ဒေါက်တာသန်းဝင်း၏ ယဉ်းကျေးမှု စောင့်ရှောက်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ ယဉ်ကျေးမှုမြှင့်တင်ရေး စီမံချက်ချ ဆောင်ရွက်ရန်နှင့် စပ်လျဉ်းသည့် အဆိုကို ဦးဝင်းထိန် မိတ္ထီလာမဲဆန္ဒနယ်မှ ဆွေးနွေးခြင်း

ဦးဝင်းထိန်(မိတ္ထီလာမဲဆန္ဒနယ်)။  ။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များကို မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်း ဆက်ပါတယ်။ ကျွန်တော်ကတော့ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ဖြစ်ပါတယ်။ ကျွန်တော်ဆွေးနွေးမယ့် အဆိုကတော့ မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်း တင်ပြထားတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ အမျိုးသား ယဉ်ကျေးမှုမြှင့်တင်ရေး စီမံချက်ချ ဆောင်ရွက်ပါရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်း ကြောင်း အဆိုကို ဖြည့်ဆွက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျား။ ကျွန်တော်တို့ နိုင်ငံဟာ အားလုံးသိတဲ့အတိုင်းပဲ ပြည်ထောင်စုနိုင်ငံ ဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံ ဖြစ်တဲ့အတိုင်းပဲ ပြည်ထောင်စုသားတွေ နေထိုင်ကြပြီးတော့ ဖွဲ့စည်းထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ အဲတော့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုကို တိုးတက်အောင်၊ မြှင့်တက်အောင် ထိန်းသိမ်းဖို့ဆိုလို့ရှိရင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိမ်းသိမ်းစောင့်ရှောက်ရေးဆိုတဲ့ ‌ဝေါဟာရက မပြည်စုံဘူးလို့ ယူဆပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဆိုတာမှာ မြန်မာအပြင် ခုနတုန်းက ဒေါက်တာဒေါ်သန်းငွေ တင်ပြသွားသလို တိုင်းရင်းသား မျိုးစုံရဲ့ ယဉ်ကျေးမှုလည်းအကျုံးဝင်ဖို့လိုပါလိမ့်မယ်။ ဒါမှသာလို့ရှိရင် မြန်မာပြည်မှာရှိတဲ့ မြန်မာ လူမျိုးတွေအပြင် တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေပါ ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့၊ မြှင့်တင်ဖို့ ဖြစ်ရပါမယ်။ ဒီမှာ သတိထားမိတာက နှစ်တိုင်း၊ နှစ်တိုင်းလိုလို မြန်မာနိုင်ငံမှာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေ ပြုလုပ်ခဲ့တာ သတိထားမိပါတယ်။ အဲဒီပြိုင်ပွဲတွေကြောင့်မို့လို့ အများသိတဲ့ အနုပညာ ပညာရှင်လေးတွေ ပေါ်ထွက်လာပါတယ်။ သို့သော်လည်းပဲ တခြားတိုင်းရင်းသားတွေဖြစ်တဲ့ ကရင် ရိုးရာ၊ ရှမ်း၊ မွန်၊ ရခိုင်၊ ကချင်စတဲ့ ဂီတပြိုင်ပွဲတွေ မပါသေးတာလည်း သတိထားမိပါတယ်။ ဒါကြောင့်မို့လို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး အတွက်က ဗမာလူမျိုးတွေအပြင် တိုင်းရင်းသားတွေ အားလုံးနဲ့လည်း ပတ်သတ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအဆိုကို တင်ပြရမယ်ဆိုလို့ရှိရင်တော့ ဒီအဆိုရဲ့ အဓိပ္ပါယ်ဟာ အကန့်အသတ်ရှိနေပါတယ်။ တကယ်လို့ ဆောင်ရွက်ဖြစ်မယ်ဆိုလို့ရှိရင်လည်း တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ကိစ္စတစ်ခု ဖြစ်သင့်တယ်။ သို့သော် ယဉ်ကျေးမှုဆိုတဲ့ ဥစ္စာက နိုင်ငံမှာရော၊ ကမ္ဘာ့ အရပ်ရပ်မှာပါ နယ်ခြားစည်းထား လို့မရပါဘူး။ စာပေ၊ ဂီတ၊ အနုပညာစသည်ဖြင့် အနုပညာတွေဟာ တစ်နိုင်ငံကနေ တစ်နိုင်ငံ ကူးစက်ပြီးတော့မှ ပြန့်ပွားလာတဲ့ အလေ့အထရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီနိုင်ငံတကာကပါလာတဲ့ ရောက်လာတဲ့ ယဉ်ကျေးမှု အလေ့အထတွေကို ကိုယ့်တိုင်းပြည်ရဲ့ယဉ်ကျေးမှု အစဉ်အလာတွေကို ခိုင်မာအောင် လုပ်ပြီးတော့မှ ကိုယ်ခံအားကောင်းအောင်လုပ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ခံအားကောင်းအောင် လုပ်ဖို့ဆိုတာတောင်မှ ကော်မရှင်တစ်ရပ်ဖွဲ့စည်းဖို့ သင့်၊ မသင့်ဆိုတာလည်း စဉ်းစားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုလို့ရှိရင် ယဉ်ကျေးမှုတစ်ခုကို အမိန့်ပေးဖို့က အင်မတန်ခက်ပါတယ်။ အရှေ့ အလယ်ပိုင်းဒေသ အင်မတန်တင်းကြပ်တဲ့ နိုင်ငံတွေမှာ တောင်မှ အခုနောက်ဆုံးပေါ်တဲ့ Hip Hop တို့၊ Rappingတို့ လှုပ်ရှားမှုတွေ ဖြစ်လာတဲ့အခါမှာ အာဏာနဲ့ နှိုပ်ကွက်တာတွေ ကြုံတွေ့ရပါတယ်။ သို့သော်လည်းပဲ မအောင်မြင်ပါဘူး။ ဒါကြောင့်မို့လို့ မြန်မာ့နိုင်ငံယဉ်ကျေးမှု၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးကို ကော်မရှင်တစ်ရပ်ဖွဲ့ပြီးတော့ မြှင့်တင်ဖို့ဆိုတဲ့ကိစ္စက နောက်ပိုင်းမှာ အခက်အခဲအများကြီး ဖြစ်နိုင်စရာရှိပါတယ်လို့ ကျွန်တော်တင်ပြရင်းနိဂုံးချုပ်ပါတယ်။

Standard (Image)