ဦးမြင့်ရွှေ (ဝေါမဲဆန္ဒနယ်)မှ ဒေါက်တာသန်းဝင်း၏ အဆိုကိုဆွေးနွေး

ဦးမြင့်ရွှေ(ဝေါမဲဆန္ဒနယ်)။                   ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ ကြပါစေလို့ ဂါရဝပြု နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်က ပဲခူးတိုင်းဒေသကြီး၊ ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးမြင့်ရွှေဖြစ်ပါတယ်။ မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း အဆိုတင်သွင်းသွားတဲ့  မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်း၍ အမျိုးသားယဉ်ကျေးမှုမြှင်တင်ရေးစီမံချက်ချ ဆောင်ရွက်ပါရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။ 

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တာ်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာနိုင်ငံများအနက်  နိုင်ငံပေါင်း ၂၀၀ ကျော်အနက်က နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘာနိုင်ငံအသီးသီးမှာ ဆိုရင်လည်း မိမိတို့ နိုင်ငံအလိုက်၊ နိုင်ငံတွေဟာ ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ နိုင်ငံတွေနည်းတူ တိုင်းရင်းသားတွေ စုစည်းပြီးတော့ ဖွဲ့စည်းထားတဲ့ နိုင်ငံတွေရှိသလို လူဦးရေနည်းပါးပြီးတော့ ကျဉ်းမြောင်းတဲ့ နိုင်ငံ လေးတွေရှိပါတယ်။  ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာတော့ မိမိတို့ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းဆိုတာ နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှု အဆင့်အတန်းဆိုတာ နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး အဆင်‌့တွေလိုပဲ နိုင်ငံရဲ့ဂုဏ်သိက္ခာရှိလေ သူရဲ့ ယဉ်ကျေးမှု အဆင့်အတန်းဟာလည်း မြင့်မား လေဆိုတဲ့ သဘောကတော့ ရှိပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံဟာဆိုရင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးခန့် ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ဖြစ်ပြီးတော့ အားလုံးသော ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ ဗမာ၊ ဝ၊ ပလောင်အစရှိသဖြင့် တိုင်းရင်းသားတွေ အားလုံး စုစည်းထားတဲ့ နိုင်ငံတော်ကြီးကို ကျွန်တော်တို့ သဘောပေါက်တာကတော့ မြန်မာနိုင်ငံတော်လို့ ဆိုပြီးတော့ သဘောပေါက်ထားပါတယ်။ ဒါကြောင့် မို့လို့ မြန်မာဆိုတာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ အမည်တစ်ခုသာဖြစ်ပါတယ်။ နိုင်ငံနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေ အားလုံးဟာဆိုရင် ဒီမှာ မိသားစုစိတ်ဓာတ်နှင့် နေကြတဲ့အခါ ကျတော့ လူဦးရေ အနည်းအများတော့ရှိပါတယ်။ နိုင်ငံတိုင်းမှာလည်း ဒီကစ္စကတော့ ရှိပါတယ်။ အားလုံးကို အခွင့်အရ တန်းတူတည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုတဲ့ အတိုင်းပဲ နိုင်ငံတော် အနေနဲ့ကလည်းပဲ နိုင်ငံသားတွေရဲ့ ကိုယ်ပိုင် အခွင့်အရေးအပါအဝင် ကျန်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၂ အရလည်း ယဉ်ကျေးမှုအပါအဝင် စာပေ၊ အနုပညာတွေလည်း နိုင်ငံတော် ဆောင်ရွက် ပေးရမယ်ဆိုတဲ့ဟာလည်း အတိအလင်းလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ယဉ်ကျေးမှု ဆိုတဲ့ဟာကလည်း ကျွန်တော်တို့ သာမာန်ပြောမယ် ဆိုလို့ရှိရင် ပြောဆိုပြုမူ ဆက်ဆံမှုကစပြီးတော့ သာရေး၊ နာရေး၊ ဘာသာရေးအထိ အကြုံးဝင်ပါတယ်။ စာပေ၊ အနုပညာ၊ ဗိသုကာနှင့် ရိုးရာပွဲတော် များဟာလည်း ယဉ်ကျေးမှုကို ဖော်ပြနေတဲ့ ပြရုပ်များပဲဖြစ်ပါ တယ်။ ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ရမယ်ဆိုရင် ကျွန်တော့်အနေနဲ့ မြင်တာကတော့ အစိတ် အပိုင်း နှစ်ခု မြင်ပါတယ်။ တစ်ခုကတော့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများဖြစ်ပြီးတော့ နောက်တစ်ခုက တော့ ခံစားမှု ဆိုင်ရာပဲဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကတော့ သာသနိကအဆောက်အဦတွေ၊ ကျောင်း ကန်ဘုရားတွေ အစရှိတဲ့ လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ အဆောက်အဦပိုင်းတွေနဲ့ နောက်တစ်ခါ စာပေ၊ ပန်းချီ အစရှိတဲ့ ဒီဟာတွေဟာ ဆိုလို့ရှိရင် ကျွန်တော်တို့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အရာတွေပါ။ နောက်တစ်ခုပိုင်း ကတော့ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ ကျွန်တော်တို့ အနုပညာတွေ ဆို၊ က၊ ရေး၊ တီး ကဲ့သို့ သော အနုပညာများ နဲ့ဆိုင်ပါတယ်။ အဲဒီတော့ ဒီနေရာတွေမှာဆိုလို့ရှိရင် အဆောက်အဦ၊ ပရိဘောဂ တွေ၊ အဆောက်အဦပိုင်းမှာလည်း ဒီသာသနိက အဆောက်အဦးတွေနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်ကိုဖော်ပြနိုင်တဲ့ ရုံးကနားတွေ ဒါတွေလည်းရှိပါတယ်။ အဲဒီတော့ ထိန်းသိမ်းစောင့်ရှောက်မယ် ဆိုတာ ဒီဟာရဲ့ ရှေးဟောင်း အဆောက်အဦတွေ၊ ဒီသာသနိက အဆောက်အုံတွေ အပါအဝင်ပေါ့။ ဒီ အဆောက်အဦတွေရဲ့ ပုံစံတွေဟာ ကြာလေ ဟောင်းလေကောင်းလေ ဆိုတဲ့သဘော။ ကြာလေ ပိုပြီးတော့ တန်ဖိုးရှိလေဆိုတဲ့ သဘောတွေဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံအသီးသီး ဟာလည်းပဲ သူတို့ရဲ့ ယဉ်ကျေး မှုသက်တမ်း ဘယ်လောက်ရှိပြီလဲ ဆိုတာကို ဖော်ပြတဲ့အခါကျရင် ဒီအဆောက်အဦတွေနဲ့ ဒီဟာတွေရဲ့ အခြေအနေကိုပြပြီးတော့ သူတို့က ဂုဏ်ယူကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဆိုရင်လည်း အလားတူပဲ ကျွန်တော်တို့ သာသနိက အဆောက်အအုံဖြစ်တဲ့ ပုဂံဘုရားလို့ အဆောက်အဦများဟာ ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ အမွေအနှစ်တွေကို ဖော်ပြနေပါတယ်။ အလားတူပဲ ရွှေတိဂုံစေတီဆိုလို့ရှိရင် လည်းပဲ ကျွန်တော်တို့ သမိုင်းကြောင်းနှင့်အတူ နှစ်ပေါင်း ၂၀၀၀ ကျော် သမိုင်းအမွေအနှစ်ကို ပြနေတဲ့ ဟာတွေဖြစ်ပါတယ်။ အလားတူပဲ ဒီဟာတွေကို ကျွန်တော်တို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်းပဲ ဒီဗုဒ္ဓဘာသာဟာ ပြည်သူအများစု ကိုးကွယ်တဲ့ ဘာသာဖြစ်တဲ့ အတွက် ဝိသေသနဲ့ပြည့်စုံတဲ့ ဘာသာဆိုတာကို ပြဋ္ဌာန်းထားပြီးသား ဖြစ်တဲ့အတွက် ဒါတွေဟာဆိုလို့ ရှိရင် ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးတယ်လို့ မမြင်ဘဲနဲ့ ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းတွေပဲ ကျွန်တော်တို့က လက်ခံရမှာဖြစ်ပါတယ်။ ဒါတွေကိုလည်း ဆက်လက် ထိမ်းသိမ်းရမှာဖြစ်ပါတယ်။ အလားတူပဲ ကျွန်တော်တို့ နောက်ပိုင်း ကိုလိုနီခေတ်ပိုင်း တည်ဆောက်ခဲ့တဲ့ ရန်ကုန်မြို့က အဆောက် အဦတွေဟာ ဆိုလို့ရှိရင်လည်းပဲ ကျွန်တော်တို့ ဂျာနယ်တွေထဲမှာ၊ သတင်းစာတွေထဲမှာ တွေ့နေရတဲ့ အတိုင်းပဲ ပုဂ္ဂလိကကို လွှဲပြောင်းပေးမယ်။ လွှဲပြောင်းပေးတဲ့အခါကျတော့ ဒီနေရာမှာ ဖြစ်တော့ မဖြစ်သေးပါဘူး။ ဟိုတယ်ကြီး ဆောက်လိုက်မယ်။ ပြခန်းကြီးတွေ ဆောက်မယ်ဆိုတဲ့ သဘောတွေ တွေ့နေရတယ် အခါကျတော့ ကျွန်တော်တို့ စိတ်ထဲမှာ ဒါတွေက စိုးရိမ်မှုတွေဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ရှေးဟောင်း အဆောက်အဦများဟာ အစိုးရကနေပြီးတော့ တာဝန်ယူပြီးတော့ ထိန်းသိမ်း တာနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ စီးပွားရေးသမား လက်ထဲရောက်သွားတဲ့ အခါကျရင် သူတို့ဟာ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်တဲ့အတွက် စီးပွားရေးတွက် ကိန်းသာလျှင် တွက်ကြမှာဖြစ်ပါတယ်။ အဲဒီတော့ အဲဒါ မျိုးတွေ ဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့ ရှေးဟောင်းအမွေအနှစ်၊ အဆောက်အအုံတွေဟာ ဆိုလို့ရှိရင် လက်ညိုးထိုးပြတဲ့အခါမှာ ဂုဏ်ယူစရာကောင်းတဲ့ အဆောက်အအုံတွေဟာ ဆိုလို့ရှိရင် ယိုယွင်းသွားမှာ ကိုစိုးရိမ်ပါတယ်။ အလားတူပဲ ကျွန်တော်တို့ ဒီအနုပညာနှင့်ပတ်သက်ပြီးတော့ ဘုရားနံရံတွေမှာ ကျွန်တော်တို့ ပုဂံဘုရားတွေမှာ ရေးထားခဲ့တဲ့ ဆေးရေးနံရံပန်းချီတွေ၊ နောက်တစ်ခု ကျောက်စာတွေ အစရှိသဖြင့် ဒီလိုဟာမျိုးတွေဟာဆိုလို့ရှိရင်လည်းပဲ အရှည်သဖြင်‌့ ထိန်းသိမ်းရမယ့်ဟာတွေဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးအပိုင်းအနေနဲ့ ကြည့်လိုက်ရင်တော့ တွက်ခြေမကိုက်ပေမယ့် ယဉ်ကျေးမှုပိုင်းနှင့် ကြည့်လိုက်ရင်တော့ ဒါတွေဟာ မြန်မာနိုင်ငံအတွက် အဖိုးတန် ရတနာတွေပါ။ အဲဒါ ကြောင့်မို့ ဒါလေးတွေဟာ စောင်‌့ရှောက်ဖို့ သင့်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာ နှင့်ဆိုင်တဲ့ လူတွေရဲ့ ပြောဆိုပြုမူ နေထိုင်မှုကနေ စပြီးတော့ ဆို၊ က၊ ရေး၊ တီး အစရှိတဲ့ အနုပညာတွေ အထိဟာ ကျွန်တော်တို့ဟာ ယဉ်ကျေးမှုတွေဖြစ်ပါတယ်။ ဒီယဉ်ကျေးမှုတွေဟာ အစဉ်အလာအားဖြင့် ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားလူမျိုး အသီးသီးမှာဆိုရင် ဒီဟာတွေဟာ အကုန်ရှိပါတယ်။ ရှိတဲ့ အခါကျတော့ ဒီပြုမှုပြောဆို နေထိုင်တာတွေဟာ ယဉ်တယ်။ ရိုင်းတယ်ဆိုတာဟာ ဘယ်ကစလဲဆိုရင် ကျွန်တော်တို့လူတွေရဲ့ အပြုမှု၊ အပြောအဆို၊ အနေအထိုင်က စပြီးတော့ ယဉ်ကျေးမှုဆိုတာ ရှိပါတယ်။ အဲဒီတော့ ဒီယဉ်ကျေးမှုဖြစ်လာဖို့ အတွက်ဟာ အခြေခံကတော့ အိမ်မှာဆိုရင်တော့ မိဘကစပြီးတော့ စပါတယ်။ လူလိမ္မာသား ယဉ်ပါး၊ လူမိုက်သား ရမ်းကားဆိုတဲ့ စကားမျိုးတွေ နောက်ကျောင်းတွေ ရောက်သွားတဲ့အခါကျတော့လည်း ဆရာကောင်းသပည့် ပန်းကောင်းပန် ဆိုတဲ့ စကားတွေက အလကားတော့ မဟုတ်ပါဘူး။ လိမ္မာယဉ်ကျေးတဲ့ လူ့လောက အလယ်မှာ အံဝင်ဂွင်ကျအောင် နေတတ်တဲ့ ကလေးတွေ အဖွဲ့အစည်းထဲမှာ အဖွဲ့အစည်းအကျိုး၊ အများအကျိုးကို သယ်ပိုးနိုင်တဲ့ ကလေးတွေ ဒီလိုလေးတွေ ဖြစ်ဖို့အတွက်ကို အိမ်တွေ ကျောင်းတွေ တစ်နည်းအားဖြင့် မိဘတွေ ဆရာတွေက နေပြီးတော့ တာဝန်ယူရသလိုပဲ နိုင်ငံတော် အပိုင်းနေနဲ့ကလည်းပဲ နိုင်ငံတော်မှာ တာဝန်ရှိတဲ့ အကြီးအကဲ တာဝန်ယူရတဲ့ အစိတ်အပိုင်းတွေဟာလည်း နိုင်ငံတော်နဲ့ ပတ်သက်ပြီးတော့၊ နိုင်ငံနဲ့ဆိုင်တဲ့ ယဉ်ကျေးမှုတွေအပိုင်းမှာ တာဝန်ရှိပါလိမ့်မယ်။ အဲတော့ ခုနက‌ပြောတဲ့ ရုပ်ပိုင်းဆိုင်ရာ အပြည့်အစုံ ပစ္စည်းတွေကို ထိန်းသိမ်း မှုတွေကို ဆောင်ရွက်ပေးရမှာဖြစ်သလို စိတ်ပိုင်းဆိုင်ရာနဲ့ ရသပိုင်းဖြစ်တဲ့ ခုနတုန်းက အနုပညာအပါအဝင် ကိစ္စများကို ဆောင်ရွက်တဲ့အခါ ကျရင်လည်းပဲ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်း အနုပညာအဖွဲ့အစည်းတွေ အနုပညာဆိုတာ ဂီတ အစည်းအရုံးတို့လို၊ ရုပ်ရှင်အစည်းအရုံး၊ ဗှီဒီယို အစည်းအရုံး၊ သဘင်အစည်းအရုံး စသည်ဖြင့် ဒါတွေဟာဆိုလို့ရှိရင် အရင်တုန်းက