ဦးမောင်တိုး(မင်းလှမဲဆန္ဒနယ်)။ ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အစည်းအဝေးသို့ တက်ရောက်လာကြသော ပုဂ္ဂိုလ်များ အားလုံးကို လေးစားစွာ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုး ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအား ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဇူလိုင်လ ၂၆ ရက်နေ့မှာ စတင်ပြီးတော့ တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ တင်သွင်းပြီးတဲ့ နောက်မှာ ဥပဒေကြမ်း ကော်မတီကနေပြီး တော့ ကျွန်တော်နှင့် စာရင်းစစ်ချုပ်ရုံးက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီးတော့ မေးမြန်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြုလုပ်တဲ့အခါမှာ ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာကို ရေးသားခဲ့ပါတယ်။ အဲဒီမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ကြီးများအားလုံးကို သိသွားအောင်လို့ ဥပဒေကြမ်းကော်မတီရဲ့ Typing Error လေးတွေမှားနေတာ လေးတွေ တစ်ခါတည်း ရှင်းလင်း တင်ပြသွားချင်ပါတယ်။ အဓိကကတော့ စာမျက်နှာ ၃ အပိုဒ် (က) အပိုဒ် ၅ (ဃ) မှာ ပါတဲ့ စာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၁၁(ဌ)ရဲ့ နောက်မှာ (ဍ)ကို ဖြည့်ရာမှာ ကျွန်တော်ရဲ့ ယခင်ဥပဒေကြမ်းမှာ ပြည်ထောင်စု လွှတ်တော်ကဆိုတာကို ရှေ့မှာထားထားပါတယ်။ အဲဒါကို ဥပဒေကြမ်း ကော်မတီကနေပြီးတော့ ဥပဒေစကားအရ ပိုတိကျအောင် နောက်ကိုပိုပါလို့ ပြောတဲ့ အတွက် ရှေ့မှာလက်ရှိ လောလောဆယ်ပါနေတဲ့ ပြည်ထောင်စု လွှတ်တော်က ဆိုတဲ့စကားဟာ နောက် ကို ရောက်သွားမှာ ဖြစ်ပါတယ်။ ရောက်သွားပြီးလို့ရှိရင် စာသားအနည်းငယ် ပြောင်းသွားပါတယ်။ အဲဒီ (ဃ) အပိုဒ်အမှန်ကို ဥပဒေကြမ်းကော်မတီရဲ့ တင်ပြတဲ့ကိစ္စကို ကျွန်တော်လည်း သဘောတူပါတယ်။ အဲဒါလေးကို ဖတ်ပြပါမယ်။ အဲဒီ(ဃ)ဟာ ဘယ်လိုဖြစ်မလဲဆိုရင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရ အဖွဲ့အစည်း များနှင့် နေပြည်တော် ကောင်စီတို့၏ လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မှုတို့ကို စစ်ဆေးရန် ပြည်ထောင်စုလွှတ်တော်က တာဝန် ပေးအပ်လာလျှင် စစ်ဆေး၍ ပြည်ထောင်စုအစီရင်ခံတင်ပြခြင်းဆိုတဲ့ စာပိုဒ်ကို ဖြည့်မှာ ဖြစ်ပါ တယ်။ အစီရင်ခံစာ ဖတ်တဲ့အခါမှာလည်း သူတို့ ပြန်ပြီးတော့ ဥပဒေကြမ်း ကော်မတီက ပြင်ပြီးတော့ ဖတ်မှာဖြစ်ပါတယ်။ နောက်မို့လို့ရှိရင် လွှတ်တော် ကိုယ်စားလှယ်ကြီးများက ဒီဟာကို တစ်မျိုးထင်မှာ စိုးလို့ ရှင်းပြခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို တင်သွင်းရတဲ့ ရည်ရွယ်ချက်တွေ ကလည်းပဲ ယခင်တုန်းကလည်း ရှင်းပြတင်ပြပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေအား ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်သူ့ လွှတ်တော်တွင် စဉ်းစားဆွေးနွေး၍ အတည်ပြုပေးနိုင်ပါရန် အဆိုတင်သွင်းအပ်ပါတယ်ခင်ဗျား။
