့ သုံးသပ်ရရှိပါတယ်။ ယနေ့ အချိန်အနေမှာ အထည်ချုပ်စက်ရုံအချို့ရှိ အလုပ်သမားတစ်ဦး ရရှိတဲ့ လုပ်ခလစာတွေကို လေ့လာကြည့်မယ်ဆိုရင် လုပ်ခရဲ့ လစာဟာ အချိန်ပိုကြေးမပါ။ အနည်းဆုံး ၃၀၀၀၀ ကျပ်နှင့် အများဆုံး ၇၀၀၀၀ ကျပ် ရရှိတာကိုတွေ့ရပါတယ်။ ဖိနပ်ချုပ်စက်ရုံများက အနိမ့်ဆုံးအလုပ်သမားများရဲ့လစာဟာ အချိန်ပိုကြေး မပါ အနည်းဆုံး ၄၅၀၀၀ ကျပ် နှင့် အများဆုံး ၆၀၀၀၀ ကျပ် ရရှိတာကိုတွေ့ရပါတယ်။ လှိုင်သာယာ မြို့နယ်က High Art ဆံပင်တုစက်ရုံကို လေ့လာကြည့်မယ်ဆိုရင် အနိမ့်ဆုံး အလုပ်သမားတစ်ဦးဟာ ယခင်က အခြေခံလစာ ၈၇၀၀၊ ဆုကြေး ၆၀၀၀၊ ကျွမ်းကျင်ကြေး ၅၂၀၀၊ ခရီးစရိတ် ၇၅၀၀၊ ရက်မှန်ကြေး ၅၀၀၀ စုစုပေါင်း အချိန်ပိုကြေးနှင့် ခေါင်းထိုးကြေးမပါ ၃၂၄၀၀ ရရှိခဲ့တာတွေ့ရှိရပြီး အမြင့်ဆုံး အလုပ်သမားတစ်ဦးဟာ အချိန်ပိုကြေးနှင့် ခေါင်းထိုးကြေးမပါ ၅၄၃၀၀ ရရှိတာကို တွေ့ရပါတယ်။ စက်ရုံအနေနဲ့ အလုပ်သမား ၁၁၀၀ ဦးခန့်ကို အဆောင်ပေးထားတဲ့အပြင် အဆောင်နေသူများကို ထမင်းတစ်နပ်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် တစ်နေ့ သုံးကြိမ်ကြွေးတာကိုလည်း တွေ့ရပါတယ်။ ညှိနှိုင်း ဖြေရှင်းပေးသူများက အခြေခံလစာ ၈၇၀၀ အပေါ်မှာ အလုပ်သမားအားလုံး တပြေးညီ ၂၉၇၀၀ အထိ တိုးမြှင့်ရရှိအောင် ညှိနှိုင်းပေးခဲ့တဲ့ အတွက် အနိမ့်ဆုံး အလုပ်သမားတစ်ဦးဟာ အချိန်ပိုကြေးနှင့် ခေါင်းထိုးကြေးမပါ ၅၃၄၀၀ နဲ့ အမြင့်ဆုံး အလုပ်သမားတစ်ဦးဟာ အချိန်ပိုကြေးနှင့် ခေါင်းထိုးကြေး မပါ ၇၅၃၀၀ ရရှိနေတာကို သိရှိရပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်က လင်းထက်သိုးမွှေးထိုးစက်ရုံဟာ ကျား ၂၈ ဦး၊ မ ၂၆၇ ဦး ပေါင်း ၂၉၅ ဦးဖြင့် လုပ်ကိုင်နေရာမှ အော်ဒါမရရှိတဲ့အတွက် ၈-၇-၂၀၁၁ ရက်နေ့မှာ ပိတ်သိမ်းခဲ့တဲ့ စက်ရုံ ဖြစ်ပါတယ်။ စက်ရုံပိတ်ပြီးနောက် ၂၈-၇-၂၀၁၁ ရက်နေ့မှာ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်ပြီး အလုပ်သမားများ ရသင့် ရထိုက်တဲ့ အလုပ်ပိတ်နစ်နာကြေးကို အလုပ်ရှင်နှင့် အလုပ်သမား အကြေအလည် ညှိနှိုင်းစေပြီး နှစ်ဖက်သဘောတူဆုံးဖြတ်မှုနှင့် အခြေခံလစာအပေါ် တွက်ချက်ကာ ညှိနှိုင်းဖြေရှင်း ပေးခဲ့ပြီးဖြစ်ပါတယ်။ အလုပ်ရပ်ဆိုင်းခံရတဲ့ အလုပ်သမားများကို အခြားသင့်လျော်တဲ့ အလုပ်အကိုင်အသစ်ရရှိ ရေးအတွက်လည်း အလုပ်သမား ဝန်ကြီးဌာနက အလုပ်ရှင်အချို့ကို ခေါ်ယူပြီး ညှိနှိုင်းဆောင်ရွက် ခဲ့ပါတယ်။ စက်ရုံဝင်း အဝင်ဝတန်းလျားမှာ ယောက်ျားလေးအဆောင် တည်ရှိပြီး စက်ရုံဘေးချင်း ကပ်လျက်ခြံမှာ မိန်းကလေး အဆောင်တို့ကို ထားရှိတာတွေ တွေ့ခဲ့ရပါတယ်။ အလုပ်သမားအဆောင် တွေဟာ အညစ်ကြေး နေရာများအနီးမှာ မဟုတ်ဘဲ သီးခြားထားရှိတာကို တွေ့ရှိခဲ့ရပါတယ်။
အလုပ်သမားဝန်ကြီး ဌာနအနေနဲ့ ဖြစ်ပွားခဲ့တဲ့ တောင်းဆိုမှုတွေကို လုပ်ငန်းခွင်မပျက် အေးချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် လှိုင်သာယာမြို့နယ် စက်မှုဇုန် ကနောင်ခန်းမမှာ အစိုးရ ဌာနများမှ တာဝန်ရှိသူများနှင့်အတူ အလုပ်ရှင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားရေးရာ ပါဝင်လှုပ်ရှားသူများနှင့် လူမှုရေး အဖွဲ့အစည်းများ အားလုံးပါဝင်ပြီး ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးကာ သဘောယာယီညှိနှိုင်းလစာ သတ်မှတ်ကာ ပြေလည်အောင် ဆောင်ရွက် ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ တောင်းဆိုမှုများကြောင့် စက်ရုံပိတ်ရတဲ့ အဖြစ်မျိုး၊ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ရတဲ့အခြေအနေမျိုး မရောက်အောင် အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ကြိုးပမ်း ဖြေရှင်းနိုင်ခဲ့တာကို တွေ့ရပါတယ်။ အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိ ဝန်ထမ်းများအနေနဲ့လည်း အလုပ်သမားရေးရာ သတင်းရလျှင်ရချင်း အချိန်မီသွားရောက်ဖြေရှင်း ဆောင်ရွက် ခဲ့တာကို တွေ့ရပါတယ်။ စက်ရုံ၊ အလုပ်ရုံများမှ တောင်းဆိုမှုများ တပြိုင်တည်းဖြစ်ပွားခဲ့တဲ့ နေ့ရက်တွေမှာ အခြားမြို့နယ်များက တာဝန်ရှိသူ ဝန်ထမ်းများကပူးပေါင်းပြီး အဖွဲ့များခွဲ၍ သွားရောက်ဖြေရှင်း ဆောင်ရွက်တာတွေ့ရပါတယ်။ တချို့စက်ရုံတွေမှာဆိုရင် ညသန်းခေါင်အချိန်ထိ ဖြေရှင်းရပြီး တချို့ စက်ရုံတွေမှာ နောက်တစ်နေ့ မနက် ၅း၃၀ နာရီလောက်အထိ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြပါတယ်။ အဲဒီလို ညှိနှိုင်းဆောင်ရွက် ကြတဲ့နေရာမှာ အလုပ်ရှင်များရဲ့ လိုက်လျောမှုကို ကျေနပ်ပြီး အလုပ်ဝင်ချင် တဲ့ အလုပ်သမားများရဲ့ ကျေနပ်မှုမရှိသေးလို့ ဆက်လက်တောင်းဆိုလိုတဲ့ အလုပ်သမားများက အကြား ခိုက်ရန်ဖြစ်ပွားကြတဲ့ အတွက် ဖြေရှင်းဆောင်ရွက်ရင် ဒဏ်ရာအနာတရဖြစ်ရတဲ့ အလုပ်သမားအရာရှိ တွေလည်း ရှိခဲ့ပါတယ်။ ယခုနှစ်မေလအတွင်းမှာ ဇနီးနေထိုင် မကောင်းဖြစ်နေတာကို တောင်မှ ဂရုမစိုက်နိုင်ဘဲ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို စေတနာထားပြီး ဖြေရှင်းဆောင်ရွက် နေတဲ့ အချိန်မှာ အချိန်မီ ဆေးရုံ မပို့နိုင်တဲ့အတွက် ဇနီးဆုံးပါးသွားလို့ ကလေးနှစ်ယောက်နှင့် ကျန်ရစ်ခဲ့တဲ့ အလုပ်သမား အရာရှိလည်း ရှိတာတွေ့ရပါတယ်။ ဒါကြောင့် ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို ပြေလည် စေရေးအတွက် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ ဆောင်ရွက်ခဲ့ကြတဲ့ အစိုးရဌာန အသီးသီးက ဝန်ထမ်းတွေနဲ့ တက်ကြွစွာပူးပေါင်း ပါဝင်ကူညီဆောင်ရွက် ပေးခဲ့ကြတဲ့ အလုပ်သမားရေးရာ ပါဝင်လှုပ်ရှားသူများနှင့် လူမှုအဖွဲ့အစည်းများကို အသိအမှတ် ပြုသင့်ပါကြောင်း တင်ပြအပ်ပါတယ်။ အလုပ်သမားဝန်ကြီးဌာန အပါအဝင်ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများကလည်း အလုပ်သမားများ၏ တောင်းဆိုမှုဖြစ်စဉ်များ မှာ ပြေလည်မှုရနိုင်ရေးအတွက် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက် ခဲ့ကြတာကို တွေ့မြင်ရပါတယ်။ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမား အဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ရှင်နှင့် အလုပ်သမား အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုခဲ့ရာ အလုပ်သမားအဖွဲ့ ၁၂၈ ဖွဲ့နှင့် အလုပ်သမားအဖွဲ့ချုပ် ၁ ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း ၁၁ ဖွဲ့၊ အလုပ်ရှင်အဖွဲ့ချုပ် ၁ ဖွဲ့တို့ကို အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးကြောင်းသိရပါတယ်။ ဒီအရေအတွက်ဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ စက်ရုံအလုပ်ရုံ ဌာနများရဲ့ အရေအတွက်နှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လွန်စွာ နည်းပါးနေသေး တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတော်က ထုတ်ပြန်ထားပြီးတဲ့ အလုပ်သမားဥပဒေများရဲ့ သက်တမ်းဟာ နုနယ်နေသေးလို့ အလုပ်ရှင်များနှင့် အလုပ်သမားများဟာ ဥပဒေပါအကြောင်းအရာ တွေကို နားလည် သဘောပေါက်မှု အားနည်းနေသေးတာကို တွေ့နေရပါတယ်။ ဘယ်အရာမဆို အချိန်ပေးဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် လက်ရှိပြဋ္ဌာန်း ထားရှိတဲ့ အလုပ်သမားဥပဒေများကို အလုပ်ရှင်နှင့် အလုပ်သမားတို့ နားလည် သဘောပေါက်စေရန် အချိန်ပေးရမှာ ဖြစ်ပါတယ်။ ဥပဒေလုပ်ထုံး လုပ်နည်းများအပေါ် လိုက်နာရန် အားနည်းချက်များ ပပျောက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက အသိပညာပေး ဆွေးနွေးပွဲများ၊ သင်တန်းများကို ဌာနအစီအစဉ်နဲ့ရော၊ နိုင်ငံတကာ ကျွမ်းကျင်သူများရဲ့ အကူအညီနဲ့ပါ ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် ဒီဆောင်ရွက်မှုတွေ အရှိန်အဟုန်ရရှိစေဖို့ ဝိုင်းဝန်းကူညီကြဖို့ လိုအပ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေဖြင့် အကြံပြုတင်ပြရလျှင် အလုပ်သမားရေးရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ လိုအပ်ချက်များ တွေ့လာရင်လည်း အပြုသဘောဆောင်ပြီး တိုင်းပြည်အပေါ်မှာ ထားရှိတဲ့ စေတနာအရင်းခံနဲ့ အကြံပြုခြင်း၊ ဝေဖန်ခြင်း၊ ထောက်ပြခြင်းများကို ရိုးသားစွာ ပြုလုပ်ကြရ မှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ အလုပ်သမား ဥပဒေအသစ်များကို အကောင်အထည် ဖော် ဆောင်ရွက်နေချိန်ဖြစ်၍ ဥပဒေကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ရေးနှင့် သက်ဆိုင်သူ များအားလုံးမှ ဥပဒေနှင့် ဥပဒေအရ လုပ်ငန်းစဉ်များကို အပြည့်အဝနားလည်ပြီး လိုက်နာကျင့်သုံးနိုင် ရေးအတွက် လုပ်ငန်းတာဝန်များ ကျန်ရှိနေသေးတဲ့အတွက် အလုပ်သမား ဆန္ဒဖော်ထုတ်မှုများနဲ့ ပတ်သက်သော စုံစမ်းရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် မလိုအပ်ပါကြောင်း ဆွေးနွေးတင်ပြအပ်ပါ တယ်။
