ဦးအောင်ကြိုင် (ညောင်ဦးမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ ဂါရဝပြုအပ် ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြိုင် ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ၁၆-၇-၂၀၁၂ ရက်နေ့က ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး နဝမမြောက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမဲဆန္ဒနယ်က ဒေါက်တာသန်းဝင်း တင်ပြတဲ့ မြန်မာ့ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ အမျိုးသားယဉ်ကျေးမှု မြှင့်တင်ရေး စီမံချက်ချဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက် ၍ ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမှာ အလွန်ကျယ်ပြန့်ပါတယ်။ အချိန်ကို ငဲ့ညှာသောအားဖြင့် မြန်မာ့ယဉ်ကျေးမှု ဝတ်စား ဆင်ယင်မှုနှင့် ပတ်သက်တဲ့ အချက်ကိုပဲ ဆွေးနွေးသွားလိုပါတယ်။ ဟိုရှေးယခင်ပုဂံခေတ်တုန်းကဆိုရင် အမျိုးသမီးများဟာ ကွင်းစွပ်အရှည်၊ ခါးစီး၊ ပုဝါခြုံထည်ကို ဝတ်ဆင်ကြသည့်ကို နံရံဆေးရေး ပန်းချီ အထောက်အထားများ အရ သိရပါတယ်။ ပုဂံမင်းနန်သူရွာအနီး နန္ဒမညာဘုရားတွင် အရွယ်အမျိုးမျိုး အမျိုးသမီး ၁၂ ဦးပုံ ဝတ်စားဆင်ယင် မှုအရ အထောက်အထား သိရပါတယ်။ အင်းဝခေတ်တွင်လည်း ထမီရှည်နှင့်လုံခြုံအောင် ခြုံထည် ပတ်ထားကြသည်ကို စစ်ကိုင်းတိလောကဂုရု ဘုရားမှာတွေ့ရပါတယ်။ ကုန်းဘောင်ခေတ် ကျတော့ ထမီရှည်များဝတ်ကြတယ်။ တိုနေသည်ကို ရှည်အောင် အထက်ဆင့်သည့် သဘောလည်း ဖြစ်အောင်၊ အထက်ပိုင်း သတ်မှတ်တဲ့ သဘောမျိုးလည်းဖြစ်အောင် အထက်ဆင့်တက်၍ ဝတ်ဆင်ကြပါသည်။ အဲဒီနောက်မှာ ရတနာပုံခေတ်ကျတော့ ရှေးပိုင်းသုံးထပ်ဖုံးလုံးကွင်း ထမီကို ဝတ်ဆင်ကြပါတယ်။ အဲဒီနောက်မှာ ပြန့်ထမီကို ပြောင်းလဲဝတ်ဆင်လာကြပါတယ်။ ရင်သားကို လုံခြုံအောင်၊ ကြပ်ထုပ် အောင် ထိန်းသိမ်းဝတ်ကြပါတယ်။ လွန်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီထိ မြန်မာအမျိုးသမီးများ ယဉ်ကျေးသိမ်မွေ့စွာ ခေတ်အဆက်ဆက် လုံလုံခြုံခြုံ ဝတ်စား ဆင်ယင်လာခဲ့ ကြသည်ကို တွေ့ရပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး အပြီးမှာတော့ အနောက်တိုင်း ယဉ်ကျေးမှုတွေ အဖက်ဖက်မှ ထိုးဖောက်ဝင်ရောက် ခဲ့တာတွေ တွေ့ရမည်ဖြစ်ပါတယ်။ မိမိတို့ ရိုးရာဝတ်စုံကိုပစ်ပယ်ပြီး ထူးထူးဆန်းဆန်း ကမ္ဘာနှင့် ရင်ပေါင်တန်း တယ်ရယ်လို့ မိမိတို့နှစ်သက်သလို ပြောင်းလဲ ဝတ်ဆင်လာ ကြပါတယ်။ တစ်စတစ်စ ရိုးရာဝတ်စုံဆိုတာ လူကြီးပိုင်းလောက်သာ ဝတ်ဆင်မြဲ ဝတ်ဆင်ကြသည် ကိုတွေ့ရပါတယ်။ ဒါပေမယ့် လူငယ်များဟာ ခေတ်ရေစီးကြောင်းအရ ဝတ်စားဆင်ယင်မှု ပြောင်းလဲလာ ကြတယ်လို့ ဆိုပါတယ်။ ဆရာမကြီး ဒေါက်တာဒေါ်သန်းငွေ ပြောသွားတာ အင်မတန်ကောင်းပါတယ်။ ရေစီးကြောင်းကို တားမရဘူးဆိုပေမယ့် ရေစီးကြောင်းမှာ ပါလာတဲ့ အမှိုက်သရိုက်ကိုတော့ ဖယ်ထုတ်ပစ်ဖို့ လိုပါတယ်။ ဒါဟာ အင်မတန်ကောင်းတဲ့ ဥပမာပါ။ ယနေ့ဆိုလိုရှိလျှင် မိရိုးဖလာဝတ်ဆင်ကြတယ်။ အမျိုးကြီးတွေက ဘာဖြစ်လာလည်း ဆိုတော့ အမျိုးသမီးငယ်လေး တချို့က အားလုံးကို မဆိုလိုပါဘူး။ တချို့က ဇီးရိုးပင် အထိတောင် ဝတ်လာကြတယ်။ ဇီးရိုးပင် ရောင်းမလောက်အောင် ဖြစ်နေတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ဒေါက်တာသန်းဝင်း ပြောသလို မြန်မာသမီးငယ်များ အချို့ ဟိရီသြတ္တပ္ပ အရှက်တရား၊ အကြောက် တရားရှိဖို့ ထိန်းသိမ်းပေးဖို့ လိုနေပါပြီ။ မြန်မာ့ယဉ်ကျေးမှုနှင့် လုံးဝ မကိုက်ညီသော သရုပ်ပျက်ဝတ်စား ဆင်ယင်မှုအခြေအနေ ရောက်ရှိနေသည်ကို တွေ့ရပါတယ်။ ကျွန်တော် တစ်နေ့က အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီ အနေဖြင့် ရန်ကုန်စီးတီး ဟိုတယ်မှာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး အဖွဲ့နှင့် တွေ့ဆုံ ညှိနှိုင်းပြီးအပြန်မှာ ဘတ်(စ်)ကားကြီးပေါ်ရှိ တီဗွီကြည့်ရတာ ရန်ကုန်မြို့ မှစပြီးတော့ ၁၁၅ မိုင်ထိ သီဆို ကခုန်နေတဲ့ အမျိုးသမီးငယ်များ အားလုံးဟာ ဇီးရိုးပင်နှင့် ဟန်အမျိုးမျိုး ပြနေသည်မှာ မြင်မကောင်း၊ ရှုမကောင်း ဟိရီသြတ္တပ္ပ မရှိဖြစ်နေသည်ကို တွေ့မြင်နေရပါတယ်။ ဒါကြောင့်မို့လို့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ တစ်ပြည်လုံး မကူးဆက် မသွားခင်မှာ ဒေါက်တာ သန်းဝင်း အဆိုအရ မြန်မာ့ရိုးရာယဉ်ကျေးမှုမြှင့်တင်ရေး စီမံချက် ဆောင်ရွက်သင့်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ် ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် မလိုအပ်သေးဘူးလို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ အခြေခံဥပဒေမှာတော့ ပါရှိပြီးဖြစ်ပါတယ်။ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ကော်မတီနှင့် ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ်တော့ မိမိတို့ရဲ့ သားသမီးများ၊ တပည့်များကို ဒီလိုမဝတ်နဲ့ ဒီလိုမဆိုနဲ့ ဆိုဆုံးမရင် ခုန မိဘဘိုးဘွား ဆရာသမားများက နေပြီတော့ ဆိုဆုံးမလျှင် အချိန်မီသေးကြောင်း အပြုသဘောနဲ့ ဆွေးနွေး တင်ပြ အပ်ပါကြောင်း။ အားလုံးကို ကျေးဇူးတင်ပါတယ်။
