ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၏ အဆိုနှင့် ပက်သတ်၍ ရှင်းလင်း ဖြေကြားခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်ရှင့်-

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်း အဆိုတင်သွင်းသည့် “မြန်မာ့ရိုးရာ ယဉ်ကျေးမှုမြှင့်တင် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မရှင် တစ်ရပ်ဖွဲ့စည်း၍ အမျိုးသားယဉ်ကျေးမှုမြှင့်တင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက်ပေးပါရန်” အဆိုနှင့် ပက်သက်၍ ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။

မြန်မာ့ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပပျောက်စေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် တိုးတက်ပြန့်ပွားစေရေး အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ်(၃၀/၂၀၁၁) ဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကို ဥက္ကဋ္ဌ အဖြစ်တာဝန် ပေးအပ်ပြီး အဖွဲ့ဝင် (၁၈)ဦး ပါဝင်သည့် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ပေးခဲ့ပြီ ဖြစ်ပါတယ်။

ယခုအခါ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာများ ပိုမိုတိုးတက်ရှင်သန်ရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ အတွက် ပြဌာန်းထားပြီးဖြစ်သော ကော်မတီ၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု စရိုက် လက္ခဏာများကို စဉ်ဆက်မပြတ် ဖော်ထုတ် ထိန်းသိမ်းဆောင်ရွက်ခြင်းလုပ်ငန်း၏ အဓိကအရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို နိုင်ငံတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စဉ်ဆက်မပြတ် ကျင်းပလာခဲ့ရာ ယခုအခါတွင် (၁ဂ)ကြိမ် မြောက်ပြိုင်ပွဲကြီးအထိ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်၍လည်း အထက်ပါလုပ်ငန်းများ အရှိန်အဟုန်မပျက် ထိမ်းသိမ်းဆောင်ရွက် နိုင်ရေးအတွက် ၂၀၁၂ ခုနှစ်အတွက် ကျင်းပမည့် (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက များကို ယခင်ထက်ပိုမိုကျယ်ပြန့်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါတယ်။ နောင်နှစ်များ တွင်လည်း ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ အလားတူပင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာ ရပ်များ မတိမ်ကောစေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များ၊ အနုပညာအထက်တန်းကျောင်းများတွင် စနစ်တကျ သင်ကြားပေး လျက်ရှိသည့် ယဉ်ကျေးမှုအနုပညာရပ်များ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဆိုအကများကို စိတ်ပါဝင်စား သည့် နိုင်ငံတကာမှ ပညာသင်များကိုလည်း မြန်မာ့ရိုးရာယဉ်ကျေးမှုများ ပြန့်ပွားထွန်းကားရေးအတွက် လက်ခံ သင်ကြားပေးလျက် ရှိပါတယ်။ မြန်မာ့ရိုးရာ ဇာတ်သဘင်နှင့် အဆို၊ အတီး၊ အကများ မတိမ်ကော မပပျောက် စေရန်အတွက် ရန်ကုန်မြို့နှင့် အန္တလေးမြို့များရှိ အမျိုးသားဇာတ်ရုံကြီးများတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အစီအစဉ်ဖြင့် ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်လျက် ရှိပါတယ်။

လူထုလူတန်းစား အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များ အစည်းအရုံး၊ မြန်မာ နိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး တို့ဖြင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ မကြာသေးမီကာလ အတွင် ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင် တင်ဆက်ကပြခဲ့သော သဘင့်ဦးသျှောင် ဂရိတ်ဦးဖိုးစိန်၏ နှစ်(၃၀) ပြည့် ပွဲတွင်လည်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ရွှေတံဆိပ်ဆုရှင် ဝါရင့်အနုပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ နည်းပြများဖြင့် ပံ့ပိုကူညီ၍ အောင်အောင်မြင်မြင် တင်ဆက်က ပြနိုင်ခဲ့ပါတယ်။ ထိုကဲ့သို့ ဖျော်ဖြေတင်ဆက်မှု အသီးသီးကို ရုပ်သံမီဒီယာများမှလည်း အချိန်ပေး၍ နိုင်ငံတဝန်းသို့ ကျယ်ပြန့်စွာ ထုတ်လွှင့်ပြသနိုင်ခဲ့ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးရှင့် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်လည်း မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် ပူးပေါင်း၍ တိုင်းကျိုးပြည်ပြု တေးသီချင်း ရေးစပ်ပြိုင်ပွဲများ ကျင်းပ၍ ထိုက်တန်သော ချီးမြှင့်မှုများ ပြုလုပ်ခဲ့ပါတယ်။ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ တေးသီချင်းအသစ်များလည်း ပြုစုနိုင်ခဲ့ပါတယ်။ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့သော တေးသီချင်းအသစ်များ နှင့် အဆို၊ အက၊ အတီးဆိုင်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးအစီအစဉ်များကိုလည်း စီစဉ်ထုတ်လွှင့် နိုင်ခဲ့ပါတယ်။ ရိုးရာမူမှန်များ မတိမ်ကော မပပျောက်စေရန်အတွက် မဟာဂီတ စာသားစိစစ်ရေးအဖွဲ့များကို ဝါရင့်ပညာရှင်ကြီးများဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါတယ်။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် ပူးပေါင်း၍လည်း မြန်မာ့ရုပ်ရှင်လောက တိုးမြှင့်ရေး၊ ရုပ်ရှင် လောကသားများ အကျိုးရှိရေး ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါတယ်။

ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက် အစဉ်အလာကောင်းများကို ပြည်သူအများ ထိန်းသိမ်းလိုက် ဆောင်ရွက်နိုင်စေရန် အတွက် စဉ်ဆက်မပြတ် နှိုးဆော် ဆောင်ရွက်လျက်ရှိရာ မြန်မာ့ရိုးရား သြင်္ကန်ပွဲတော်နှင့် ပက်သတ်၍လည်း မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့ ထုံးစံများနှင့်အညီ နှစ်သစ် မဟာသြင်္ကန်ကို မင်္ဂလာရှိစွာ ပါဝင်ဆင်နွှဲကြပါရန် အသေးစိတ် တိုက်တွန်းနှိုးဆော်ချက်များကို သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားစသည့် မီဒီယာများမှတဆင့် နှစ်စဉ် ဖော်ပြထုတ်လွှင့် ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ ဆောင်ရွက်ရာတွင် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တိုက်တွန်း နှိုးဆော်ရုံသာမက အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ တာဝန်ရှိသည့် ဌာနများ၊ လူထုလူတန်းစား အသင်းအဖွဲ့များ၊ မိဘဆရာသမားများ စသဖြင့် ပြည်သူအားလုံးက ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားလျှင် ပိုမိုထိရောက် အောင်မြင်မှာ ဖြစ်ပါတယ်။ ယင်းကိစ္စသည် ဝန်ကြီးဌာနတစ်ခု အဖွဲ့တစ်ခုဖြင့်သာ ဆောင်ရွက်၍မရဘဲ ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအမြင်ဖြင့် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်  သွားရမည့် ကိစ္စဖြစ်ပါတယ်။ အလားတူပင် မြန်မာ့ရိုးရာ ထုံးတမ်းအစဉ် အလာ ဆင်ယင်ထုံးဖွဲ့မှုများနှင့် ပတ်သတ်၍လည်း အမျိုးသားဇာတ်ရုံနှင့် အခြားနေရာများစွာတွင် ခေတ် အဆက်ဆက်မှ မြန်မာတို့၏ ရိုးရာအဝတ်အစား ဆင်ယင်ထုံးဖွဲ့မှုများကို မကြာခဏ သရုပ်ပြပြီး စည်းရုံး တင်ဆက်လျက်ရှိပါတယ်။ ထိုသို့ သရုပ်ပြ တင်ဆက်မှုများ အတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ပူးပေါင်း ပါဝင် ဆောင်ရွက်လျှက်ရှိပါတယ်။ ထို့အပြင် မြန်မာအမျိုးသမီးလေးများ မြန်မာမှု ဓလေ့စရိုက်နှင့် အညီ ယဉ်ကျေး သိမ်မွေ့စေရေး၊ ဟီရိ သြတ္တပ္ပတရား ရှိစေရေးအတွက် စာတမ်းများ ပါဝင်ဖတ်ကြား လျက်ရှိပါတယ်။ ဆက်လက်၍လည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို လူငယ်များ မြတ်နိုးတန်ဖိုးထား လာစေရန်၊ ပိုမို ယဉ်ကျေး သိမ်မွေ့လာစေရန် စိတ်ဝင်စားဖွယ် ကောင်းသော၊ ဆွဲဆောင်မှုရှိသော ဖျော်ဖြေတင်ဆက်မှုများ၊ ကဏ္ဍများ၊ ရိုက်ကူး တင်ဆက်မှုများကို တိုးတက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သို့ပါ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး တင်ပြသကဲ့သို့ “ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မြှင့်တင် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်း၍ အမျိုးသားယဉ်ကျေးမှု မြှင့်တင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက်ပေးရန်” အဆိုနှင့် ပက်သတ်၍ ယခုအခါ သတင်းဆက်သွယ်မှုနည်းပညာများ တိုးတက်ဖွံ့ဖြိုး လာသည်နှင့် အညီ နိုင်ငံတကာ ယဉ်ကျေးမှုများ ပျံ့နှံ့ဝင်ရောက်မှုနှုန်း မြန်ဆန်လာသည့် အားလျှော်စွာ အမျိုးသားယဉ်ကျေးမှု မြှင့်တင်ရေးလုပ်ငန်းများကို  ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဖွဲ့စည်းထားရှိပြီး ဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီတွင် လိုအပ်သည့် ပညာရှင်များ၊ ပုဂ္ဂိုလ်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများကို ထပ်မံထည့်သွင်းဖွဲ့စည်းခြင်း၊ ကော်မတီ၏ ရည်ရွယ်ချက်၊ လုပ်ပိုင်ခွင့်၊ လုပ်ငန်းတာဝန်များကို မူလသတ်မှတ်ချက်များအပြင် ထပ်မံဖြည့်စွက်ခြင်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ ကျေးဇူးတင်ရှိပါတယ်။

Standard (Image)