ပါဝင်တဲ့ ပုဂ္ဂိုလ်တွေဟာဆိုလို့ရှိရင် သူတို့ရဲ့ အနုပညာစွမ်းအားတွေဟာဆိုရင် ပြည်သူတွေကို လွှမ်းမိုးပါတယ်။ ရှေးရိုးကိုဖက်တွယ်ပြီးတော့ ရှေးဟောင်းသမားကြီးအနေနဲ့ ဒါတွေကိုပဲ သျှောင်ထုံးကြီးထုံးပြီးတော့ မင်းသားကြီးကသလိုပဲ ဒါကို ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ ခေတ်ကာလ ရေးစီးကြောင်းဆိုတာကတော့ ‌ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရိုးကို အရွက်မဖုံးဖို့ကတော့ ဒါလေးတွေက လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မူလအရင် ဒီဟာဖြစ်တဲ့ ကျွန်တော်တို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေကို ဖော်ထုတ်တဲ့အခါကျတော့ အခု နိုင်ငံတော်ကနေပြီးတော့ ဆို၊က၊ရေး၊တီး တွေ ဆောင်ရွက်ပေးနေပါတယ်။ ဆောင်ရွက်တဲ့အခါကျတော့ အဲဒီဟာတွေက လူတွေကတော့ ခုနလိုပေါ့နော် တကယ့် သမ္မဇဉ်နဲ့ ဆောင်ရွက်နေတဲ့အခါကျတော့ လူစိတ်ဝင်စားမှု နည်းသော်လည်းပဲ ရိုးရာ ယဉ်ကျေးမှုတွေကို ဖော်ထုတ်ပေးနေတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အဲဒီမှာ စကားသင့်တဲ့အတွက် ကျွန်တော် ဥပမာလေး တစ်ခုပေးလိုပါတယ်။ ဘာလည်းဆိုတော့ ဒီ ဆို၊က၊ ရေး၊တီး လိုနေရာမျိုးမှာ အကဲဖြတ်တဲ့အခါကျတော့ တကယ့် သမ္မဇဉ် အနုပညာကိုပိုင်နိုင်တဲ့ အဆို၊ အက၊ အရေး၊ အတီး ပုဂ္ဂိုလ်တွေက အကဲဖြတ်သော်လည်းပဲ ကျွန်တော်တို့ အခုခေတ်ကတော့ တီဗွီတွေထဲမှာ အစီအစဉ်ထဲမှာ ပါဝင်တဲ့အခါကျတော့ ဆို၊ က၊ ရေး၊ တီးလိုပဲ ကလေးငယ်လေးတွေနဲ့ ဖြစ်တဲ့ဟာလေးတွေပေါ့နော် ပြိုင်ပွဲလေးတွေ လုပ်ကြတယ်။ လုပ်ကြတဲ့အခါကျတော့ အဲဒီမှာ ကျွန်တော်မြင်တဲ့ အမြင်လေး တစ်ခုကတော့ ကျဉ်း‌မြောင်တယ်လို့ ပြောရင်လည်းပဲ၊ ကျဉ်း‌မြောင်တယ် ဖြစ်မှာပေါ့။ အဲဒီမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်အကြီးအကဲတွေ အနေနဲ့က ဒီနေရာမှာ ခုနက အစည်းအရုံးအဖွဲ့လို ဟာမျိုးနဲ့ ဖြစ်လိုက်မယ် ဆိုလို့ရှိရင် ဒီရိုးရာ ယဉ်းကျေးမှုလေးတွေ ဖော်ထုတ်တဲ့ အခါကျတော့ ဖြစ်နိုင်ပါတယ်။ ကြီးကြပ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ အသေးစိတ် ဖြစ်ပေမယ့် ဒီလိုကိစ္စမျိုးတွေဟာ ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီးတော့ အမျိုးသား ယဉ်ကျေးမှုမြင့်မား ရေးကိုနိုင်ငံတော်က ဦးဆောင်ပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ပိုမိုပြီးတော့ အောင်မြင်နိုင်တဲ့ အတွက် ဒေါက်တာသန်းဝင်းရဲ့ အဆိုကို လေးလေးနက်နက် ထောက်ခံကြောင်း တင်ပြအပ်ပါ တယ်။ ကျေးဇူး တင်ပါတယ်။

Standard (Image)